Thursday, August 27, 2009

အာဇာန်-ဆွလာသ်တည်ဆောက်ရန်အတွက် ဖိတ်ခေါ်ခြင်း

အာဇန်-ဆွလာသ်ဝတ်ပြုရန်အတွက် ဖိတ်ခေါ်ခြင်း

အာဇာန်ပေးခြင်းသည် ဟိဂ်ျရသ်ခရီးပြုပြီးနောက် တစ်နှစ်အတွင်း မဖြစ်မနေလုပ် လုပ်ရသည့် အလုပ်အဖြစ်သတ်မှတ်ခဲ့ပါသည်။ အစ္စလာမ်သာသနာတွင် ဆွလာသ်ဝတ်ပြုခြင်းအမူကို ဆောင်ရွက်ရာတွင် အာဇန်ပေးခြင်းဟူသော ဆွလာသ်အတွက် ဖိတ်ခေါ်ခြင်း အလုပ်သည် မဖြစ်မနေလုပ်သင့်သည့် အလုပ်တစ်ခုဖြစ်ပါသည်။ အာဇာန်ပေးရာတွင် သတ်မှတ်ထားသည့် အသုံးအနှုံးကို မဖြစ်မနေ သုံးရမည်ဖြစ်ပြီး ၄င်းသတ်မှတ် ထားသည့်အသုံးအနှုံးတွင် မိမိဖက်မှ အပိုအလို အစားထိုးဖြည့်စွက်ခြင်း အလျှဉ်း မပြုလုပ်ရပါ။
အလ်ကွရ်သူဗီ မိန့်သည်မှာ အာဇာန်တွင် အသုံးပြုသော အသုံးအနှုံးသည် အလွန်နည်းသော်လည်း အဓိပ္ပါယ်ပြည့်ဝလွန်းပါသည်။ သောင်ဟီးဒ် ကို ပေါ်လွင်စေပြီး အလ္လာဟ်အရှင်မြွတ်၏ ကြီးကျယ်မြင့် မြတ်ခြင်း၊ တည်ရှိခြင်း၊ မွန်မြတ်မြင့်မြတ်ခြင်းကို ဖေါ်ပြထားပါသည်။ တဆက်တည်းပင် တမန်တော် မြတ်(ဆွ) အား တမန်တော်ဖြစ်ကြောင်း သက်သေပြုခြင်း သည် အထင်ကရဖြစ်သော လုပ်ငန်းဖြစ်ပြီး၊ ဆွလာသ်ဘက်သို့ လမ်းညွှန်ခြင်းကာ အောင်မြင်မှုအတွက် လမ်းညွှန်နေပါသည်။ ထို့အပြင် အာဇာန်၏ စကားပိုဒ်များကို နှစ်ကြိမ်တိုင်တိုင် ရွတ်ဆိုခြင်းဖြင့် လေးနက်မှုကို ဖေါ်ပြနေပါသည်။

အကျိုးကျေးဇူးများ

၁။ မည်သူမဆို အာဇန်၏ အကျိုးထူးမြတ်မှုနှင့် ပထမလိုင်းတွင် ဆွလာသ်ဖတ်ခြင်း၏ အကျိုးကို သိပါက သူသည် လုပ်စရာမှန်သမျှကို စွန့်ပြီး ဆွလာသ်ဖတ်ရန် အပြေးလာလိမ့်မည်။
၂။ မည်သူမဆို ဇူဟူရ် ဆွလာသ်၏ စောစောဖတ်ခြင်း အကျိုးကို နားလည်ပါက သူသည် ဇူဟူရ်အချိန်ကျသည်နှင့် ဆွလာသ်ဝတ်ပြုရန် အပြေးလာလိမ့်မည်။
၃။ မည်သူမဆို ညအချိန်နှင့် မနက်အချိန် ဆွလာသ်များအား ဂျမာအသ်ဖြင့် ဖတ်ခြင်းအကျိုးကို နားလည်ပါက သူတို့သည် ဗလီသို့ တွားသွားရသည်ဖြစ်စေ သူတို့လာကြလိမ့်မည်။
၎။ အာဇာန်ပေးသူသည် ကိယာမသ်နေ့တွင် လည်ပင်အရှည်ဆုံးဖြစ်ကာ အများတကာ ထူးခြားနေမည်။
၅။ ဆွလာသ်ဖတ်ချိန် ပထမ လိုင်းတွင် ဖတ်နေသူများကို အလ္လာဟ်အရှင်မြတ်နှင့် ကောင်းကင်တမန်များက ဆုတောင်းကောင်းချီးပေးပြီး အာဇာန်ပေးသူကိုမူ အပြစ်များမှ ကင်းလွှတ်ခွင့်ပြုပါသည်။
၆။ အာဇာန်ပေးသူ၏ အသံရောက်သည့်နေရာတိုင်းရှိ ကြားသည့်လူတိုင်းသည် ကိယာမတ်နေ့တွင် ထိုသူသည် အာဇာန်ပေးကြောင်း သက်သေခံကြမည်။
၇။ အာဇာန်ပေးသည့်အတွက် ရောက်လာကာ ဆွလာသ်ဖတ်သူများအားလုံး၏ အကျိုးဆွဝါဗ်နှင့် တူညီသော အကျိုးဆွဝါဗ်ကို အာဇာန်ပေးသူရရှိမည်ဖြစ်သည်။
၈။ လူသုံးဦးရှိပြီး အာဇာန်မပေးဘဲ ဆွလာသ်ဖတ်လျှင် ထိုသူတို့အား ရှိုင်သွာန်သည် အနိုင်ရသွားပြီဖြစ်ပါသည်။
၉။ အီမာမ်သည် ၄င်းနောက်ဆွလာသ်ဖတ်သူများအတွက် တာဝန်ခံဖြစ်ပြီး အာဇာန်ပေးသူသည် တာဝန်ရှိသူ ဖြစ်သည်။
၁၀။ အလ္လာဟ်အရှင်မြတ်သည် သိုးကျောင်းသား မြက်ခင်းတွင် သိုးကျောင်းနေသည်ကို ကြည့်ပြီးသကာလ ၀မ်းသာမူဖြစ်နေသည်။ ဆွလာသ်အချိန်ရောက်သော်အခါ သူသည် အာဇာန်ပေးပြီး ဆွလာသ်ဖတ်လေ သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်မိန့်သည်မှာ ထိုသိုးကျောင်းသားကိုကြည့်ပါ။ ငါ့အားကြောက်ရွံ့ကာ အာဇာန်ပေးပြီး ဆွလာသ်ဖတ်ခြင်းအမူကို ပြုနေလေသည်။ ငါအရှင်မြတ်သည် ၄င်းအား ခွင့်လွှတ်တော်မူ ကာ ဂျန္နသ်ဥယျဉ်သို့ ၀င်ခွင့်ပြုပေမည်။

အာဇာန်ဖြစ်ပေါ်လာပုံ

မဒီနာရွှေမြို့တော်တွင် မွတ်စ်လင်မ်တို့သည် ဆွလာသ်တည်ဆောက်ရာတွင် အချိန်ကို မှန်းဆကာ ဗလီဝတ် ကျောင်းတော်သို့ လာရောက်ကြလေသည်။ ထိုအခါ သူတို့သည် ဆွလာသ်အချိန်ကို အားလုံးသိကာ စုပေါင်း ၀တ်ပြုရန်အတွက် မည်သို့လုပ်သင့်သနည်း ဆိုသည်ကို တိုင်ပင်ကြလေသည်။ အချို့က ခရိယာန်များကဲ့သို့ ဘဲလ်တီးကြရန် ပြောကြသလို အချို့က ဂျူးတို့ကဲ့သို့ ဟောန်းတီးရန် တိုင်ပင်ကြလေသည်။ အုမာရ် (ရ) က မိမိတို့သည် ဆွလာသ်ဝတ်ပြုရန် တစ်ဦးကိုတစ်ဦး ဖိတ်ခေါ်ခြင်းဖြင့် အသိပေးခြင်းသည် ကောင်းသည်ဟု တင်ပြသဖြင့် တမန်တော်မြတ် (ဆွ) လည်း ဘီလာလ် (ရ) ကို အာဇာန်ပေးစေကာ ဖိတ်ခေါ်ခြင်းအမှုကို လုပ်စေပါသည်။

ဆွဟာဘာ အဗ်ဒွလ္လာဟ်ဗင် ဇိုင်ဒ် ဗင် အဗ်ဒ် ရဗ်ဗီဟ် (ရ) မိန့်သည်မှာ တမန်တော်မြတ်(ဆွ) ခရိယာန်များကဲ့သို့ ဆွလာသ်ဝတ်ပြုရန် ဘဲလ်တီးခေါ်ဖို့ အကြံပြုသည့်အခါ တမန်တော်မြတ် (ဆွ) သည် ခရိယာန်များကဲ့သို့ တူညီမည်ကို မနှစ်မြို့ဖြစ်ခဲ့သည်။ ထိုနေ့ညတွင် မိမိသည် အိမ်မက်မြင်မက်လေသည်။ အိမ်မက်တွင် လူတစ်ဦးသည် မိမိထံရောက်လာပြီး လက်တွင်ဘဲလ်ခေါင်းလောင်း တစ်ခုကိုင်းထားသည်ကို တွေ့ရပါသည်။ သို့ဖြင့် မိမိက ထိုသူကို လက်တွင်းရှိ ခေါင်းလောင်းမိမိကိုရောင်းရန် တောင်းဆိုပါသည်။ ထိုသူက အသင်သည် ဤခေါင်းလောင်းကို ဘာလုပ်မည်နည်းဟုမေးရာ မိမိက ထိုခေါင်းလောင်းထိုးကာ လူတို့အား ဆွလာသ်ဝတ်ပြုရန် ဖိတ်ခေါ်မည့်ဟု ပြောပါသည်။ သို့ဖြင့် ထိုသူက အသင်ကို ဒီခေါင်းလောင်း ထက်ကောင်းသည့်အရာ ပေးလျှင် အသင်ယူမည်လားဟုမေးပါသည်။ မိမိကကောင်းပြီဟုပြောရာ ထိုသူက အာဇာမ် ဖိတ်ခေါ်သည့် ဖတ်ရွတ်သည့် စကားပိုဒ်များကို ဖတ်ပြပါသည်။

၁။ အလ္လာဟုအက်ဘရ် (၄ ကြိမ်)
၂။ အရှ်ဟဒု အန်လာအိလာဟ အိလ္လလ္လားဟ် (၂ ကြိမ်)
၃။ အရှ်ဟဒု အန္န မုဟမ္မဒန် ရစူလွလ္လာဟ် (၂ ကြိမ်)
၎။ ဟိုင်ယ်ယာအလက်ဆွလားဟ် (၂ ကြိမ်)
၅။ ဟိုင်ယ်ယာအလိုင် ဖလာဟ် (၂ ကြိမ်)
၆။ အလ္လာဟုအက်ဘရ် (၂ ကြိမ်)
၇။ လာဟိလာဟ အိလ္လလ္လားဟ် (၁ ကြိမ်)


မှတ်ချက်။ အိကာမသ်ပေးရာတွင် နံပါတ် (၅) ဟိုင်ယ်ယာအလိုင် ဖလာဟ် ဖတ်ပြီးနောက် ကဒ်ကားမသိဆ် ဆွလာသ် နှစ်ကြိမ်ဖတ်ရမည်။ ဖဂျာရ် ဆွလာသ်အတွက် အာဇာန်ပေးရာတွင် နံပါတ် (၅) ဟိုင်ယ်ယာအလိုင် ဖလာဟ် ဖတ်ပြီးနောက် အဆ်ဆွလာသု ခိုင်းရွန် မိနန်နောမ် ကို နှစ်ကြိမ်ဖတ်ရမည်။

ထိုအိမ်မက်နှင့် ပတ်သက်ပြီး မိမိသည် တမန်တော်မြတ် (ဆွ) အား တင်ပြသည့်အခါ တမန်တော်မြတ်(ဆွ) သည် အလွန်ဝမ်းမြောက်တော်မူပြီးနောက် အသင်ပြောသည့်အရာများသည် အလွန်မှန်ကန်သည်။ အသင်သည် ဘီလာလ် (ရ) အား အထက်ပါအတိုင်းပြောပြပြီး လူတို့အား ဆွလာသ်အတွက် ဖိတ်ခေါ်စေပါ။ အကြောင်းကတော့ ဘီလာလ် (ရ) အသံသည် အလွန်အောင်သည်။ ဘီလာလ် (ရ) က အထက်ပါအတိုင်း အာဇာန်ပေးလိုက်သည့် အခါ အုမာရ် (ရ) သည် ချက်ခြင်းပင် ထလာကာ တမန်တော်မြတ်(ဆွ) ထံ မိမိလည်းထိုအတိုင်း အိမ်မက်မက်ကြောင်းပြောပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွ)က ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်ခြင်းအကြောင်းတရားများ၊ ချီးမွမ်းခြင်းတို့သည် ထိုအရှင်အတွက်ပင်ဖြစ်ပါသည်ဟု မိန့်ပါသည်။ ဤ ဟဒီးဆ်ကို အဘူဒါဝတ်ကျမ်း၊ သိရ်မီဇီကျမ်း နှင့် အိဗ်နိမာဂျာ ကျမ်းများတွင် တွေ့နိုင်ပါသည်။

အာဇာန်ပေးသူ၏ လိုအပ်ချက်များ

၁။ အာဇာန်ပေးခြင်းသည် အလ္လာဟ်အတွက်သာဖြစ်ပြီး လုပ်ခ လခ ယူခြင်းမပြုရ။
၂။ အာဇာန်ပေးသူသည် ဟဒဆ်အက်ဘရ် နှင့် ဟဒဆ်အစ်ွဂရ်တို့မှ ကင်းရှင်းရမည်။
၃။ အာဇာန်ပေးသည့်အခါ မတ်တပ်ရပ်ပြီး ကိဗ်လဟ် ဘက်မျက်နှာမူရမည်။
၎။ ဟိုင်ယာအလက်စ် ဆွလာဟ် ဖတ်လျှင် ညာဖက်မျက်နှာလှည့်ပြီး ဟိုင်ယာအလက်စ် ဖလဟ်
ဖတ်လျှင် မျက်နှာကို ဘယ်ဘက်လှည့်ရမည်။
၅။ အာဇာန်ပေးသည့်အချိန်တွင် မိမိ၏ လက်ညိုးများကို နားများအတွင်းသို့ ထည့်သွင်းထားရမည်။
၆။ အာဇန်ပေးသည့်အခါ တစ်ဦးတည်းသဲကန္တာရတွင်ဖြစ်စေ အသံကိုဟစ်အော်ခြင်းပြုရမည်။
၇။ အာဇန်ပေးချိန်တွင် စကားပိုဒ်များ တစ်ခုနှင့်တစ်ခုအကြား ခေတ္တ ဆိုင်းငံသင့်ပြီး အိကာမသ် ပေးချိန်တွင် ထိုသို့ ဆိုင်းငံစရာမလိုအပ်ပေ။
၈။ အာဇာန်ပေးနေသည့်အချိန်တွင် မည်သူနှင့်မျှ စကားပြောဆိုခြင်း မပြုထိုက်ပါ။

အာဇာန်နှင့် အိကာမသ်

၁။ အာဇာန်သည် မည်သည့်ဆွလာသ်အချိန်မဆို ကျရောက်သည်နှင့် ပေးရမည်။
၂။ အာဇာန်နှင့် အိကာမသ်ပေးရာတွင် ကြားအချိန်အနည်းအငယ်ကို ဆွလာသ် ၀တ်ပြုသူများ
အဆင့်သင့်ပြင်ဆင်ရန် အချိန်အနည်းငယ် ပေးသင့်သည်။
၃။ အာဇာန်ပေးသူသည်သာ အိကာမသ်ပေးသင့်သည်။
၎။ အာဇန်ပေးချိန်တွင် ဗလီသို့ ရောက်နှင့်ပြီးသူသည် ဆွလာသ် မဖတ်ဘဲ ဗလီမှ ပြန်ခြင်းမပြုရပါ။
၅။ ဆွလာသ်အချိန်ကုန်မှ နိုးလာသူ သို့ ခရီးမှ ဆိုက်ရောက်သူသည် အာဇာန်နှင့် အိကာမဟ် အသစ် ပေးပြီးမှ ဆွလာသ် ဖတ်သင့်သည်။
၆။ အမျိုးသမီးများအတွက် အာဇာန်နှင့် အိကာမသ် တာဝန်မရှိပါ။
၇။ ဆွလာသ် ဂျမာအသ်ဖြင့် ၀တ်ပြုပြီးမှ ရောက်လာသူသည် အာဇာန်ပေးစရာမလိုသော်လည်း အိကာမသ် ကိုမူ ပေးပြီးမှ ဆွလာသ် ၀တ်ပြုသင့်သည်။
၈။ အာဇာန် နှင့် အိကာမဟ် အချိန်အကြား စကားပြောခြင်း ပြုပိုင်သည်။
၉။ အာဇာန်ပေးနေကြသူ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူတစ်ဦးသည် အာဇာန်ပေးခြင်းမပြုထိုက်ပါ။ အကယ်၍ ပြုလိုပါက ပေးနေကြသူ၏ ခွင့်ပြုချက်ကို ရယူရမည်။ သို့သော် ပေးနေကြသူ အချိန်မီ မရောက်နိုင်ဘဲ ဆွလာသ်အချိန် ကုန်လွန်မည်ကို စိုးရိမ်စရာရှိလျှင် အခြားသူတစ်ဦးက အာဇာန် ပေးရမည်။
၁၀။ အာဇာန်ပေးခြင်း အမှုကိစ္စတွင် အာဇာန်၏မူလ စကားပိုဒ်များအတွင်း စကားလုံး အပို အလို ထည့်သွင်းခြင်း ဖြည့်စွက်ခြင်း လုံးဝမလုပ်ရပါ။ မည်သူမျှလည်း လုပ်ပိုင်ခွင့်မရှိပါ။
၁၁။ အာဇာန်ပေးသည်ကို ကြားသူတိုင်းတွင် အောက်ပါဒိုအာကို ဖတ်သင့်သည်။ သို့ဖြင့် ကိယာမသ်နေ့တွင် တမန်တော်မြတ်(ဆွ)၏ ရှိဖာအသ် ကို ရရှိခံစားနိုင်မည်။ အာဇာန်ပေးသည်ကို ကြားသူမှန်သမျှတို့သည် အာဇာန်တွင်ပါသည့် စာသားများအတိုင်း လိုက်ဖတ်ရွတ်သင့်သည်။ ဟိုင်ယာအလက်ဆွလာသ်နှင့် ဟိုင်ယ်ယာအလိုင်ဖလာဟ် ကြားလျှင်မူ လာဟောင်လာဝလာကူဝသာ အိလ္လာဟ်ဘိလ္လာဟိလ် အလီးယီလ်အဇီးမ် ကို ဖတ်ရမည်။

အာဇာန်ပေးပြီးသည်ကို ကြားပြီးနောက် ဖတ်ရမည့်ဒိုအာ

အလ္လာဟ်ဟွမ္မ ရဗ်ဗါ ဟာဇိဟိဒ် ဒအ်ဝသစ် သားမ်မ
ဝစ် ဆွလာသိလ် ကာအိမ
ဝအာသိ မုဟမ္မဒနိလ် ၀ဆီလဟ် ၀လ်ဖဇီးလဟ်
ဝဒ် ဒရဂျသရ် ရဖီအဟ်
ဝဘ်အစ်စု မကာမလ် မဟ်မူဒဟ်
အလ္လဇီ ၀အဒ်သဟူ အိန္နက လာသုခ်လိဖွလ် မီအာဒ်။

လိုအပ်ချက်များရှိသည်ဟု ထင်က မှတ်ချက်ပေးနိုင်ပါသည်။

No comments: