Monday, August 23, 2010

Kuthbah For Lailatul Qadar

လိုင်လသွလ်ကဒရ်ညမြတ်၏ခွတ်ဘဟ်

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......

ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ထံ တော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေးသည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန်အောင်ပြုလုပ် သည့် လှုံဆော်မှု များမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ် (ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက် စေသားဟုလည်း ဆုမွန်ကောင်းတောင်း ခံအပ်ပါသည်။ အာမီးန်

ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်တွင် လမြတ်ရမ်ဇာန် နှင့်ပတ်သက်ပြီး မိန့်တော်မူသည်မှာ ““ အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူ အပေါင်း တို့ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက် တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ (မွတ်သကီ) ဖြစ်တန်ကြရာ၏။ ၀၀၂း ၁၈၃။

အထက်ပါအာယသ်တော်ကို တမန်တော်မြတ်(ဆွ) နှင့် အဆွဟာဘ်တော် အပေါင်းတို့သည် ကာလအတန်ကြာအောင် စောင့်ဆိုင်းခဲ့ကြပါသည်။ အကြောင်းမှာ ရဟူဒီဂျူးတို့သည် မွတ်စ် လင်မ်တို့ကို ဘာသာတရားနှင့်ပတ်သက်ပြီး၎င်း၊ အိဗါဒသ်တာဝန်များနှင့် ပတ်သက်ပြီး၎င်း အစဉ် ရှုတ်ချနှိမ်ချပြောဆိုကာ သရောလှောင်ပြောင်ကဲ့ရဲ့လေ့ရှိသည့်ကာလပင်ဖြစ်သည်။ ဆွလာသ်တည်ဆောက်မှု တာဝန်များကို အလ္လာဟ်အရှင်မြတ်ထံတော်မှ အတိအလင်း ပြတ် ပြတ်သားသား ရရှိပြီးသည့်အခါ မွတ်စ်လင်မ်တို့သည် အလွန်ပင်စိတ်ပေါ့ပါးလန်းစမ်းကာ ရဟူဒီတို့ကို ရဲရဲရင့်ရင့် ရင်ဆိုင်ပြောဆိုနေတတ်လေပြီဖြစ်သည်။ သို့သော် ဥပုသ်သီလ စောင့်ထိန်းခြင်းအမှုတွင်မူ မွတ်စ်လင်မ်တို့သည် ဆွလာသ်ကဲ့သို့ တိတိကျကျ မရရှိသေး သည့်အတွက် ရဟူဒီတို့ ဥပုသ်တည်ဆောက်လေ့ရှိသည့် မုဟရ်ရမ်လ ၁၀ ရက်ကိုသာ မြင့်မြတ်သာ အိဗါဒသ်အဖြစ် ဥပုသ်တည်ဆောက်လေ့ရှိသည်။ ထိုအခါ ရဟူဒီတို့က အသင်တို့ မွတ်စ်လင်မ် တို့၏ သာသနာသည် ပြည့်စုံသောသာသနာမဟုတ်၊ ဥပုသ်ကိုပင် ငါတို့ဘာသာမှ အတုယူကာ တည်ဆောက်ကြလေ၏ဟု လှောင်ပြောင်ကဲ့ရဲ့ကြလေသည်။ မွတ်စ်လင်မ်တို့ လည်းအလွန်ပင် စိတ်ပျက်ကြလေသည်။ တမန်တော်မြတ်ကိုယ်တိုင်ပင် စိတ်ပျက်သဖြင့် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကြိမ်ကြိမ် မိမိတို့အတွက် ကိုယ်ပိုင် ဥပုသ်တည်ဆောက် ခြင်းနှင့် ပတ်သက်သော ဥပဒေများ ချပေးသနားတော်မူပါရန် ဒိုအာတောင်းခံလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် အထက်ဖေါ်ပြပါ ကျမ်းမြတ်ကုရ်အာန်အာယသ်တော် (၂း ၁၈၃)ကို ချပေးသနားတော်မူလေသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......

လမြတ်ရမ်ဇာန်၏ ဥပုသ်သီလစောင့်ထိန်းခြင်းသည် ရမဇာန် လမြတ် တစ်လလုံး ဖရဇ်တာဝန် အဖြစ် မပြတ်မကွက် စောင့်တည်ရကြောင်း မိမိတို့အားလုံးကောင်းကောင်းသိပါသည်။ သို့သော် များစွာသောသူတို့သည် တစ်လတိတိ စောင့်ထိန်းခြင်းကို စောဒက တက်ကြသလို အလွန်တင်းကျပ်သည့် ဥပဒေ၊ လူတို့ မလုပ်နိုင်သည့် ဥပဒေအဖြစ် ဝေဖန်သူများကလည်း ဝေဖန် ကြသည်ကို သိနိုင်ပါသည်။ အလ္လာဟ်အရှင်မြတ်အနေဖြင့် ထိုသို့လူသားများအနေဖြင့် ဝေဖန်စောဒက တက်မည်ကိုသိပါသည်။ အကြောင်းကတော့ လူသားကို အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ဖန်ဆင်းထားခြင်းကြောင့်ဖြစ်သည်။ မိမိမွေးသည့် လူသတ္တ၀ါသည် ဘာမှန်းတော့ အရှင်မြတ် ကောင်းကောင်းသိပါသည်။ လူတို့၏ အခြေအနေအမျိုးမျိုးကိုလည်း သိတော်မူပါ သည်။ ထို့ကြောင့် အရှင်မြတ်က ရိုဇာကို ဖရဇ်တာဝန်အဖြစ် သတ်မှတ်ထားသော်လည်း စောင့်ထိန်းနိုင်သည့်သူအတွက်သာ တာဝန်ရှိပြီး အားအင်နည်းသူ မတတ်နိုင်သူတို့အတွက် အခြားလွယ်ကူသော နည်းလမ်းများကိုလည်း ပြသထားတော်မူပါသည်။ မိမိတို့သည် မလေ့လာ ကြဘဲ အလျှင် ဝေဖန်တတ်သည့် သဘောရှိသည်ကို သတိထားသင့်ပါသည့်။ အရှင်မြတ် ( ၂း ၁၈၄ )မိန့်တော်မူသည်မှာ.....


(အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထား သော (အနည်းငယ်မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦး တယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက်လျက်ရှိနေသောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည်နိုင်ဘဲ ပျက်ကွက်ခဲ့ပါ လျှင်) ထိုသူ့အပေါ်၌ အခြားသောနေ့ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက်စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက် တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ် ခြင်း ကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ ၀၀၂း ၁၈၄။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......

အထက်ပါ အာယသ်တော်များနှင့် ရှင်းလင်းချက်များသည် အလ္လဟ်အရှင်မြတ် အနေဖြင့် ရိုဇာစောင့်ထိန်း ခြင်းကို ဖရဇ်တာဝန်အဖြစ် သတ်မှတ်ခြင်းအကြောင်းကို ဖေါ်ပြခြင်းဖြစ်ပါသည်။ ဒုတိယအချက်အနေဖြင့် ဖေါ်ပြချင်သည်မှာ သရာဝိဟ် ဆွလာသ် စောင့်ထိန်းခြင်းအကြောင်းပင်ဖြစ်သည်။ သရာဝီဟ် ဆွလာသ် စောင့်ထိန်းခြင်းသည် စွန္နသ်တော်ဖြစ်ပါသည်။ အထက်ပါအကြောင်းကို အောက်ပါ ဟဒီးဆ်တော်များကို လေ့လာကြည့်ခြင်းဖြင့် စဉ်းစားကြည့်ပါစို့။

၁) အထက်ပါဟဒီးဆ်တော်များတွင် တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ မည်သူမဆို အီမာန် အပြည့်အ၀ဖြင့် အကျိုးဆွဝါဘ်ကို မျှော်ကိုးလျှက် ညအခါ သရာဝိဟ် ဆွလာသ်ကို ဖတ်ခဲ့သော် ထိုသူ ပြုခဲ့သမျှ အပြစ်များကို ခွင့်လွှတ်တော်မူပေမည်။

၂) အလ္လာဟ်အရှင်မြတ်သည် လမြတ်ရမ်ဇာန်တွင် ရိုဇာဥပုတ် တည်ဆောက်ရန် ဖရဇ် တာဝန်အဖြစ် သတ်မှတ်တော်မူပေသည်။
ငါကိုယ်တော် (ဆွ) သည် လမြတ်ရမ်ဇာန်တွင် ညအခါ ထကာ ဆွလာသ် တည်ဆောက်ရန်အတွက် စွန္နသ်တော်အဖြစ် သတ်မှတ်လိုက်ပါသည်။ ထိုသို့ သရာဝီဟ် ဆွလာသ်ကို ဖတ်ခြင်းဖြင့် သူသည် မိခင်ဝမ်းမှ မွေးဖွားလာသည့် ကလေးသဖွယ် အပြစ်များမှ ကင်းစင်နေပေလိမ့်မည်။
ဤဟဒီးဆ်တော်၏ နောက်ဝယ် ထင်ရှားသော အဓိပ္ပါယ်တစ်ခုကို ဖေါ်ပြနေကြောင်း မိမိတို့ သတိထားသိ သင့်ပါသည်။ ညအခါ ဆွလာသ်တည်ဆောက်ခြင်းဆိုလျှင် သဟဂျွဒ် ဆွလာသ်ဖြစ်ကြောင်း လူတိုင်း လွယ်လွယ် သဘောပေါက်ကြပါသည်။ သို့သော် အထက်ပါ ဟဒီးဆ်တော်သည် ညအစပိုင်းတွင် အီရှာ ဆွလာသ်အပြီး သရာဝီဟ် ဆွလာသ် တည်ဆောက်ခြင်းအကြောင်းကို ဆိုလိုရင်းဖြစ်ပါသည်။ သာရာဝီဟ် ဆွလာသ်တည်ဆောက်ခြင်းအကြောင်းကို လူတိုင်းသိကြသည်မှာ ရကအသ်ပေါင်း ၂၀ ကိုစုပေါင်းကာ အီမာမ်နောက်တွင် ဖတ်ရွတ်ကြခြင်းဖြစ်သည်။ အများအားဖြင့် ရမ်ဇာန်လ တစ်လအတွင်း ကျမ်းမြတ်ကုရ်အာန် တစ်ခုလုံးကို ဖတ်ရွတ်ခြင်းဖြစ်ပါသည်။ သာရာဝိဟ် ဆွလာသ်ဖတ်ခြင်းဖြင့် မိမိတို့သိနိုင်ကြသည်မှာ ဆွလာသ်တည်ဆောက်ခြင်း၊ တည်ဆောက်သည့် ဆွလာသ်မှာလည်း ဂျမာအသ်ဖြင့်တည်ဆောက်ခြင်း၊ တည်ဆောက်သည့် ဆွလာသ်အရေအတွက်မှာလည်း ၂၀ ရကအသ်ဖြစ်ခြင်း ၊ ရမ်ဇာန်လမြတ်ဖြစ်နေခြင်း၊ ရမ်ဇာန်လမြတ်တွင် နဖိလ် ဆွလာသ်၏ အဆင့်သည် ဖရဇ်အဆင့်တွင်ရှိခြင်း၊ ဖရဇ်ဆွလာသ်တစ်ခုသည် ဂျမာအသ်ဖြင့်ဖတ်လျှင် အခြားလများတွင် ၂၇ ဆ အကျိုးရှိနိုင်သော်လည်း၊ ရမ်ဇာန်လမြတ်တွင် အဆပေါင်း ၇၀ အကျိုးဆွဝါဗ်ရရှိခြင်း စသည်တို့ကို စဉ်းစားကြည့်သည့်အခါ သရာဝီဟ် ဆွလာသ် ဖတ်ခြင်စိတ်များ ပိုမိုတိုးတက် စိတ်ဝင်စားလာစေနိုင်ပါသည်။

၃) တတိယ ဟဒီးဆ်တော်၏ သဘောမှာ မည်သူမဆို ဥပုသ်သီလ စောင့်ထိန်းအံ့၊ သရာဝီဟ် ဆွလာသ်ကို ဖတ်ခဲ့အံ့၊ ထိုသူအတွက် ဥပုသ်ရိုဇာနှင့် ကျမ်းမြတ်ကုရ်အာန်သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ် ထံတော်မှ ရှိဖာအသ် ခွင့်လွှတ်မှုကို တောင်းခံပေလိမ့်မည်။ ရိုဇာဥပုသ်က ပြောလိမ့်မည်၊ အိုအလ္လာဟ်အရှင် မြတ် ကျွန်ုပ်သည် ဤလူအား နေ့အချိန် အစားရေစာ စားသောက်ခြင်းမှ၎င်း၊ ကာမဆန္ဒများမှ၎င်း တားဆီး ခဲ့ပါသည်၊ သို့ဖြစ်ပါ၍ ဤလူအတွက် ကျွန်တော်မျိုး၏ ခွင့်လွှတ်မှု တောင်းခံခြင်းကို လက္ခံတော်မူပါအရှင်။
ကျမ်းမြတ်ကုရ်အာန်က ပြောမည်မှာ အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ဤလူအား ကုရ်အာန် ကျမ်းမြတ်ဖတ်ခြင်းဖြင့် ညအခါ အိပ်ခြင်းမှ တားမြစ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဤလူအတွက် ကျွန်တော်မျိုး၏ ခွင့်လွှတ်မှု တောင်းခံခြင်းကို လက္ခံတော်မူပါအရှင်။ သူတို့နှစ်ဦး၏ တောင်းခံမှုကို အလ္လာဟ်အရှင်မြတ်သည် လက္ခံတော်မူပေလိမ့်မည်။

၎)မည်သည့် ဆွလာသ် ဖတ်သူပင်ဖြစ်ပါစေ သူ၏ ညာဖက်တွင်၎င်း ဘယ်ဖက်တွင်၎င်း ကောင်းကင် တမန် တစ်ဦးစီရှိပါသည်။ ၄င်းတို့သည် ဆွလာသ်ဖတ်ခြင်း ပြီးမြောက်သည့်အခါ ထိုသူ၏ ဆွလာသ်ကို ကောင်းကင် သို့သယ်ဆောင်သွားလေ့ရှိပြီး၊ အကယ်၍ ထိုသူသည် ဆွလာသ်ကို တ၀က်ဖြင့် ဖြတ်ပစ်လိုက် သည်ရှိသော် ကောင်းကင်တမန်တို့သည် သူ၏ဆွလာသ်ဖြင့် သူ၏မျက်နှာအားပစ်ပေါက်ကာ ထွက်သွား လေတော့သည်။

ဤဟဒီးဆ်တော် ၄ ခုသည် သရာဝီဟ် ဆွလာသ်၏ အရေးပါခြင်း အကျိုးကျေးဇူးနှင့် မဖတ်မဖြစ်အောင် ဖတ်လိုက်သင့်သည့်အကြောင်းကို ပြည့်စုံစွာ ရှင်းပြထားသဖြင့် အခုတော့ သဘောပေါက်လောက်ပြီဟုထင်သဖြင့် နောက်ဆုံးမဟုတ် သောနောက်ဆုံးအနေဖြင့် မကြာခင် ရောက်လာတော့မည့် လိုင်လသွလ် ကဒရ်အကြောင်း တင်ပြလိုက် ခြင်ပါသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......

လိုင်လသွလ်ကဒရ် ည သည်လည်း ရှဗ်ဗေ့ ဗရာသ် ညလိုဘဲ မြန်မာမြည်မှာ အစဉ်အလာဖြင့်၎င်း ယုံကြည် မှုအပြည့်ဖြင့်၎င်း သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ရှိကြလေ့ရှိပါသည်။ မွတ်စ်လင်မ်အမျိုးသားများအနေဖြင့် ညနေစောင်းပြီဆိုလျှင် ၀ါဖြေချိန်အတွက် ပြင်ဆင်သူကပြင်ဆင်နေကြပြီး အိဗဒသ်လုပ်နေသူ၊ ဆွလာသ်ဖတ် နေသူကဖတ်နေကြ၊ ညအချိန် လိုင်လသွလ်ကဒရ်ညအတွက် ပြင်ဆင်နေကြလေပြီ။ ၀ါဖြေကာ မဂ်ရိဗ် ဖတ် ပြီးသည်နှင့် အမျိုးသားတို့သည် သင်္ချိုင်းများသို့သွားကြကာ သေဆုံးလေပြီသော မိဘ ဘိုးဘွားများ မိတ်ဆွေ သူငယ်ချင်းများ ဆွေမျိုးသားချင်းများအတွက် ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း အခြားဒိုအာများဖတ်ရွတ် ကာ ဆုတောင်းကြ မဂ်ဖိရသ် တောင်းခံကြလေ့ရှိပါသည်။ ဤနေရာတွင် သင်္ချိုင်းသို့ သွားရောက် ဖတ်ရွတ်ရ မည့်အကြောင်း ခိုင်မာသော ဟဒီးဆ်တော် အထောက်အထားများ ရှိကြောင်း မတွေ့ရှိရပါ။ သို့သော် အခြား အမလ်အိဗါဒသ်များကိုမူ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြောင်း ညလုံးပေါက် လုပ်ကိုင်နိုင်ကြောင်း အထောက် အထားများ တွေ့ရှိရပါသည်။ အထူးသဖြင့် လိုင်လသွလ်ကဒရ်ည ဆိုသည်မှာ ဘာလဲ၊ ဘယ်လိုအကျိုးကျေး ဇူးတွေရှိလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတာကို အထောက်အထားများနှင့် တင်ပြချင်သည်။ ကျမ်းမြတ်ကုရ် အာန်တွင် စူရာ ၉၉ တွင် အမိန့်တော်လာရှိသည်မှာ ……….
အမိန့်တော်၏ အနက်အဓိပ္ပါယ်နှင့် သဘောတရားအပြည့်အစုံသည်
၀၉၉း ၁။ ဧကန်မလွဲ ယင်းကုရ်အာန် ကျမ်းတော်မြတ်ကို လိုင်လသွလ်ကဒရ် မြင့်မြတ်သာည၌ ချပေးသနားတော်မူခဲ့၏။
၀၉၉း ၂။ စင်စစ် လိုင်လသွလ် ကဒရ် မြင့်မြတ်သောညသည် အဘယ်နည်းဟု သင်သိပါသလော။
၀၉၉း ၃။ စင်စစ် လိုင်လသွလ်ကဒရ် မြင့်မြတ်သောညကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။
၀၉၉း ၄။ ထိုည၌ ကောင်းကင်တမန်တော်များသည်၎င်း၊ ဂျဗရီလ်သည်၎င်း၊ မိမိတို့အား ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်သည်အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စအသီးသီးကို ယူဆောင်၍ ဆင်းသက် လာကြကုန်၏။
၀၉၉း ၅။ ထိုညကား နံနက်မိုးလင်းချိန်တိုင် ငြိမ်းချမ်သောညဖြစ်ချေသနည်း။

လိုင်လသွလ်ကဒရ်ညမြတ်သည် လပေါင်းတစ်ထောင်ထက် ပို၍ပင်မြင့်မြတ်သည်ဟု ဆိုထားသည်ကို ကြည့် လျှင် လပေါင်းတစ်ထောင်သည် နှစ်ပေါင်း ၈၂ ခန့်ရှိကြောင်းသိနိုင်ပါသည်။ သမိုင်းနောက်ခံသဘောကို ကြည့်လျှင် တမန်တော်မြတ်သည် မိမိ အွမ္မသ်၏ သက်တမ်းနှင့် ၄င်းတို့အိဗါဒသ် လုပ်နိုင်သည့်သက်တမ်းကို အခြားသော အမျိုးသားတို့၏ သက်တမ်းနှင့် နှိုင်းယှဉ်ကြည့်သော်အခါ မိမိ၏ အွမ္မသ်သည် အလွန်ပင် အသက်တိုတောင်းလွန်းသည်ကို သတိထားမိပေသည်။ ထိုအခါ တမန်တော်မြတ်သည် အလ္လာဟ်အရှင်ထံ တော်ဝယ် ဒိုအာတောင်းခံသည်မှာ မိမိ၏ အွမ္မသ်အတွက် အချိန်တိုတိုနှင့် ထိထိရောက်ရောက် အိဗါဒသ် ဖြစ်နိုင်မည့် အချိန်တစ်ချိန်ကို ပေးသနားတော်မူပါဟူ၍ တောင်းခံလေသည်။ အချိန်တန်သည့်အခါ အလ္လာဟ်အရှင် မြတ်သည် တမန်တော်မြတ် (ဆွ) အား ၄င်းအချိန် မြင့်မြတ်သည့်ည နှင့် ပတ်သက်ပြီး အသိပေးတော်မူလေ သည်။ တမန်တော်မြတ်သည်လည်း ၄င်းအချိန်နှင့် ပတ်သက်ပြီး မိမိ၏ အမျိုးသားများကို အသိပေးရန် အိမ် တော်မှ ထွက်လာလေသည်။ ဖြစ်ချင်တော့ အိမ်တော်အရှေ့တွင် အဆွဟာဘ် တော်နှစ်ပါးသည် စကားများ နေပြီး တမန်တော်မြတ်သည် ဖြန်ဖြေရေးလုပ်နေသဖြင့် လာရင်းကိစ္စကို မေ့သွားလေသည်။ သတိရသည့်အခါ အွမ္မသ်ကို ခေါ်တော်မူပြီ အကြောင်းကြားချင်သော်လည်း ၄င်းမြင့်မြတ်သည့်ည ကို မေ့နေလေ တော့သည်။ ဤတွင် တမန်တော်မြတ်က အိုရောင်းရင်းတို့ အသင်တို့သည် မြင့်မြတ်သော ညမြတ်ကဒရ်ကို ရမ်မဇာန် လမြတ်၏ နောက်ဆုံးအပိုင်း မရက်များတွင် ရှာဖွေကြကုန်ဟု မိန့်တော်မူခဲ့ကြောင်း ဘူခါရီ မွတ်စ် လင်မ်နှင့် နစာရီ ဘိုင်ဟကီ ကျမ်းများတွင် လေ့လာနိုင်ပါသည်။

မရက်များဆိုရာတွင် ရမ်ဇာန်လ ၂၁ ရက်ည ၂၃ ရက်ည ၂၅ ရက်ည ၂၇ ရက် ည သို့မဟုတ် ၂၉ ရက်ည များတွင် ရှာဖွေရန်ဖြစ်ပါသည်။ သို့သော် မည်သူမဆို အိသိကာဖ် ထိုင်ဖြစ်ကြသူများအနေဖြင့် ၄င်းညကို ရရှိ ရန် သေချပေသည်။ သို့သော် အိသိကာဖ် မထိုင်နိုင်သူများအနေဖြင့် ၄င်း မ ရက်များများတွင် အထူးဂရုပြု ကာ အိဗါဒသ် လုပ်ရင်း၎င်းညကို ရရှိရန် ကြိုးစားသင့်ပေသည်။ သို့သော် ဆွဟာဘီ အတော်များများသည် ၄င်းညနှင့် ပတ်သက်ပြီး အတော်ပင် စိတ်ပူပင်သောက ရောက်နေကြပြီး အများစုသော ၄င်းဆွဟာဘီ ကြီးများသည် မိမိတို့ ၏ ၄င်းညမြတ်နှင့် ပတ်သက်သော အိမ်မက်များကို တမန်တော်မြတ်ထံ တင်ပြကြလေ့ရှိရာ၊ ၄င်းရက်အများစုသည် ရမ်ဇာန်လ ၂၇ ရက်နေ့ ညဖြစ်နေသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရသည်။ သို့ဖြစ်၍ ၂၇ ရက်နေ့ညသည် လိုင်လသွလ်ကဒရ် ည ဖြစ်ရန် အများဆုံးနှင့် အသေချာဆုံးဖြစ်နေသည်ကိုလည်း လေ့လာတွေ့ရှိနိုင်ပါသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ......

ကောင်းပြီ၊ ၄င်းညတွင် မည်သို့မည်ပုံ အိဗါဒသ် ပြုလုပ်ကြမည်နည်း။ အလွယ်တကူ ပြောလိုက်ချင်သည်မှာ ရှဗ်ဗီဗါရာသ် ညမြတ်တွင် တင်ပြလိုက်သကဲ့သို့ ၄င်းညကို ထိထိမိမိ သေသေချာချာ အိဗါဒသ်အတွင်း ကုန်ဆုံးနိုင်လျှင်မူ အကောင်းဆုံးပင်ဖြစ်ပေမည်။ သို့ဖြစ်၍ လုပ်သင့်သည်များကို တဖန်ပြောပြချင်သည်မှာ၊

၁) အိရှာဆွလာသ်နှင့် ဖဂျရ် ဆွလာသ်ကို ဂျမာအသ်ဖြင့် ဖတ်ဖြစ်အောင် ဖတ်ပါ။ အမိန့်တော်တစ်ခု လာရှိသည် မှာ မည်သူမဆို ၄င်းညတွင် အိရှာ ဆွလာသ်ကို ဂျမာအသ်ဖြင့် ဖတ်သည်ရှိသော် ထိုသူသည် ညလယ်တိုင် အောင် အိဗါဒသ် လုပ်သည့် ဆွဝါဗ် ရရှိပေမည်။ ထို့အပြင် မည်သူမဆို ၄င်းညတွင် ဖဂျရ် ဆွလာသ်ကို ဂျမာအသ်ဖြင့် ဖတ်သည်ရှိသော် ထိုသူသည် မိုးလင်းသည့်တိုင်အောင် အိဗါဒသ်လုပ်သည့် ဆွဝါဗ် ရရှိပေ မည်။ သို့ဖြင့် အသင်သည် တစ်ညလုံး အိဗါဒသ် လုပ်သည့် စာရင်းတွင် ပါဝင်ပေတော့မည်။

၂) အထူးသဖြင့် (၁) ကျမ်းမြတ်ကု၇် အာန် သိလာဝသ်လုပ်ခြင်း၊ (၂) နေ့စဉ် ဆွလာသ် ၅ ကြိမ် ကို ဂျမာအသ်ဖြင့် ရအောင်ဖတ်ခြင်း၊ အခြား နဖိတ် ဆွလာသ်များ အထူးသဖြင့် အိရှ်ရာက်၊ ကျားရှ်၊ အောင်ဝါ ဗီးန်၊ သဟဂ်ျဂျွဒ် ဆွလာသ်များကို မိမိရရ ဖတ်ခြင်း၊(၃) မိမိ ၏ ရိုဇာဟ်ကို မပျက်ကွက်အောင် ဂရုတစိုက်ဖြင့် လုပ်ဆောင်ခြင်း၊ ဥပမာ၊ မိမိကိုယ်ကို ကျန်းမာအောင်ထားခြင်း၊ ဆိုင်ရီအချိန်ကို ဘဲလ်ပေးထားခြင်း၊ အခြားသူများနှင့် အပိုအလို စကားများ မပြောမိအောင် သတိထားခြင်း၊ ခိုက် ရန်မဖြစ်အောင် သတိထားခြင်း၊ ဆဘဲရ်ထားခြင်း၊ (၄) သရာဝိဟ် ဆွာလသ်ကို အချိန်မှန်ဖတ်ခြင်း၊ ၂၀ ရကအသ် ဖတ်ဖြစ်အောင်ဖတ်ခြင်း၊ ဗလီသို့ ကြိုတင်ရောက်နေခြင်း၊ (၅) ရန်ဖန်ရန်ခါ ဆွလာသ် သစ်ဗီဟ် ဖတ်ခြင်း။ (၆) ဇိကိရ်လုပ်ခြင်း၊ (၇)အခြားသူများအတွက် ရိုဇာဖြေရန် အိဖ်သွာရ်အတွက် ငွေစိုက် ထုတ်ပေးခြင်း၊ မိမိကိုယ်တိုင် ချက်ပြုတ် ကြွေးမွေးခြင်း၊ (၈) သအ်လီးမ်၊ နဆွိဟသ် ထိုင်ဝိုင်းများတွင် မိမိကိုယ်တိုင် နားထောင်ခြင်း၊ အခြားသူများကို သအ်လီးမ်ပေးခြင်း၊ (၉) လိုင်လသွလ် ကဒရ် ညမြတ်ကိုကြိုတင် တွေးတောနေခြင်း၊ ၄င်းညမြတ်တွင် ညလုံးပေါက် အိဗါဒသ် လုပ်ခြင်း၊ ၄င်းညကို ရှာဖွေခြင်း၊ (၁၀) မိမိ၏ ဖိသ်ရဟ်များ ဇကာသ်ပေးခြင်းကိစ္စများကို ပြီပြင်အောင်ဆောင်ရွက်ခြင်း၊ (၁၀) စွမ်းဆောင်နိုင်က အိသိကာဖ် ထိုင်ခြင်း၊ အခြားထိုင်သူများကို ကူညီခြင်း၊ (၁၁) တတ်နိုင်သ၍ ဆင်းရဲသားများ၊ ဒုက္ခရောက်သူများကို ကူညီခြင်း၊ လှူဒန်းခြင်း၊ ပရဟိတ လုပ်ငန်းများတွင် ၀င်ရောက် ကူညီခြင်း (၁၂) အိဒ်နေ့တွင် သူဆင်းရဲများကို အ၀တ်အစားကောင်းများ လှူဒါန်းခြင်း နှင့် မိတ်ဆွေသင်္ဂဟ အပေါင်းကို ပျော်ရွှင်အောင်ထားခြင်းတို့ဖြစ်ပါသည်။

လိုင်လသွလ် ကဒရ်နှင့် ပတ်သက်ပြီး အခြားသိသင့်သည့်အချက်တစ်ချစ်သည် ၄င်းညတွင် ကောင်းကင် တမန် ဂျီဘရီလ်သခင်သည် မိမိ၏ အခြားသော ကောင်းကင်တမန်များ ၇ သောင်းနှင့်အတူ မြေပြင်သို့ ဆင်းသက်လာလေသည်။ ၄င်းတို့သည် ကအ်ဘဟ်ကျောင်းတော်အနားတွင် စခန်းချကြပြီး ကောင်းကင်တ မန်များသည် မြေကမ္ဘာအနံ့သို့ သွားရောက်ကြကာ အိဗါဒသ်လုပ်နေသူ များ၊ ဆွလာသ်ဖတ်နေသူများ၊ ကုရ်အာန် ကျမ်းမြတ်ဖတ်နေသူများ၊ အခြားအိဗါဒသ်အမျိုးမျိုးလုပ်နေသူများအတွက် ဆုတောင်းမေတ္တာများပို့သကြကာ ၄င်းတို့၏ စာရင်းများကို ပြုစုကြလေသည်။ သူတို့သည် ၄င်းအလုပ်များကို မိုးလင်းသည့်တိုင်လုပ်ဆောင်နေ ကြလေသည်။ မိုးလင်းသည်နှင့် သူတို့သည် မိုးကောင်းကင်သို့ ပြန်ကြလေတော့သည်။ အလ္လာဟ်အရှင် မြတ်သည် မိမိဂတိတော်အတိုင်း လိုင်လသွလ်ကဒရ်ညကို ရရှိသွားသူမှန်သမျှကို လပေါင်း တစ်ထောင်၏ အကျိုးဆွဝါဗ်များ မုချဧကန် ပေးသနားတော်မူမည်မှာ သေချာပါသည်။

သို့သော် တမန်တော်မြတ် ဟဒီးဆ်တော်များကို တင်ပြထားသည့်အနက် သတိထားမိမည်မှာ မည်သူမဆို လိုင်လသွလ်ကဒရ် ညကို ရှာဖွေခြင်းလည်းမရှိ၊ သတိလည်းမထား၊ လစ်လျှူရှုနေကာ လွတ်သွားသူများ အတွက်မူ သတင်းကောင်းရှိမည်မဟုတ်ပေ။ ထိုသူသည် အလွန်ကြီးမားသော အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်သွားလိုက်သည်ကို သူကောင်းကောင်း သဘောပေါက်မိလေမလား။

အိုအလ္လာဟ်အရှင်မြတ် …… ကျွန်တော်မျိုးအား အပြစ်ဂိုနာအပေါင်းမှခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုး၏ ကွယ်လွန်လေ ပြီးသော မိဘများ၊ ဆွေမျိုး သားခြင်းများကို မဂ်ဖိရသ်ပေးသနားတော်မူပါ။ အထူးသဖြင့် ကျွန်တော်မျိုး၏ မိဘ နှစ်ပါးကို ဂျန္နသ် ဖိရ်ဒေါစ် မှာ နေရာပေးသနားတော်မူပါအရှင်။ ကျွန်တော်မျိုးအား အရှင့်အိဗါဒသ် လုပ်နိုင်သော သောင်ဖိက် စွမ်းအားပေးသနားတော်မူပါအရှင်၊ ကျွန်တော်မျိုး၏ သားသမီး များကိုလည်း အရှင်နှစ်သက်သော လမ်းဝယ်လျှောက်လှမ်းနိုင်သော စွမ်းအားပေးသနားတော်မူပါ။ သူတို့အား ကျွန်ုပ်၏ မျက်စိများအတွက် အေးမြမှုအဖြစ် ဖန်တီးပေးသနားတော်မူပါအရှင်။

ို ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်
ကျွန်တော်တို့အားလုံးကို မိမိ၏ ရဟ်မသ်တော် ဘရကသ်တော် အတွင်းကနေ အခုလို မြင့်မြတ်သော ညမြတ်ကို ရရှိနိုင်သော အခွင့်အရေး ပေးသနားတော် မူပါစေလို့ ဆုမွန်ကောင်းတောင်းကြပါရန်နှင့် မိမိနှင့် မိဘများကို အခုလို လိုင်လသွလ်ကဒရ် ညမြတ်မှာ မှတ်မှတ်ရရ ဒိုအာလုပ် ပေးပါရန် မေတ္တာရပ်ခံလိုက်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက မွတ်စ်လင်ဆိုသည်မှာ မွေးဖွာခြင်းဆိုသည့်အချိန်မှ သေဆုံးချိန်တိုင်အောင် အိဗါဒသ်လုပ်နေနိုင်ဖို့ပင်ဖြစ်ပါသည်။ အမိန့်တော်ရှိသည်ကိုက အသင်တို့ကို ဖန်ဆင်းခြင်းသည် ငါ၏ အိဗါဒသ်ကို လုပ်ရန်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ အဓိက အချက်ကတော့ မိမိတို့သည် အစဉ် အိဗါဒသ် လုပ် နိုင်သည့် သောင်ဖိက်ကို အလ္လာဟ်ထံတော်မှသာ တောင်းခံကြရန်အရေးကြီးပါသည်။ အိဗါဒသ်ကို အစဉ် လုပ်ဖို့ခက်တယ်ဆိုတဲ့ မိတ်ဆွေများအတွက် အိဗါဒသ်ဆိုတာ ကောင်းတဲ့အလုပ်မှန်သမျှဟာ အိဗါဒသ်ဖြစ် ပါတယ်ဆိုတာကို ယေဗူယအားဖြင့် မှတ်ထားနိုင်ပါတယ်။ ဒါကြောင့် ကောင်းတာမှန်ရင် တနည်းအား ဖြင့် လောကကြီး သာယာဆိုပြေရေးအတွက် လူသားတွေ အေးချမ်းသာယာရေးအတွက် လုပ်ကိုင်ဆောင် ရွက်ခြင်း မေတ္တာဝေမျှခြင်း ဆိုတို့ပင်လျှင် ကောင်းမူကြီးသာဖြစ်ပေတော့မည်။ အထူးသဖြင့် မိမိ၏ကောင်းမူအပေါင်း သည် အသာမနေ ရောင်ပြန်ဟပ်တတ်သည်ဆိုသည်ကို မိမိတို့ကောင်းကောင်းကြီးသိနေကြပါစေ။ ဒီတော့ ခုလိုလိုင်လသွလ်
အခါမြတ်မှာ
တခါထပ်ကာ
နှစ်ဆတိုးရင်း
အမြတ်အကျိုး
ရယူပွားများ
ဝမ်းသားနိုင်ကြပါစေသားဟု စေတနာ မေတ္တာ သဒ္ဓါတရား ရှေ့ဝယ်ထားရင်း အလ္လာဟ်အရှင်မြတ် မိမိတို့ အားလုံးကို ကောင်းမှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ အကူအညီသောင်ဖိက် ပေးသနားပါလို့ ပြောဆိုလိုက်ရင်းနဲ့ နိဂုံးချုပ်လိုက်ပါသည်။ အားမီးန် ........။


No comments: