Thursday, February 3, 2011

Prophet Ibrahim (A)

နဗီတမန်တောအီဗရာဟီးမ် “ခလီလွလ္လာဟ်” (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်အီဗရာဟီးမ် (အ) ၏ ဖခင်အမည်မှာ အာဇရ်ဟုခေါ်ပါသည်။ တမန်တော်အီဗရာဟီးမ် (အ) သည် တမန်တော်အာဒမ် (အ) ဖန်ဆင်းခြင်းခံရပြီး နှစ်ပေါင်း နှစ်ထောင် (၂၀၀၀) နောက်ပိုင်းတွင် ဖွားမြင်ခဲ့သည်။

ဖွားမြင်ခြင်း
နဗီတမန်တော် အီဗရာဟီးမ် (အ) သည် တမန်တော်အီဆာ (အ) မဖွားမြင်မီ သက္ကရာဇ် နှစ်ထောင့်တစ်ရာခြောက်ဆယ်(၂၁၆၀) ခုနှစ်တွင် ဖရားသ် မြစ်တစ်ဖက်ကမ်း၌ တည်ရှိသော ရှေးဟောင်းကျသည့် “အွတ်ရ်” အမည်ရှိမြို့၌ ဖွားမြင် ခဲ့တော်မူသည်။ ထိုနယ်မြေဒေသကို ရှေးဟောင်း ခေတ်တွင် “ဘာဘိလ်” နိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ လက်ရှိခေတ်တွင်မူ အီရတ်နိုင်ငံဟုခေါ် ဆိုကြသည်။

နမရူးဒ်ဘုရင်နှင့် ၄င်း၏အိပ်မက်
ထိုအချိန်အခါက ဘာလိလ်နိုင်ငံကို နမရူးဒ် မည်သော ဘုရင်ဆိုးကြီးက အုပ်ချုပ် ခဲ့လေသည်။ တမန်တော်အီဗရာဟီးမ် (အ) ၏ဖခင်သည် နမရူးဒ် ဘုရင်၏ နန်းတော်၌ အရာရှိကြီးတစ်ဦးဖြစ်လေသည်။ ဘုရင်ကြီးသည် ညတစ်ည၌ အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။

၎င်းအိပ်မက်၏သဘောကို နက္ခတ်ပညာရှင်များက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။ ဤနှစ်တွင် ဘုရင့်နိုင်ငံ၌ ယောက်ျားလေးတစ်ဦးဖွားမြင်လိမ့်မည်။ ၄င်းကလေးကို အကြောင်းပြု၍ ဘုရင်းကြီး၏ သိက္ခာ တော်များစွာ ကျဆင်းလိမ့်မည်။ သို့ရှိရာ ဘုရင်ကြီးက ဤနှစ်၏ နောက်ဆုံး နေ့ရက်အထိ ဖွားမြင်မည့်သားယောက်ျားလေး များအား သတ်စေဟု အမိန့်တော်ချမှတ် လေသည်။ ထို့ပြင်မည်သည့်ခင်ပွန်းသည်မှ မိမိတို့၏ ဇနီးသည်များနှင့် ချဉ်းကပ်ပေါင်းသင်းခြင်း မပြုရဟု အမိန့်တော်ချမှတ်လေသည်။


ဖခင်အာဇရ်
တမန်တော်အီဗရာဟီးမ် (အ) ၏ ဖခင် အာဇရ်မှာ နမရူးဒ် ဘုရင်၏ ကောင်းကျိုးကို ရှေ့ရှုသော လူယုံတော်ကြီး တစ်ဦးဖြစ်သည်။ သို့ရှိရာ နမရူးဒ် ဘုရင်၏ ကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်သည့်အနေဖြင့် ဤတစ်နှစ် ပတ်လုံး မိမိဇနီးကြင်ယာထံ သွားရောက်ခြင်းပြုမည်မဟုတ် ရည်ရွယ်ခဲ့လေသည်။ သို့သော်လည်း တစ်နေ့သ၌ မိမိအလုပ်ကိစ္စတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ မိမိအိမ်သို့ သွားရောက်ခဲ့ရသည်။ ထိုအခါ မိမိဇနီးကြင်ယာအားမြင်တွေ့ကာ လူ့ဘဝကို မလွန်ဆန့်နိုင်၍ ပေါင်းသင်းမှုပြုလိုက်လေသည်။ ထိုနေ့မှစ၍ တမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ သန္ဓေတည်ခဲ့လေသည်။ ဖခင်အာဇရ်မှာ သားယောက်ျားလေးဖွားမြင်လာပါက ၄င်းအားသတ်ဖြတ်မည်ဟု အခိုင်အမာ ရည်ရွယ် ထားခဲ့လေသည်။ သို့သော်လည်း တမန်တော်အီဗရာဟီးမ် (အ) ဖွားမြင်တော် မူခဲ့သည့် အချိန်၌ ဖခင်ကြီး အာဇရ်သည် ခရီးလွန်နေချိန်ဖြစ်သည်။ ထို့ကြောင့် မိခင်ကြီးမှာ တမန်တော်အီဗရာဟီးမ် (အ) အား အလုံပိတ်ထားသော အခန်းတစ်ခန်း၌ ဝှက်ထားလေသည်။ ဖခင်ကြီး အာဇရ်ခရီးမှပြန်ရောက်လာပြီး ကလေးနှင့်ပတ်သက်၍ မေးမြန်းလေရာ ၄င်းဇနီးမှ ကလေး အသေသာဖွားမြင်ခဲ့သည်ဟု အကြောင်းပြခဲ့လေသည်။

မိခင်၏စောင့်ရှောက်မှု
မိခင်ကြီးမှာ တမန်တော်အီဗရာဟီးမ် (အ) အား လျှို့ ဝှက်စွာ ပြုစုစောင့် ရှောက်ခဲ့လေသည်။ တစတစနှင့် ကြီးပြင်းလာပြီး တမန်တော် အီဗရာဟီးမ် (အ) မှာ အသိစိတ်ဓာတ် ရလာခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အွမ္မဒ်များ
တမန်တော် အီဗရာဟီးမ် (အ) ၏ အွမ္မဒ်များသည် နေ၊ လ နှင့် ကြယ်တာရာများကို ကိုးကွယ်ခဲ့ကြသည်။ ၄င်းအမျိုးသားများသည် ခဝပ်ကိုးကွယ်ရာများအဖြစ် ကိုးကွယ်ထိုက်သော အရှင် ငါးထောင် (၅၀၀၀) ခန့်ကို သတ်မှတ်ထားခဲ့လေသည်။ ၄င်းတို့ အနက် နေနှင့်လတို့မှာ အကြီးဆုံးခဝပ်ကိုးကွယ်ရာများဟု ထင်မှတ်ခဲ့ကြလေသည်။

တမန်တော်အီဗရာဟီးမ် (အ) သည် အသိဏ်ပွင့်လာသောအသိညာဏ်ပွင့်လာသော အရွယ်သို့ရောက်ရှိလေရာ ဖခင်ကြီး အာဇရ်မှာလည်း သားတော်အား ချစ်မြတ်နိုးသဖြင့် မည်သို့မှ ဒုက္ခမပေးရက်ခဲ့ပေ။

တမန်တော်အီဗရာဟီးမ် (အ) ၏မြင့်မြတ်သော အတွေးအခေါ်
တမန်တော် အီဗရာဟီးမ် (အ) သည် အလုံပိတ်ထားသော အခန်းတွင်းမှ အပြင်သို့ ထွက်ခဲ့ရာ စင်္ကြာဝဠာအတွင်းရှိ အရာခပ်းသိမ်းကို တွေ့မြင်တော်မူပြီး ဤအရာခပ်သိမ်းအားဖန်ဆင်းသောအရှင်တစ်းပါး မုချဧကန်ရှိလိမ့်မည်ဟု တွေးခေါ် မှုရရှိခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အွမ္မဒ်အမျိုးသားများသည် နေ၊ လ၊ နက္ခတ်တာရာများကို ကိုးကွယ်ခဲ့ကြသည်။ သို့ရှိရာ ၄င်းတို့သည် အဖန်ဆင်းခံအရာဝတ္ထုများမှ ငါးထောင်ခန့်သော အရာများကို ကိုးကွယ်ခြင်း ခံထိုက်သည်ဟူ၍ သတ်မှတ်ထားခဲ့၏။ ထိုအရာများအနက် နေနှင့် လတို့သည် အကြီးဆုံးသော ကိုးကွယ်ရာများအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် တမန်တော်အီဗရာဟီးမ် (အ) သည် မိမိအွမ္မဒ်အမျိုးသားများ၏ မှားယွင်းသော သာသနာကို စိတ်ပါဝင်စားခြင်း မရှိပေ။

တမန်တော်အီဗရာဟီးမ် (အ) သည် မိုးကောင်းကင်အထက်တွင် လင်းဝင်းတောက်ပသော လကို တွေ့မြင်သည်။ ထို့နောက် လ၏ လင်းဝင်းမှုမှာ မှေးမှိန်သွားခဲ့သည်။ ဤနည်းပင် ကြယ်တာရာများ တောက်ပနေသည်ကို တွေ့မြင်တော်မူသည်။ တဖန်နေမင်းကြီး ထွက်ပေါ်လာသည်။ ထို့နောက် ညအချိန်တွင် နေမင်းကြီးသည အမှောင်ထု၌ ပျောက်ကွယ်သွားသည်။ ထိုအချင်းအရာများအပေါ် စဉ်းစားတွေးတော ကြံစည်ကြည့်သည့် အခါတွင် တမန်တော်အီဗရာဟီးမ် (အ) အဖို့ ရရှိလာသည့် အဖြေမှာကား ဤမြင်တွေ့ နေရသော အရာခပ်သိမ်းတို့တွင် အတက်နှင့် အကျဟူသော ဥပဒေ၏ ချုပ်နှောင်မှုသည ရစ်ပတ်လျှက် ရှိနေသဖြင့် ၄င့်တို့သည် ကိုးကွယ်ထိုက်သော အရာများ မဖြစ်နိုင်ပါ။ ခဝပ်ကိုးကွယ်ထိုက်သော အရှင်ဟူသည် အတက်အကျဟူသော နယ်နမိတ်ဘောင်ခတ်မှု မှ လွတ်ကင်းနေရသည့် အရှင်သာလျှင် ဖြစ်နိုင်ပေသည်။

နမရူးဒ်မင်းဆိုး
တမန်တော်အီဗရာဟီးမ် (အ)၏ ခေတ်တွင် အုပ်ချုပ်ခဲ့သော ဘုရင်မှာ နမရူးဒ် အမည်ရှိသောမင်းဆိုးဖြစ်ခဲ့၏။ ၄င်းသည် ကိုးကွယ်ထိုက်သော အရှင်ကဲ့သို့ မင်းလုပ်အုပ်ချုပ်ခဲ့သည်။ နမရူးဒ်သည် ပြည်သူလူထုအားနှလုံးသွင်းထားသည့် စကားမှာ ၄င်းသည် နိုင်ငံအားအုပ်ချုပ်ရာတွင် ကိုးကွယ်ထိုက်သော အရှင်ကဲ့သို့ အခွင့်အရေးရှိသည်။ နေမင်းကြီးသည် အကြီးဆုံးကိုးကွယ်ရာဖြစ်သကဲ့သို့ ၄င်းနမရူးဒ် အမျိုးအနွယ်သည် နေမင်း၏ သားစဉ်မြေးဆက် ဖြစ်ကြောင်းကို အသိပေးခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အပြင်းထန်ဆုံး စွန့်စားမှုများ
(၁) တမန်တော်အီဗရာဟီးမ် (အ) သည် နမရူးဒ်ဘုရင်နှင့် ၄င်းက သတ်မှတ်ထားသော ခဝပ်ကိုးကွယ်ရာအရာများကို ငြင်းဆိုခဲ့သည့်အပြင် တစ်ပါးတည်သော အရှင်ဖက်သို့ မိမိ အွမ္မဒ်အမျိုးသား/အမျိုးသမီးများအား ဖိတ်ခေါ်ခဲ့လေသည်။ ၄င်းဖိတ်ခေါ် မှုကို အကြောင်းပြု၍ နမရူးဒ် မင်းဆိုးကြီးသည် တမန်တော်အီဗရာဟီးမ် (အ) အား မီးတွင်းသို့ ပစ်ချ၍ ပြစ်ဒဏ်ခတ်လေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗရာဟီးမ် (အ) အား မီးဘေးအန္တရာယ်မှ ကယ်တင်တော်မူလေသည်။ ဤသည် စစ်မှန်သော သာသနာတော်အတွက် တမန်တော် အီဗရာဟီးမ် (အ) က မိမိအသက်ကို အသုံးချခဲ့သော ကြီးမားသည့် စွန့်စားမှု ဖြစ်လေသည်။

(၂) တမန်တော်အီဗရာဟီးမ် (အ) သည် မီးဘေး အန္တရာယ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲပြီး နောက်ပိုင်းတွင်လည်း အွမ္မဒ်အမျိုးသား/အမျိုးသမီးများအား တစ်ပါးတည်းသော အရှင်ဖက်သို့ ဖိတ်ခေါ်မြဲဖိတ်ခေါ်လေသည်။ ထိုအခါ နမရူးဒ်ဘုရင်နှင့် တိုင်းသူပြည်သားများသည် တမန်တော်အီဗရာဟီးမ် (အ) အား တိုင်းပြည်မှ နှင်ထုတ်လိုက်ကြ လေသည်။ ထိုသို့နှင်ထုတ်ရာတွင် တမန်တော်အီဗရာဟီးမ် (အ) နှင့်အတူ ကြင်ယာတော် ဘီဘီဆာရာဟ်သခင်မနှင့် တူတော်တမန်တော်လူးသ် (အ) တို့လည်း လိုက်ပါခဲ့ကြသည်။ ဤသည် တမန်တော်အီဗရာဟီးမ် (အ) ၏ မွေးရပ်ဌာနေစွန့်ခွာမှုသည် စစ်မှန်သော သာသနာတော်အတွက် စွန့်စားမှုကြီးဖြစ်ခဲ့လေသည်။

(၃) တမန်တော်အီဗရာဟီးမ် (အ) တို့အဖွဲ့သည် အခြေအနေမဲ့စွာဖြင့် ဖရားသ်မြစ်ကမ်းတစ်လျှောက် ခရီးနှင်ခဲ့ကြသည်။ ဦးစွာပထမ “ဟာရာန်း” မည်သော အရပ်ဒေသသို့ ရောက်ခဲ့ကြသည်။ ထို့နောက် “ပင်လယ်နီ” ၏ ကမ်းခြေဒေသများကို ကျော်လွှား၍ ဆီးရီးယားနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံနှင့် အီဂျစ်နိုင်ငံများသို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနိုင်ငံချမ်းသာသော ဘဝသို့ရောက်ရှိခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်ဟူသော အသံကို အဖန်ဘဝသို့ ရောက်ရှိခဲ့ပြန်သည်။ ဤသည်ကား ခဝပ်ကိုးကွယ်ထိုက်သော တစ်ပါးတည်းသော အလ္လာဟ် အရှင်မြတ်အတွက် ပစ္စည်းဥစ္စာများကို အသုံးချခဲ့သည် တတိယ စွန့်စားမှုကြီးဖြစ်လေသည်။

(၄) တမန်တော်အီဗရာဟီးမ် (အ) သည်မိမိနေရပ်ဖြစ်သော အီရတ် နိုင်ငံမှ သက်တော်ခုနှစ်ဆယ့်ငါး (၇၅) နှစ်အရွယ်တွင် ထွက်ခွာခဲ့လေသည်။ (၁၀) နှစ်တိုင်တိုင် ခရီးသည်ဘဝဖြင့် နေထိုင်ခဲ့ပြီး သက်တော်ရှစ်ဆယ်ခြောက် (၈၆) နှစ်အရွယ်တွင် သားတော် တမန်တော် အစ္စမာအီးလ် (အ) အားဖွားမြင်ခဲ့သည်။

အစ္စမာအီးလ်၏ အဓိပ္ပါယ်မှာ (စမီအွလ္လာဟ်) (သို့မဟုတ်) အလ္လာဟ်အရှင့်အမိန့်ကို ကြားနာသူဟု ရပါသည်။ ထိုသို့အသက်ကြီးမှ ရရှိခဲ့သော သားတော်အစ္စမာအီးလ် (အ) အား တမန်တော် အီဗရာဟီးမ် (အ) က အလွန်ချစ်မြတ်နိုးခဲ့သည်။ ထိုအခါ အလ္လာဟ် အရှင်မြတ်ထံတော်ပါးမှ ပြင်းထန်သော ဆန်းစစ်မှုကို တမန်တော်အီဗရာဟီးမ် (အ) သည် ခံခဲ့ရပြန်လေသည်။

သားတော်အစ္စမာအီးလ်နှင့် ဇနီးဟာဂျေရာဟ်သခင်မအား လူသူကင်းဝေး၍ အစာရေစာ လုံးဝမရှိသော မက္ကာမြို့တော်သို့ စွန့်လွှတ်ရန် အမိန့်တော်ကျရောက်ခဲ့လေသည်။ သားတော်တမန်တော်အစ္စမာအီးလ် (အ) သက်တော်တစ်ဆယ့်သုံး (၁၃) နှစ် အရွယ်သို့ရောက်သောအခါ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗရာဟီးမ် (အ) အား အပြင်းထန်ဆုံး ဆန်းစစ်မှုတစ်ရပ်ကို ပြုတော်မူခဲ့ပြန်သည်။ ၄င်းမှာ အသင်သည် မိမိ၏ သားတော် အစ္စမာအီးလ်အား ငါအရှင်မြတ်၏ နှစ်သက်မှုရယုရန်အလို့ငှာ ဇဗာဟ်(လည်လှီးခြင်း) ပြုရန် အမိန့်တော်ပင်ဖြစ်သည်။ တမန်တော်အီဗရာဟီးမ် (အ) သည် သားတော်အား ကုရ်ဘာနီပြုလုပ်ရမည့် စွန့်စားမှုတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။

ကာ့အ်ဗာကျောင်းတော်အား ဒုတိယအကြိမ်ပြန်လည်တည်ဆောက်ခြင်း
ကာ့အ်ဗာကျောင်းတော်အား ဦးစွာပထမတမန်တော်အာဒမ် (အ) က အနီရောင်ပတ္တမြားဖြင့် တည်ဆောက်ခဲ့လေသည်။ တမန်တော်နူးဟ် (အ) ၏ ဘဒ်ဒိုအာကြောင့် ကျရောက်ခဲ့သည့် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် အချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ ဗိုင်တွလ္လာကျောင်းတော်အား မိုးကောင်းကင်အထက်သို့ ကောင်းကင်တမန် ဖရေရှ်တာများက သယ်ယူခဲ့ကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ သားတော် အစ္စမာအီးလ် (အ) ၏ အကူအညီဖြင့် ကာ့အ်ဗာကျောင်းတော်အား ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခဲ့လေသည်။

ဝဖားသ်ကွယ်လွန်ခြင်း
တမန်တော်အီဗရာဟီးမ် (အ) သည် ဒွန္နီယာလောကတွင် တစ်ရာ့ခုနှစ်ဆယ့်ငါး (၁၇၅) နှစ် သက်တော် ထင်ရှားနေထိုင်တော်မူခဲ့ပြီး ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူလေသည်။

မှတ်ချက် ။ ။ တမန်တော်အစ္စမာအီးလ် (အ) ၏ သားစဉ်မြေးဆက်မှ ထွန်းကားခဲ့သည့် တစ်ဦးတည်သော တမန်တော်မိုဟမ္မဒ်သခင် (စွ) ၏ သက်တမ်းတစ်လျှောက်၌ တမန်တော်အီဗရာဟီးမ် (အ) ၏ စွန့်စားမှုကြီးလေးရပ်သည် ထင်ထင်ရှားရှားတွေ့ မြင်ရပေမည်။ အစ္စလာမ်သာသနာတော်အတွက် ကျိုးပမ်းခဲ့ကြသော ဆွဟာဗာသာဝကကြီးများ၏ သက်တမ်းလျှောက်၌လည်း ၄င်းစွန့်စားမှုများကို တွေ့ဆွဟာဗာသာဝကကြီးများ၏ သက်တမ်းတစ်လျှောက်၌လည်း ၄င်းစွန့်စားမှုများကို တွေ့ရပေမည်။ သို့ရှိရာ သာသနာတော်အတွက်ကြိုးပမ်းရန် တာဝန်ရှိသော အွမ္မဒ်နောက်လိုက်သား/သူများသည်လည်း ၄င်းစွန့်စားမှုကြီးလေးရပ်သည် အရေးကြီး လှပေသည်။

No comments: