Sunday, May 16, 2010

Prophet Soliman (a)


တမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်) တည်ဆောက်ခဲ့သည့်
“ဗိုင်တွလ်မိုကာဒတ်စ်”ကျောင်းတော်


တမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်)

တမန်တော်စိုလေမန်(အ)သည် တမန်တော်ဒါဝူးဒ်(အ)၏ သားတော်ဖြစ်သည်။ တမန်တော်စိုလေမန်(အ)၏ ပုံသဏ္ဌာန်မှာ ဖြူဖွေးသော အရောင်အဆင်းရှိ၍ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည်။ ဝဝဖြိုးဖြိုးနှင့် ချောမောလှပသော နဗီတစ်ပါးလည်းဖြစ်ပါသည်။ အသိရွှေဉာဏ်တော်မှာ အလွန်ထက်မြတ်ပြီး၊ အလ္လာဟ်အရှင်မြတ်အားလွန်စွာမှ ကြောက်ရွံ့ရိုကျိုးသော တမန်တော်လည်း ဖြစ်သည်။
တမန်တော်စိုလေမန်(အ)သည် ငယ်ရွယ်စဉ်ကပင် အသိဉာဏ်ထက်မြက်ခဲ့သည်။

မည်မျှထက်မြက်ခဲ့သည်ဆိုပါမူ ဖခင်တမန်တော်ဒါဝူးဒ်(အ)သည် တိုင်းရေးပြည်ရေး အမှုကိစ္စအဝဝတွင် သားတော်စိုလေမန်(အ) ထံတော်မှ အကြံဉာဏ်ယူ၍ ဆုံးဖြတ် တော်မူလေ့ရှိခဲ့သည်။ ဖခမည်းတော် ကွယ်လွန်အနိစ္စရောက်သောအခါ၊ တမန်တော် စိုလေမန်(အ)သည် သက်တော်(၁၃)နှစ်အရွယ်တွင် နန်းတက်၍ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တော်မူခဲ့လေသည်။


တမန်တော်စိုလေမန်(အ)သည် ရှိရှိသမျှသော သတ္တဝါများ၏ ပြောဆိုစကားများကို နားလည်ကျွမ်းကျင်သည်။ ဆိုးသွမ်းသောဂျင်န်ဘီလူးများ၊ ရှိရှိသမျှသော ဂျင်န်များ၊ သတ္တဝါများနှင့် လေတို့သည်ပင် တမန်တော်စိုလေမန်(အ)၏ အမိန့်ကို နာခံရ လေသည်။ လူသားများအား ဒုက္ခပေးသော ဂျင်န်ဘီးလူးတို့အား ရာသက်ပန် အကျဉ်းသား အဖြစ် ပြစ်ဒဏ်ချမှတ်တော်မူခဲ့သည်။

တမန်တော်ဆိုလိုင်မာန် (အ)သည် တမန်တော်ဒါဝတ်(အ) အငယ်ဆုံးသားတော်ဖြစ်သည်။ ဂျေရုစလင်မ် မြို့တွင် ဖွားမြင်ပါသည်။ တမန်တော်ဆိုလိုင်မာန် (အ)သည် ဥါဏ်ပညာအရာတွင် တူမသူအောင် ကြီးမားစွာ တတ်ကျွမ်းသူ ဖြစ်သဖြင့် ဖခင်ကြီးသည် မိမိ၏ အရိုက်အရာကို ပေးအပ်ခြင်းဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် ၂၇း ၁၅ တွင် မိန့်သည်မှာ “၀၂၇း ၁၅။ ထိုမှတပါး မလွဲဧကန် ငါအရှင်မြတ်သည် “ဒါဝူဒ်” အားလည်းကောင်း၊ “စုလိုင်မာန်” အားလည်း ကောင်း၊ (အထူး) အသိပညတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦး တို့က “ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော “ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာ အပေါင်းတို့ကို ခံယူထိုက်တော်မူသည်”ဟု လျှောက်ထားခဲ့ကြကုန်၏။”

တမန်တော်ဆိုလိုင်မာန် (အ)သည် မည်သည့်ကိစ္စတွင်မဆို ဆုံးဖြတ်ချက်ချရာတွင် အလွန် သမာသမတ်ရှိပါသည်။ တရက်သောအခါ လူနှစ်ဦးသည် အမှုခင်းဖြစ်ပွားသဖြင့် ဆုံးဖြတ်ချက် ရယူရန်အတွက် နန်းတော်သို့ လျှောက်ထားကြ၏။ တစ်ဦးက လယ်ပိုင်ရှင်ဖြစ်ပြီး ပြောသည်မှာ မိမိ၏ လယ်ကွက်အတွင်းမှ ကော်ပဲသီးနှံများကို သိုးကျောင်းသား၏ သိုးများက စားသောက် ဖြစ်သဖြင့် အစားပေး၇န် လျှောက်လေသည်။ သိုးကျောင်းသူကလည်း မိမိထံတွင် ထိုသိုးများမှလွဲ၍ အခြားဘာမျှပေးရန် မရှိပေဟုဆိုလေသည်။ လယ်ပိုင်ရှင်က သီးနှံများ ဆုံးရှုံးသည့် တန်ဖိုးသည် သိုးများ၏ တန်ဖိုးထက်ပင်ပိုမိုသည်ဟုဆို၏။ ထိုအခါ ဒါဝတ် (အ) က သိုးများကို လယ်ပိုင်ရှင်ထံသို့ ပေးအပ်ရန်ဆုံးဖြတ်လိုက်ပါသည်။

ထိုအခါ အနီးတွင်ထိုင်နေသည့် တမန်တော်ဆိုလိုင်မာန် (အ) သည် မိမိဖခင်ထံသို့ အနည်းငယ် သူ၏ထင်မြင်ချက်ကို တင်ပြရန်ခွင့်ပန်ပါသည်။ ဖခင်ကြီးကလည်း တင်ပြရန် ခွင့်ပြုသောအခါ တမန်တော်ဆိုလိုင်မာန် (အ)က အိုဖခင်ကြီး၊ ဖခင်ကြီး၏ ဆုံးဖြတ်ချက်သည် အလွန်ပင်သင့်တော် မှန်ကန်လှပါသည်။ သို့သော် သိုးများ၏ အမွှေးများနှင့်နို့ကို လယ်ပိုင်ရှင်အား အသုံးပြုခွင်ပေး သင့်ပြီး သိုးထိန်းကိုလည်း ၄င်းလယ်တွင် သူရင်းငှားအဖြစ် အလုပ်လုပ်စေသင့်ပါသည်။ တစ်ချိန် ဆုံးရှုံးသွားသော သီးနှံများ၏ တန်ဖိုးပြည့်မီသည့်အချိန်တွင် သိုးများကို သိုးထိန်းထံသို့ ပြန်လည် ပေးအပ်သင့်ပါသည်။
ထိုအဖြေကို ဖခင်ကြီးကြားသည့်အခါ အလွန်ပင်သင့်တော်သော အဖြေအဖြင့်သတ်မှတ်ပြီး ထိုအတိုင်းဆုံးဖြတ်ချက်ချမှတ်စေလိုက်ပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင်လည်း ထိုအကြောင်းကို ဤသို့ဖေါ်ပြထားပါသည်။ “ထိုမှတပါး (အို-နဗီတမန် တော်)ဒါဝူဒ် (၏ အတ္ထုပ္ပတ်္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏ အတ္ထုပ္ပတ်္တိအကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။

တစ်ရံရောအခါဝယ် ထို(သားအဖ) နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန် ၏။ အကြင်အခါဝယ် အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဥ့်အချိန်တွင် ၀င်ရောက် (ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။ (၂၁း ၇၈) “ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု (၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော် နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိ ပညာကို လည်းကောင်း ချီးမြှင့်ပေးသနားတော် မူခဲ့၏။ (၂၁း ၇၉)”


တမန်တော်ဆိုလိုင်မာန် (အ)အား အလ္လာဟ်အရှင်မြတ်သည် များစွာသော နေမသ်များ ထူးဆန်းဖွယ်ပညာများ၊ ဥစ္စာများ၊ ကိုပေးအပ်ခဲ့သည်။ ၄င်းအကြောင်းအရာများနှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်၏ ဖေါ်ပြပါ အာယသ်တော်များသည် လမ်းညွှန်လျှက်ရှိပါသည်။

ဥပမာ။ တမန်တော်ဆိုလိုင်မာန်သည် လေကိုကောင်းစွာ အသုံးပြုနိုင်သလို မိမိ၏ အမိန့်အတိုင်း စေလိုရာ စေနိုင်ပါသည်။“ထိုမှတပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့်နှင့် ငါအရှင်မြတ် ကျက်သရေ မင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသော နယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ် သော်ကား ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (၂၁း ၈၁) နောက်အာသ်တော်တစ်ခုတွင် လာရှိသည်မှာ သို့ဖြစ်၍ ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက် စေတော် မူခဲ့ရာ ထိုလေသည် ထိုစုလိုင်မာန် အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာ တိုက်ခတ်သွား လာနေခဲ့သည်။ (၃၈း ၃၆)။

တဖန် ဆိုလိုင်မာန်သခင်သည် ဂျင်နှင့် ရှိုင်တွာန်များကိုလည်း ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တော်မူပြီး စေလိုရာစေနိုင်သူဖြစ်သည်။ ဂျင်တို့ကို မိမိ၏ စစ်တပ်တွင်ထားရှိပြီး တိုင်ပွဲများတွင် အသုံးပြုပါ သည်။ ကျမ်းမြတ်ကုရ်အာန်တွင် အမိန့်တော်လာရှိသည်မှာ၊ “ ထိုမှတပါး ရှိုင်တွာန် မိစ္ဆာကောင် တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်းရှိခဲ့ကြ၏။ ယင်းရှိုင်တွာန် မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ (သမုဒ္ဒရာပင်လယ်၌) ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြား အလုပ်ကိစ္စ ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေ သတည်း။ (၂၁း ၈၂)

“ထိုမှတပါး စုလိုင်မာန်၏အဖို့ ထိုစုလိုင်မာန်၏ ဗိုလ်ခြေများကို ဂျင်(န်) သတ္တ၀ါတို့အနက်မှ လည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ ငှက်သတ္တ၀ါတို့အနက်မှလည်းကောင်း၊ စုရုံးစေခြင်း ကို ခံခဲ့ကြရကုန်၏။ တဖန် ထိုဗိုလ်ခြေတို့မှာ (စနစ်တကျ စီတန်း ချီတက် နိုင်ကြအံ့သောငှာ) တားမြစ်ခြင်းကိုပင် ခံကြရကုန်၏။ (၂၇း ၁၇) ”

တမန်တော်ဆိုလိုင်မာန် (အ) သည် မြင်းများကိုလည်း အလွန်နှစ်သက်တော်မူပါသည်။ မိမိ၏ စစ်တပ်တွင် မြင်းတပ် သည် မဖြစ်မနေပါဝင်ရသည့် တပ်ဖြစ်သည်။ တိုက်ပွဲဝင်ရာတွင်၎င်း၊ သယ်ယူပို့ဆောင်ရာတွင်၎င်း၊ မြင်းများသည် အလွန်အသုံးဝင်ပါသည်။ သခင်သည် မြင်းများကို အစွမ်းသတ္တိနှင့် စွမ်းဆောင်ချက်များကို တွေ့မြင်ရသဖြင့် မြင်းများကို အလွန်စိတ်ဝင်စားစွာဖြင့် မြင်းများကို ပုတ်ပေးနေရသည်ကို ကျေနပ်နေတတ်ပါသည်။

တမန်တော် ဆိုလိုင်မာန်သည် ငှက်သတ္တ၀ါတို့၏ စကားကိုနားလည်သည့်အပြင် ၄င်းတို့ကိုလည်း စေလိုရာစေလိုနိုင်သည့် အစွမ်း ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန် တွင်လာရှိသည်မှာ “ ၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏ အရိုက် အရာကို ဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို- လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တ၀ါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာ ခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနား တော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။ (၂၇း ၁၆)”

တမန်တော်ဆိုလိုင်မာန်သည် ယုတ်ဆွအဆုံး ပုရွက်စိတ်တို့၏ စကားကိုလည်း တတ်မြောက်တော် မူပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ “နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေ တို့သည် ပုရွက်ဆိတ်များရှိကြသောချောင်းလျှိုရိုးသို့ ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင် က အို-ပရွက်ဆိတ် အပေါင်းတို့၊ စုလိုင်မာန်နှင့်တကွ ထိုစုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင် တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်း မပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ၀င်ရောက်လေကုန်ဟု (ဟစ်အော်) ပြောကြားခဲ့လေ၏။(၂၇း ၁၈)”

“ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏ စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင် (အလ္လာဟ် အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော် မျိုး၏မိဘနှစ်ပါး တို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သောကျေးဇူး တော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူးသိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ်နှစ် သက်တော်မူသော ကောင်းမြတ်သော အကျင့်သီလများကိုလည်း အမြဲကျင့်မူဆောက်တည် နိုင်စွမ်းပေးသနားတော်မူပါ။ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာ တော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ၀င်ရောက်ပါဝင် စေတော်မူပါ။ (၂၇း ၁၉)”

တမန်တော်ဆိုလိုင်မာန်လက်ထပ်တွင် အလွန်ထင်ရှားသော အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။ ၄င်းမှာ အရှေ့ဖက် ယီမင်နိုင်ငံတွင် အုပ်စိုးသော ဘုရင်မ နှင့်ပတ်သက်ပါသည်။ ၄င်းအဖြစ်အပျက် သည် အလွန်ထူးဆန်းသော ပုံပြင်သဖွယ်ဖြစ်သလို အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာ တစ်ခုဖြစ်ပါသည်။
တနေ့သောအခါ တမန်တော် ဆိုလိုင်မာန်သခင်သည် မိမိတပ်မှ ငှက်တိရစ္ဆာန်များကို စစ်ဆေးပါ သည်။ ကျမ်းမြတ်တွင်ဤသို့လာရှိသည်။ “၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။ (၂၇း ၂၀)”။

“ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည် ၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေ အထောက်အထားကို ဆောင်ယူလာရပေမည်။( ၂၇း ၂၁ )”။

“ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက် (ဟူဒ်) သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော် မသိသော အကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်း ခဲ့ပါသည်။ (၂၇း ၂၂)”။

“ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာအရာခပ်သိမ်းတို့ ချီးမြှင့်ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ကြီးကျယ်ခမ်းနား သော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။ (၂၇း ၂၃)”။

“ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ် ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် “ရှိုင်တွာန်” မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ ထားပါသည်။ တစ်ဖန် ထို ရှိုင်တွာန်” မိစ္ဆာကောင်သည် ၎င်းတို့အား (မှန်ကန်သော) တရားလမ်းမှ ပိတ်ပင် တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကို မရနိုင်ကြပါ။ (၂၇း ၂၄)”

ထိုအခါတမန်တော်ဆိုလိုင်မာန်သခင်က အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို ပြောပြ၏။ “အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ ဆည်းကပ်ကိုးကွယ်လော့၊ ထိုအရှင်မြတ်သည် မိုးကောင်း ကင်များ၌လည်းကောင်း၊ ပထ၀ီမြေ၌လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေ တော်မူ၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ကြကုန်သော ကိစ္စများကို လည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို (အလုံးစုံတို့ကို) သိရှိတော်မူ၏။ (၂၇း ၂၅)” ။

ထို့အပြင် “ အလ္လာဟ်အရှင်မြတ်သည် (အကြင်အရှင်မြတ်ပင်၊) ထိုအရှင်မြတ်မှတပါး ခ၀ပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ကြီးကျယ်လှစွာသော “အရ်ရှ်” ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်ပေတည်း။ (၂၇း ၂၆) ”


တမန်တော်ဆိုလိုင်မာန်က ဟူဒ်ငှက်ကို ဆက်လက်ပြောကြားခဲ့သည်မှာ၊ အသင်သည် အထက်တွင် ငါဆိုခဲ့သည့်အတိုင်း မှန်ကန်စွာ လျှောက်ထားခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောဟု ယခုပင် ငါရှုမည်။ (၂၇း ၂၇)” ဟုဆိုသည်။

ဆက်လက်မိန့်သည်မှာ “အသင်သည် ငါ၏စာကို ယူဆောင်၍ သွားလော့၊ ထို့နောက် အသင်သည် ဤစာကို ၎င်းတို့ထံ ချ၍ပေးပြီးလျှင်၊ ၎င်းတို့၏ အပါးမှ (အနည်းငယ်) ဘေးဖယ်၍နေလော့။ တစ်ဖန် အသင်သည် ၎င်းတို့ မည်သို့အကြောင်းပြန်ကြသည်ကို ရှုလော့။ (၂၇း ၂၈)”

ဟူဒ်ငှက်သည် တမန်တော် ဆိုလိုင်မာန် မိန့်သည့်အတိုင်း စာကို ဘုရင်မထံပေးအပ်လိုက်ပါသည်။ ထိုအခါ (ရှီဗာဘုရင်မ)က (ဤသို့) ပြောကြားခဲ့လေ၏။ အို-မှူးမတ်အပေါင်းတို့၊ ဧကန်စင်စစ် မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်ုပ်၏ထံသို့ ပေးပို့ခြင်း ခံခဲ့ရလေသည်။ (၂၇း ၂၉)”။

“ဧကန်စင်စစ် ထိုစာမှာ စုလိုင်မာန်ထံမှ ဖြစ်၏။ ထို့ပြင် ဧကန်အမှန် ၎င်းမှာ ဤသို့ဖြစ်၏။ ကြီးမားလှ သော၊ ကရုဏာရှင် ဖြစ်တော်မူသော၊ အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ် ၏ နာမံတော်ဖြင့် အစပြု၏။ (၂၇း ၃၀)”

တမန်တော်ဆိုလိုင်မာန်သခင်က စာတွင် ရေးသားထားသည်မှာ၊ “အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်၍ ဘ၀င်မကြွကြကုန်လင့်။ ထိုမှတပါး အသင်တို့သည် ငါ့ထံသို့ “မုစ်လင်မ်” အမိန့်နာခံသူများအဖြစ် လာရောက်ကြလေကုန်။ (၂၇း ၃၁)”

ထိုအခါ ရှိဗာဘုရင်မသည် မိမိ၏ မူးမတ်တို့နှင့် တိုင်ပင်၏။ “ ထို(ရှီဗာ ဘုရင်မ)က အို-မှူးမတ် အပေါင်းတို့။ အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဥာဏ်ပေးကြလေ ကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှ ပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။ (၂၇း ၃၂)”

ထိုအခါ မှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများဖြစ်သည်။ တိုက်ခိုက်မှုကို ပြင်းထန်စွာ ၀ါသနာထုံသူများ ဖြစ်ကြပါသည်။ သို့ရာတွင် အမိန့်အာဏာသည်ကား အသင်ဘုရင်မ၏ လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။ (၂၇း ၃၃)”

“ထိုအခါ (ရှီဗာ ဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ၀င်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။ (၂၇း ၃၄)”။

”သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာ တစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန် တို့သည် မည်သို့သော ပြန်ကြချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။ ၂၇း ၃၅)”။

ဤနေရာတွင် ရှိဘာဘုရင်မ ဘီးလ်ကိစ် သည် အလွန်ပင် ရင့်ကျက်သူဖြစ်ကြောင်းသိရမည်။ သူမက အသိဥါဏ်ဖြင့် အလုပ်လုပ်သင့်ကြောင်း အင်အားကြီးသော ဘုရင်ကို တိုက်ပွဲဝင်ရသည် ထက် မိတ်ဆွေဖွဲ့ခြင်းသည် အလွန်ကောင်း၏ဟု ဆိုလေသည်။

လက်ဆောင်ပစ္စည်းယူလာသည့် သံတမန်တို့ မိမိနိုင်ငံသို့လာနေကြောင်း သိတော်မူသော ဆိုလိုင်မာန်ဘုရင်ကြီးသည် မိမိ၏ စစ်တပ်ကို မြို့ပြင်သို့ စေလွှတ်ကာ သံတမန်တို့ကို ခေါ်ယူလေ သည်။ သံတမန်တို့သည် ဘုရင်ကြီး၏ စစ်တပ်တွင် ဂျင်များ၊ လူများ၊ ငှက်များ၊ခြင်္သေ့များ၊ ကျားများ ကိုမြင်လေသော် အလွန်အံ့သြကြလေ၏။ ထိန့်လန့်ကြောက်ရွံ့ကြကုန်၏။ နန်းတော်ထဲသို့ရောက် သောအခါ နန်းတော်တိုင်များ တံခါးများသည် ရွှေတံခါးများဖြစ်ပြီး နန်တော်တစ်ခုလုံးသည် မာဘဲလ် ကျောက်ဖြူများဖြင့်ဆောက်လုပ်ထားသည် တွေ့မြင်သည့်အခါ အထူးအံ့သြကြကုန်၏

“ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန် ၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က (ဤ သို့) ပြောကြားခဲ့၏။ အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။ စင်စစ်ငါ့ အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့ အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာ ကား အသင်တို့သည်ပင်လျှင် မိမိတို့၏ လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။ (၂၇း ၃၆)”။

“အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ ထိုမှတပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည် သေးသိမ်သူများအဖြစ် နှင့်နှင်ထုတ်ကြ မည်။ ထို(အခါ) ၎င်းတို့သည် အရှက်ကွဲ အကျိုးနည်းသူများ ဖြစ်သွားကြပေမည်။ (၂၇း ၃၇)”


ဤနေရာတွင် တမန်တော်ဆိုလိုင်မာန်သခင်သည် မိမိ၏ စစ်တပ်နှင့် အတူ ထွက်တော်မူလေရာ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ပုရွက်စိတ်တို့၏ နေရာဋ္ဌာနေ အနားဖြတ်သန်းမည့် အခိုက် ပုရွက၈်စိတ်ဘုရင်မ၏ စိုးရိမ်မှုကို ဆိုလိုင်မာန်သခင်သိတော်မူရာမှ မိမိသည် အားနဲသည့်တိရစ္ဆာန် များကိုသာမက အခြားအားနဲသော မည်သူ့ကိုမဆို ညှာတာထောက်ထားသင့်ကြောင်း သတိထား သဖြင့် ရှီဘာဘုရင်မ၏ နိုင်ငံအား မဖျက်ဆီးတော့ဘဲ ခွင့်လွှတ်တော်မူလေ၏။

ရှိဘာဘုရင်မ ဘီးလ်ကိစ်ကလည်း မိမိသည် အလွန်အင်အားကြီးသော ဘုရင်ကို တုံ့ပြန်တိုက် ခိုက်ရန်သည် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်းသိလေသည်။ သူမသည် ဘုရင်ကြီး၏ နိုင်ငံသို့ မိတ်ဆွေအဖြစ် သွားရောက်လည်ပတ်ရန် အကြောင်းကြားခဲ့သည်။ ဆိုလိုင်မာန်သခင်သည် ဘုရင်မ မရောက်ခင် အလျှင် အံ့သြစေရန်အတွက် မိမိ၏ မူးမတ်တို့အား မိန့်သည်မှာ၊

“ထိုစုလိုင်မာန်က “အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ “မုစ်လင်မ်” အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင် သနည်း” ဟု ပြောဆိုမေးမြန်းခဲ့၏။ (၂၇း ၃၈)”

ထိုအခါ “ဂျင်(န်)သတ္တ၀ါတို့အနက်မှ အလွန်ခွန်အား ဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော် သည် မိမိ နေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ ဆောင်ကြဉ်း ခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့် စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူ တစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။ (၂၇း ၃၉)”

ထိုအခါ “ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏ မျက်စိတစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထိုစုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သော အခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော၊ သို့တည်းမဟုတ် ငါသည် ကျေးဇူး ကန်းလေသလော၊ဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ် သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။ (၂၇း ၄၀)”

“ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော၊ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလော၊ဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။ (၂၇း ၄၁)”

“ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍ လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက “ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်
ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် “မုစ်လင်မ်” အမိန့်ကို နာခံသူများပင် ဖြစ်ခဲ့ပေပြီ” ဟု ပြောဆိုဖြေကြား ခဲ့လေ၏။ (၂၇း ၄၂)”


ဤနေရာတွင် ဘီးလ်ကိစ် သခင်မ၏ ပညာဥါဏ်စွမ်းသည်လည် အံမခန်းပင်ဖြစ်သည်။ သူမ စဉ်းစားသည်မှာ ဤပုလ္လင်သည် ငါ၏ ပုလ္လင်နှင့် အလွန်တူသည်။ သို့သော် ငါ၏နိုင်ငံမှ ပုလ္လင်သည် ဤနိုင်ငံသို့ မည်သို့ရောက်ရှိလာသနည်းကို သူမ အလွန်အံ့သြမိလေသည်။ ထိုနောက် ဤပုလ္လင် သည် အသင်မ၏ ပုလ္လင်ပင်ဖြစ်သည်ဟု ပြောပြသည့်အခါ သူမသည် အလွန်ပင်ပို၍ပို၍ အံ့သြမိ လေသည်။ သူမစဉ်းစားမိသည်မှာ ဤသို့ မည်သို့ဖြစ်ခဲ့သနည်း။

တကယ်တော့ အလ္လာဟ်အရှင် မြတ်ကို ယုံကြည်ကြသောသူတို့ကို အလ္လာဟ်အရှင်မြတ်သည် အလွန်ဆန်းကျယ်သည့် ပညာရပ် များ စွမ်းအားများ အင်အားများပေးနိုင်သည်ကို သူမ ယခင်က မသိခဲ့ပါ။ ယခုအခါ ဆိုလိုင်မာန်ဘုရင်ကြီး၏ စွမ်းအားကို သိလေသည့်အခါ ဆိုလိုမာန်ဘုရင်ကိုးကွယ်သည့် အလ္လာဟ် အရှင်မြတ်သည် မည်မျှ စွမ်အားရှိမည်ကို သူမခန့်မှန်းမိလာပါသည်။ တကယ်တော့ သူမ မသိ သည့်အကြောင်းတရားများစွာရှိသည်ကို ကျမ်းမြတ်ကုရ်အာန်က ဖေါ်ပြသည်မှာ၊


“စင်စစ်သော်ကား ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ၎င်းကိုးကွယ်လျက်ရှိခဲ့သော အရာများက တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။ (တနည်း) [၎င်းပြင် အလ္လာဟ်အရှင်မြတ်က သို့မဟုတ် ထိုအရှင်မြတ်၏ အမိန့်တော်အရ တမန်တော် စုလိုင်မာန်က ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ဘဲနှင့် ၎င်းဆည်းကပ်ကိုးကွယ်နေခဲ့သော အရာများမှ တားဆီးလိုက်လေသည်။] ဧကန်စင်စစ် ထိုဘုရင်မသည် “ကာဖိရ်” သွေဖည်ငြင်းပယ်ကြသော အမျိုးသားတို့ အနက်မှပင် ဖြစ်ခဲ့ပေသည်။ (၂၇း ၄၃)”။

၎င်းအဖြစ်အပျက်ပြီးနောက်ဘုရင်မအား နန်းတော်အတွင်းသို့ ခေါ်ဆောင်လာသည်။ ကျမ်းမြတ် ကုရ်အာန်တွင် ဆက်လက်မိန့်သည်မှာ။ “ (ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ၀င်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကို မြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟု ထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။

(ထိုအခါ) ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင် ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော် မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ (အရှင်မြတ်၏) အမိန့်တော် ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။ (၂၇း ၄၄)”။


ဤအာယသ်တော်ဖြင့် သိရသည်မှာ ဘုရင်မသည် ပို၌ပင် အံ့သြမိသည်မှာ နန်းတော်၏ ခန်းမဆောင် အတွင်းပိုင်း၏ အခင်းသည် ဖန်ဖြင့် လုပ်ထားသည်ဆိုရာ သူမအနေဖြင့် ရေအလား ထင်မြင်မိပြီး လူ့သဘာဝ မိမိထဘီကို အနည်းငယ်မကာ လမ်းလျှောက်ဟန်ပြင်သဖြင့် ဆိုလိုင်သခင်က ဤအခင်းသည် ဖန်သားဖြင့်လုပ်ထားသဖြင့် ထဘီမရန်မလိုကြောင်းပြောပြလေ သည်။ ဤသည် ဘီလ်ကိစ် သခင်မသည် အလွန်မြင့်မြတ် ကြီးကျယ်တော်မူလှသော ဆိုလိုင်မာန် ဘုရင်ကြီး၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား ယုံကြည်လိုက်ပါသည်။

စပိန်နိုင်ငံ (ယခင်ရှီဗာ) ကို အုပ်ချုပ်သော ဘုရင်မ “ဘီလ်ကစ်” သခင်မသည် တစ်ချိန်က မီးကိုးကွယ်သူဖြစ်သည်။ ထိုမဟုတ်မမှန်ကန်သော ကိုးကွယ်မှုကို စွန့်လွှတ်၍ တမန်တော်စိုလေမန်(အ)ထံ အီမာန်သက်ဝင်ယုံကြည်ခဲ့သည်။ ထိုနောက်ချစ်လှစွာသော ကြင်ယာတော်အဖြစ် တင်မြောက်ခြင်းခံရသည်။ ဌင်းပြင် သားသမီးများလည်း ထွန်းကားခဲ့သည်။

တမန်တော်စိုလေမန်(အ)သည် နန်းစံပြီး၊ စတုတ္ထမြောက်နှစ်တွင် “ဗိုင်တွလ်မိုကာ ဒတ်စ်” ကျောင်းတော်အား တည်ဆောက်ခြင်းကို ပြန်လည်အစပြုခဲ့သည်။ နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချူပ်ခဲ့သည်။ တမန်တော်စိုလေမန် (အ)သည် သက်တော်(၈၅)နှစ်တွင် အဆွာတောင်ဝှေးတော်ကို ထောက်၍ ရပ်တော်မူလျက် အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

တမန်တော်စိုလေမန်(အ)၏ ခန္ဓာကိုယ်သည် အသက်မရှိသော်လည်း တောင်ဝှေး တော်အား ထောက်လျှက် နဂိုအတိုင်းပင်ရပ်တည်၍ နေခဲ့လေသည်။ ယင်းအတိုင်း တစ်နှစ်တာမျှ ရှိတော်မူခဲ့ လေသည်။ ထိုတစ်နှစ်တာတောအတွင်း ခြကောင်များသည် တောင်ဝှေးတော်အားစားခဲ့သည်။ ထို့ကြောင့် တောင်ဝှေးတော်သည် နှစ်ပိုင်းကျိုး သွား၍ တမန်တော်စိုလေမန်(အ)၏ ခန္ဓာကိုယ် လည်း မြေပေါ်သို့ ဘုံးဘုံးလဲကျသွား လေသည်။

“ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်အား ဆောက်တည်နေကြသော ဂျင်န်များသည် တမန်တော် စိုလေမန်(အ) ကွယ်လွန်ကြောင်းကို ကြိုတင်မသိရှိခဲ့ကြချေ။ တစ်နှစ်တာကာလနောက်ပိုင်း တမန်တော်စိုလေမန်(အ)၏ ရုပ်ကလပ်မြေ ပေါ်သို့ လဲကျသွားသောအခါမှ သိရှိခဲ့ကြခြင်းဖြစ်သည်။ တမန်တော်စိုလေမန်(အ)၏ ကိုယ်ခန္ဓာအား ၄င်းအတိုင်း ရပ်တည်စေခဲ့ခြင်း၏ အကြောင်းမှာ- “ဗိုင်တွလ်မိုကာ ဒတ်စ်” ကျောင်းတော်၏ တည်ဆောက်မှု မရပ်ဘဲ အလျင်အမြန်ပြီးစီး ဖြစ်မြောက် သွားစေရန်အတွက်၎င်း၊ ဂျင်န်များသည် အကွယ်မှအကြောင်းအရာများကို သိရှိနား လည်ခြင်း မရှိကြသည်ကို လူသားအပေါင်းတို့အား သိရှိနိုင်စေရန် အလ္လာဟ်အရှင် မြတ်က စီစဉ်ခြင်းဖြစ်သည်။

No comments: