Thursday, May 27, 2010

Education is the best tool for development of our Nations


ပညာရေးသည်သာ မြန်မာမွတ်စ်လင်မ် အမျိုးသားရေး အကျိုးပြုလုပ်ငန်း


မြန်မာနိုင်ငံမှ မြန်မာမွတ်စ်လင်မ်တို့သည် ယနေ့အခါ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံရင်းတွင် အခက် အခဲများ ကြုံတွေ့နေရသည်။ ထိုအခက်အခဲများတွင် ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ သည် ထိပ်ဆုံးတွင်ရှိနေသည်။ ထို့ကြောင့်လည်း များစွာသော မွတ်စ်လင်မ်တို့သည် မြန်မာနိုင်ငံကို စွန့်လွှတ် ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် တရားဝင်နည်းလမ်းဖြင့်လည်းကောင်း၊ တရားမ၀င်နည်းလမ်းများဖြင့်လည်း ကောင်း၊ သွားရောက်ကြရင်း မိမိတို့ကြုံတွေ့နေရသည့် ပြဿများ၏ ပြေလည်ရာနည်းလမ်းများကို ရှာဖွေ နေကြသည်။ အချို့လည်း အဆင်ပြေကြသလို အချို့လည်း အခက်အခဲများစွာဖြင့် ဘ၀ကို ရုန်းကန်နေကြ သည်။ သို့သော် အစဉ်ပြေသူနည်းသည်မှာ အမှန်ပင်ဖြစ်ကာ အများအားဖြင့် အစဉ်မပြေကြဘဲ၊ များစွာ သော ဒုက္ခအပေါင်းကို ခါးစီးခံနေကြရသည်။

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ ရောက်နေကြသည့် မြန်မာ မွတ်စ်လင်မ်များအဖို့ လူမှုရေး စီးပွားရေး ပြဿများ များစွာမရှိသော်လည်း ဘာသာရေး ပြဿများ ဘာသာအယူ စွန့်လွှတ်မှု ပြဿနာများ တိုးတက်ဖြစ်ပေါ်နေသည်ကိုသိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသော နိုင်ငံများတွင် ရောက်နေသည့် မြန်မာမွတ်စ်လင်မ်တို့အဖိုမူ အဆိုပါပြဿနာ သုံးမျိုးလုံးကို ခံစားနေကြရသည်။ အထူးသဖြင့် မလေးရှား နိုင်ငံသို့ရောက်နေကြသည့် မြန်မာမွတ်စ်လင်မ်များသည် မိမိတို့၏ လူမှုဘ၀နှင့် စီးပွားရေးပြဿနာများကို အခက်အခဲများစွာဖြင့် ရင်ဆိုင်ဖြေရှင်းနေရင်း မိမိတို့၏ ဘာသာရေးတာဝန်များကို ကျေပွန်အောင် မဖြည့်ဆည်းနိုင်တော့သည်ကို တွေ့ရသည်။ အထူးသဖြင့် ၄င်းတို့၏ သားသမီးများသည် မိဘများ၏ စီးပွား မပြေလည်မှုများကြောင့် အခြေခံပညာရေး ကင်းဝေးရကာ၊ အလွန်ကြီးမားသော ပျက်စီးခြင်းတွင် ရောက်နေကြလေသည်။ များစွာသော လူငယ်တို့သည် တရားဝင် ခေတ်ပညာရပ်များ မသင်ကြားနိုင်သလို အခြေခံ အစ္စလာမ်ဘာသာရေး ပညာရပ်များလည်း သင်ကြားနိုင်ခြင်းမရှိကြပါ။ သူတို့တွင် လောကီပညာရပ် များလောကုတ္တရာ ပညာရပ်များ မရှိသည့်အခါ မည်သို့မည်ပုံ လုပ်ကိုင်နေထိုင် စားသောက်နေကြသနည်း။

ယနေ့ မြန်မာ မွတ်စ်လင်မ် တို့အတွင်း အများအားဖြင့် ကြုံတွေ့နေရသည့် ပြဿနာများတွင် ကလေး အလုပ်သမားများနှင့် နောက်ဆက်တွဲပြဿနာများ၊ ကလေးဘ၀ ပညာမသင်ကြားနိုင်ခြင်းနှင့် နောက်ဆက် တွဲ စာရိတ္တဆိုင်ရာ ပြဿနာများ၊ အမျိုးသမီးများအလုပ်လုပ်ခြင်းနှင့် တရားမ၀င် လုပ်ငန်းများ၊ လိင်မှုဆိုင်ရာ လုပ်ငန်းများနှင့် ပြဿနာများ၊ လူမှုရေးပြဿနာများ၊ အိမ်ထောင်ရေးပြဿနာများ၊ ဆေး၊ အရက်၊ ဆွဲလန်းခြင်း နှင့် ဆေး ရောင်းဝယ်မှု လုပ်ငန်းများ၊ ရာဇ၀တ်မှု ပြဿနာများ၊ သူတို့၏ ပြဿနာများကို မည်သို့မည်ပုံ ကူညီဖြေရှင်းပေးမည်နည်း။

အများအားဖြင့် လူသားချင်းအကူအညီပေးရေး အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများသည် ဒုက္ခသည်များ၏ လူမှုရေးပြဿနာများကို ဖြေရှင်းပေးခြင်း၊ သာရေး၊ နာရေး လုပ်ငန်းများတွင် ကူအညီ ပေးခြင်း၊ လူမှုပြဿနာ အကြံပေးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ မိဘမဲ့များအား ကူညီစောင့်ရှောက်ခြင်း၊ အကူအညီမဲ့ ဘိုးဘွားများ ကူညီပေးခြင်း၊ စီးပွားရေးပြဿနာများ၊ အလုပ်အကိုင်ရှာဖွေပေးခြင်း၊ ငွေကြေးကူညီထောက်ပံ့ခြင်း၊ ငွေကြေးကူညီခြင်းနှင့် အခြားအကူအညီတို့သည် စင်စစ် တခဏတာအတွက် ကူညီခြင်းသဘောပင်ဖြစ်သည်။ ငွေကုန်လျှင် အဆိုပါပြဿနာများသည် ပြန်လည် ပေါ်ပေါက်လာတတ် သည်ချည်းပင်ဖြစ်သည်။ ထို့ကြောင့် အကျိုးပွားသော၊ သေချာသော၊ အကူအညီပေးခြင်းသည် မြန်မာမွတ်စ်လင်မ်တို့ကို ပညာပေး ခြင်းပင်ဖြစ်သည်။ ပညာတတ်လျှင် လူတို့သည် အမှားအမှန်ကို လည်းကောင်း အကောင်းအဆိုးကိုလည်း ကောင်း ခွဲခြားတတ်သည့် အရည်အချင်း ရရှိလာသည်။

အမှားအမှန်ကို ပိုင်းခြားတတ်သည့် အရည်အချင်းဟူသည် လူတိုင်းအတွက် အလွန်အရေးပါသော ရတနာ တစ်ပါးဖြစ်သည်။ ၄င်းရတနာဖြင့် လူသည် အကောင်းဆုံးသော အခြေအနေကို ဖန်တီးနိုင်သည်။ ဟရာမ် နှင့် ဟလာလ်ကို ခွဲခြားနိုင်သည်။ မတရားမှုနှင့် တရားမှုကို ခွဲခြားနိုင်သည်။ အကောင်းနှင့် အဆိုးကို ခွဲခြား နိုင်သည်။ အနိုင်နှင့် အရှုံးကို သိနိုင်သည်။ ကောင်းသောလမ်းနှင့် မကောင်းသော လမ်းကို ခွဲခြားနိုင်သည်။ သို့ဖြင့် ပညာတတ်သူ ဆင်ခြင်တတ်သူသည် မကောင်းသည့်အခြေအနေမှ ကောင်းသည့် အခြေအနေသို့ ရောက်နိုင်သည်။ ရှုံးနေသည့်နေရာမှ အောင်မြင်သည့် အခြေအနေသို့ ရောက်လာနိုင်သည်။ သို့ဖြစ်၍ လူတစ်ဦးကို သူကောင်းပြုခြင်းသည် သူ့ကို ပညာတတ် တစ်ယောက်ဖြစ်အောင်သာ လုပ်ပေးခြင်းဖြစ်ပါ သည်။ ပညာတတ်သူသာလျှင် အောင်မြင်သူဖြစ်ပါသည်။

ပညာတတ်သူများဖြစ်အောင် မည်သို့လုပ်မည်နည်း။ ပညာဆိုသည်ကို မည်သို့ သုံသပ်မည်နည်း။ ယနေ့ ခေတ်တွင် ဘာသာရေးပညာသည် မွတ်စ်လင်မ်များအဖို့ မရှိမနေ တတ်ထားရမည့် (ဖရ်ဇီအိုင်န်) အခြေခံပညာရပ်ဖြစ်သည်။ ခေတ်နှင့်အညီ နေထိုင်တတ်ရန် ခေတ်ပညာကိုကောင်းစွာ တတ်မြောက်ရန် လိုအပ်သည်။ တနည်းအားဖြင့် မွတ်စ်လင်တိုင်းသည် အစ္စလာမ် မဏ္ဍိုင်ကြီး ငါးပါးကို ကောင်းစွာ နားလည် တတ်မြောက်ထားရမည်။ ဘာသာရေးပညာကို တဖက်ကမ်းခပ်အောင် တတ်မြောက်ခြင်းသည် (ဖရ်ဇီ ကီဖာယာ) လူအနည်းငယ် တတ်မြောက်လျှင် လုံလောက်ပြီဖြစ်သည်။ ဥပမာအားဖြင့် ဆရာဝန်ဖြစ်ခြင်း အင်ဂျင်နီယာဖြစ်ခြင်းသည် လူအချို့အနေဖြင့် တတ်မြောက်လျှင် လုံလောက်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

သို့ဖြင့်လျှင် မွတ်စ်လင်တိုင်းသည် ခေတ်ပညာတတ်များဖြင့်သင့်ပြီး အခြေခံဘာသာရေး ပညာကိုလည်း မဖြစ်မနေတတ်မြောက်ထားရန် လိုအပ်သည်။ ယနေ့ ပညာရှင်၊ ငွေရှင် ကြေးရှင် မွတ်စ်လင်တိုင်းသည် မိမိ တို့၏ ပညာနှင့် ငွေကို အဆိုပါ မွတ်စ်လင်မ်တိုင်း ပညာတတ်မြောက်ရေးကိစ္စတွင် အသုံးပြုသင့်သည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အသင်တို့သည် သုံးမျိုးသော လူသား စာရင်းတွင် ပါဝင်သင့်ပြီး စတုတ္ထ မြောက်စာရင်းတွင် မပါဝင်သင့်ဟု မိန့်ထားပါသည်။ ပထမမှာ ပညာသင်ပေးသူစာရင်း၊ ဒုတိယမှာ ပညာသင်ယူသူစာရင်းနှင့် တတိယမှာ ပညာသင်သူနှင့် ပညာသင်ယူတို့အား ကူညီသူစာရင်းဖြစ်ပြီး စတုတ္ထ စာရင်းမှာ အဆိုပါ သုံးဦးသော စာရင်းတွင် မပါဝင်ဘဲ မသိကျိုးကျွန်နေသူတို့၏ စာရင်းပင်ဖြစ်သည်။

သို့ဖြစ်လျှင် တာဝန်ရှိသူတိုင်းသည် အဆိုပါ ပထမ စာရင်းသုံးမျိုးတွင် တစ်ခုမဟုတ် တစ်ခုသော စာရင်းတွင် ပါဝင်အောင်ကြိုးပမ်းရမည်ဖြစ်သည်။ သို့သော် ပညာရေးလုပ်ငန်များကို မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက် သင့်သနည်း။ ဖေါ်ပြပါ လုပ်ငန်းများကို အကောင်းအထည်ဖေါ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းများ ကို လေ့လာဆွေးနွေးရမည်။

ကလေးငယ်များနှင့် ပညာရေး

လူငယ်များနှင့် ပညာရေး

အထက်တန်းပညာရပ်များသင်ကြားရေး

အထက်တန်းပညာရပ် မသင်ကြားနိုင်သူများအတွက် လုပ်ငန်းပညာရပ်များနှင့် လက်မှုပညာရပ်များ သင်ကြားရေး၊

အလုပ်သမား လူတန်းစားများအတွက် ပညာပေးလုပ်ငန်းများ၊ အခြေခံ အစ္စလာမ် ဘာသာရေး ပညာရပ် များကို သင်ကြာပေးခြင်း၊

အမျိုးသမီးများ ဘာသာရေးပညာပေးသင်တန်း၊

အစ္စလာမ်ဘာသာရေး အခြေခံသင်တန်း၊ အစ္စလာမ် အခြေခံဘာသာရပ်များ၊ သန့်ရှင်းခြင်း၊ အီမာန်၊ အစ္စလာမ်၊ ၀ူဇူပြုလုပ်ခြင်း၊ ရေချိုခြင်း၊ သယမ်မွမ် ပြုလုပ်ခြင်း၊ ဆွလာသ်အကြောင်း။ ရိုဇာစောင့်ထိန်းခြင်း၊ ဇကာသ်အကြောင်း၊ ဟဂ်ျအကြောင်း၊

အစ္စလာမ်သမိုင်းဘာသာရပ်၊ တမန်တော်မြတ် (ဆွ) အထုပ္ပတ္တိအကျဉ်း၊ မိခင်မွန်များ၊ သမ္မတကြီးလေးပါး၊ အီမာမ်ကြီး လေးပါး၊ အစ္စလာမ် သက္ကရာဇ်၊ အစ္စလာမ် သမိုင်းနှင့် အဓိကဖြစ်ရပ်များ၊

မြန်မာမွတ်စ်လင်မ် သမိုင်းဘာသာရပ်၊ မြန်မာနိုင်ငံရာဇ၀င်၊ အစ္စလာမ်သာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိ ခြင်း၊ မြန်မာမွတ်စ်လင်မ်သမိုင်း။

အစ္စလာမ် ယဉ်ကျေးမှု ဘာသာရပ်၊ အစ္စလာမ် လူမှု ဆက်ဆံရေးကဏ္ဍများ၊ စာရိတ္တမြှင့်တင်ရေး ပညာပေး။

အထက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးလုပ်န်းကော်မီတီ တစ်ခုကို ဖွဲ့စည်းရမည်။ ၄င်းလုပ်ငန်းကော်မီတီသည် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်နိုင်မည့် ဂရိုဂျက် တစ်ခုကို ရေးဆွဲရမည်။

လက်ငင်းလုပ်နိုင်ခြေရှိသောလုပ်ငန်းများမှာ

ကလေးငယ်များ ပညာပေးသင်တန်း (ခေတ်ပညာနှင့် ဘာသာရေး)

အရွယ်ရောက်သူများ အစ္စလာမ့် အခြေခံသင်တန်း

အမျိုးသမီးများ အစ္စလာမ့် အခြေခံသင်တန်း

အစ္စလာမ်ဘာသာပြောင်းလာသူများအား အစ္စလာမ့်အခြေခံသင်တန်း၊

လူငယ်များအား လက်မှုနှင့် စက်မှု ပညာရပ်များ သင်ကြားပေးရေး၊

မြန်မာနိုင်ငံမှနေကာ မည်သည့် အခြားနိုင်ငံသို့ ဖြစ်စေရောက်ရှိနေ ကြသည့် မြန်မာမွတ်စ်လင်မ် ညီအကိုများ သည် မိမိတို့ရောက်သည့် နိုင်ငံတွင် မိမိအနီးပတ်ဝန်းကျင်ရှိ စိတ်တူကိုယ်တူ ရှိသူ အခြားညီနောင်များနှင့် အတူရှင်တွဲကာ အဆိုပါ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်စေချင်ပါသည်။ အထူးသဖြင့် အနောက်နိုင်ငံ များသို့ရောက်နေကြသူ ညီအကို မောင်နှမများအနေဖြင့် ပိုမို၍ ကြိုးစားဆောင်ရွက်စေချင်သည်။ ထိုနိုင်ငံများ တွင် အစ္စလာမ်သာသနာမှ စွန့်ခွာ ကြသည့် အမှုများ များစွာရှိတတ်သည်။ အသင်သည် မသိခင်က မည်သို့ ပင် လစ်လျှူရှုကာနေပါစေ အကြောင်းမဟုတ်ပါ။ သို့သော် သိပြီးနောက် အသင့်တွင် တာဝန်တစ်ရပ်ဖြစ်လါ ပါသည်။ တမန်တော်မြတ် (ဆွ) မိန့်ထားပါသည်။ “ အသင်တို့သည် အားလုံးတာဝန်ရှိသူများဖြစ်သည်။ အထူးသဖြင့် မိမိလက်အောက်ရှိ သားသမီးများ၊ တပည့်များ၊ အိမ်နီးနားချင်းများ၊ မိတ်ဆွေများအပေါ် တာဝန်ရှိသည်။” အသင်တစ်ဦးတည်းသား အလ္လာဟ်တာဝန်ကျေပွန်ပြီး သူတိုက မည်သည့်တာဝန်မှ မလုပ်ကြလျှင် အသင့်အနေဖြင့် သူတို့ကို သွားရောက် ဒအ်ဝဟ် လုပ်ရမည် ကူညီရမည်။ သင်ပေးရမည်။ သို့တိုင်အောင် သူတို့အနေဖြင့် မလုပ်လျှင် မတတ်နိုင်ပါ။ အသင်သည်တော့ တတ်အားသရွေ့ ဆက်လက် လုပ်ဆောင်နေရမည်သာဖြစ်ပါသည်။

တစ်ခုသတိထားရမည်မှာ ပညာသင်ပေးခြင်းသည် ဒအ်ဝဟ် လုပ်ငန်း၏ အဓိက ကျသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ပညာဟူသည် အကျိုးဖြစ်ထွန်းစေသည့် အလုပ်ပင်ဖြစ်သည်။ ဒအ်ဝဟ် သည်လည်း အကျိုး ဖြစ်ထွန်းစေသည့် အလုပ်ပင်ဖြစ်သည်။ လောကီ နှင့် လောကုတ္တရာ အကျိုးနှစ်ခုလုံးအတွက်ဖြစ်ပါသည်။

No comments: