Thursday, April 22, 2010

Learing Knowledge is the most important Toll for Development


ဂျွမ္မဟ်ခွသ်ဘဟ်- 11/12/2009- ဇိလ်ဟဂ်ျလ ၂၃၊ ၁၄၃၀
ပညာသင်ကြားမှု (ခေတ်ပညာနှင့် ဘာသာရေးပညာ) ၏ အရေးပါခြင်း

الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله.

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ ………..။

ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှသာ အကူအညီ တောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့စိတ်အတွင်းရှိ မကောင်းမှုကိုအားပေးသည့် လှုံဆော်မှုနှင့် ပြင်ပမှပြစ်မှုကျူးလွန် အောင်ပြုလုပ် သည့် လှုံဆော်မှုများမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ် (ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက်စေသားဟုလည်း ဆုမွန်ကောင်းတောင်းခံအပ်ပါသည်။ အာမီးန်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။

ယနေ့တင်ပြချင်တဲ့အကြောင်းအရာကတော့ ပညာသင်ကြားရေးသည် အရေးကြီးသည် ဆိုတဲ့အကြောင်း ပါဘဲ။

ပညာ သင်ကြားတတ်မြောက်ရေး အရေးကြီးပုံ မည်မျှအရေး ကြီးသည်ဆိုသည်ကို ပြောစရာမလိုအောင် ရှင်းလင်းပါသည်။ ပညာဟူသည် အသိနှင့်အတတ်ကို အကောင်းဆုံး အသုံးချတတ်အောင်နှင့် အသုံးဝင် အောင် ပြုလုပ်ရန်ဖြစ် ပါသည်။ လူသားဟူသည် ပညာဗဟုသုတ မသင်ယူ မတတ်သေးသမျှကာလပတ်လုံး ထိုသူသည် ပြည့်ဝသူတစ်ဦးဟု ဆိုလိုနိုင်ရန် ခဲယဉ်းပါသည်။ ပညာဗဟုတ တတ်မြောက်ရန် အရေးကြီးသည်ဟု ဆိုလိုရာတွင် အဓိအချက်နှစ်ချက်ကို ထောက်ပြချင်ပါသည်။ ပထမအချက် သည် လူသား၏ ဦးနှောက်ကို ကောင်းစွာ အသုံးပြုတတ်ရန် ကြိုးပမ်းမှုတွင် ဗဟုသုတမဆည်းပူးဘဲ မဖြစ်နိုင်ပါ။ ဗဟုသုတနှင့် ပညာသည် လူသားကို ကောင်းစွာတွေးတောသူဖြစ်အောင် ကောင်းသည့် မှန်ကန်သည့် ဆုံးဖြတ် ချက်ချနိုင်အောင် အကူအညီ ပေးပါသည်။

ဒုတိယအချက်သည် ပညာဗဟုသုတဖြစ်သာ လူသည် အခြားပြင်ပြလောကတွင် ဖြစ်ပျက်နေသော အကြောင်း တရားများ၊ ပညာဗဟုတုတ များစွာကို သိရှိနိုင်ပါသည်။ အတိတ်ကာတွင် ဖြစ်ပျက်ခဲ့သော အကြောင်းများ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်တွင် ဖြစ်မည့် သဘောတရား အကြောင်းများကိုလည်း မိမိ၏ ပညာဖြင့်သာ လွယ်လွယ် ကူကူ နားလည်တတ်မြောက်သိရှိနားလည်နိုင်မည်ဖြစ်သည်။ ပညာမရှိလျှင် လူသည် မိမိကိုယ်ကို အခန်းကျဉ်း တစ်ခုဝယ် ရှိနေသည်ဟုထင်ရပြီး ပညာတတ်မြောက်သူသည် မိမိနှင့် ကမ္ဘာတစ်ခုလုံးသည် အဆက် အသွယ်ရနေပြီဟု သိရှိနိုင်ပါသည်။

ထို့ကြောင့်လည်း အစ္စလာမ်သာသနာသည် ပညာနှင့် ဗဟုသုတ ရှာဖွေခြင်းကိစ္စကို အလွန်အရေးပါသော အကြောင်းတစ်ခုအဖြစ် ဆက်စပ်ကာ ဖေါ်ပြလေ့ရှိပါသည်။ အကြင်အချိန်တွင် ကျမ်းမြတ်ကုရ်အာန် စတင် ပို့ချခြင်းခံရသည်အခါတွင်လည်း ပထမဦးဆုံး ဖေါ်ပြခြင်းခံရသည့် အကြောင်းသည် (အိက်ရအ်) ဖတ်ပါဟု အလ္လာဟ် အရှင်မြတ်က မိန့်ပါသည်။ ထို့ကြောင့် မိမိတို့သိနိုင်သည့်အချက်သည် ပညာရှာဖွေခြင်းဟူသည် လူသားတို့၏ လုပ်ငန်းရပ်များတွင် အဓိကကျသော အချက်ဖြစ်ပါသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . .. . . . .။

တမန်တော်မြတ် (ဆွ) မိန့်သည်မှာ ပညာသင်ကြားရေးသည် လူတိုင်းအတွက် အလွန်အရေးကြီးပြီး မဖြစ်မနေ သင်ယူရန် အရေးကြီး ပါသည်။ ထို့အပြင် မိန့်သည်မှာ ပညာရှင်တစ်ဦး၏ ဖေါင်တိန်မှ မှင်သည် ရှဟီဒီ တစ်ဦး၏ သွေးထက်ပို၍ တန်ဖိုးရှိကြောင်း မိန့်ရင်း ပညာရှာဖွေခြင်း၏ အရေးပါမှုကို မီးမှောင်းထိုးပြ ထားပါသည်။ ထိုသို့ဆိုလိုရင်း၏ အကြောင်းတရား ရှိနိုင်သည်မှာ ရှဟီဒီတို့သည် ခုခံစစ်ပွဲများအတွက် မိမိအသက်ကို စတေး ခံကြသူများဖြစ်သော်လည်း ပညာရှင်တို့ လမ်းညွှန်မှု သင်ကြားမှုတို့သည် လူအများ ကို၎င်း၊ သာသနာတော်ကို ၄င်း၊ နိုင်ငံတော်က၄င်း တိုးတက်ပွားများအောင် အောင်မြင်အောင် လမ်းပြရင်း အများစုအတွက် အကျိုးပြုခြင်းကို ကိုယ်စားပြုကြောင်းဆိုလိုရင်းဖြစ်ပါသည်။

အကျမ်းမြတ်ကုရ်အာန်သည် မြေကမ္ဘာနှင့် စကြာဝဠာကို လေ့လာရန် သတိပြုရန်အတွက် မကြာခဏ သတိပေးသည်ကို မိမိတို့သတိ မပြုကြပေ။ ထိုသို့ ပြောပြနေခြင်းသည် လူသားကို သဘာဝတရားကို လေ့လာရန် လမ်းညွှန်နေသည်ကို မိမိတို့ မသိရှိကြပေ။ ဟဒီးဆ်စာအုပ်များစွာတွင် ပညာရေးနှင့်ပတ်သက် ပြီး များစွာသောအကြောင်းတရားများကို တင်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဘူခါရီကျမ်းတွင် ပညာရေး အပိုင်းတွင် အလွန်တန်ဖိုးရှိသော အချက်တစ်ချက်ကို တင်ပြထားသည်မှာ “အတွင်းတို့အတွင်းတွင် အကောင်း ဆုံးသောသူသည် ပညာကိုသင်ယူပြီး ၄င်းပညာရပ်များ ကို ပြန်လည်ပို့ချသောသူသာ ဖြစ်သည်” ဟု ဆိုထား ပါသည်။ သို့ဆိုလျှင် မိမိတို့ သည် ပညာရေးကို အဘယ်ကြောင့်များ အဓိကမထားဘဲ နေကြ သနည်းဆိုသည်ကို စဉ်းစားဖို့လိုအပ်လာပြီ ဖြစ်သည်။

ပညာသင်ကြားမှုသည် မည်မျှအပေးပါသည်ကို အစ္စလာမ်သာသနာတွင် တမန်တော်မြတ် (ဆွ)၏ အထုပ္ပတ္တိ အဖြစ်အပျက်များမှ လေ့လာသင်ခန်းစာယူနိုင်ပါသည်။ မွတ်စ်လင်မ်တိုင်းသိကြသည့်အချက် တစ်ခုမှာ တမန်တော် မြတ် (ဆွ) သည် အဆွဟာဗ်တော် များသည် “ဗဒရ်” စစ်ပွဲတွင် အတိုင်းအဆ အလွန်ကြီးမားသော ကာဖိရ်တို့၏ စစ်တပ်ကို အောင်နိုင်တော်မူခဲ့ပေသည်။ ထိုစစ်ပွဲတွင် တမန်တော်မြတ် သည် ပညာတတ် ရေးတတ် ဖတ်တတ်သော စစ်သုံ့ပန်း ၇၀ ကျော်ကိုလည်း ဖမ်းဆီးမိခဲ့ပါသည်။ တမန်တော်မြတ် (ဆွ) သည် ပညာ၏အရေးပါပုံကို သိပြီး ဖြစ်သည်အလျှောက် ၄င်းတို့ကို မိန့်သည်မှာ “အသင်တို့ တစ်ဦးစီသည် မဒီနာရှိ ကလေး ၁၀ဦးစီကို ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးခြင်းဖြင့် အသင်တို့၏ စစ်လျှောက်ကြေး ကြေမည်ဖြစ်သည်” ။ သဘောမှာ သူတို့ သည် ကလေး ၁၀ ဦးပညာတတ်မှ မိမိတို့ဋ္ဌာနေသို့ပြန် နိုင်မည်ဖြစ် ပါသည်။ သို့ဖြင့် တမန်တော်မြတ်(ဆွ) ပညာရေးနှင့် ပတ်သက်ပြီး မည်မျှ အရေးထားသည်ကို သိရှိနိုင်ပါသည်။

ထူးခြားသည့်အကြောင်းမှာ ထိုမဒီနာရှိကလေးများကို ပညာသင်ပေးခြင်းအမှုသည် အစ္စလာမ်ကမ္ဘာတွင် ပထမဦးဆုံးကျောင်း အဖြစ် ယူဆနိုင်ပြီး ပညာလိုအပ်လာလျှင် ကာဖိရ်ဆရာများ ကိုလည်း ခန့်အပ်ကာ ပညာဗဟုသုတ တိုးပွား အောင်လုပ်ခြင်းသည် မှန်ကန်ကြောင်း သိနိုင်ပါသည်။ ထို့အပြင် ထိုကာဖိရ်ဆရား များသည် စစ်အကျဉ်းသားများဖြစ်ပြီး ကလေးများကို ပညာသင်ကြား နေစဉ်၎င်း၊ သူတို့ကို ပြန်လွှတ်ပေး လိုက်ပြီးနောက်၎င်း ပြဿနာရှာနိုင်သူများဖြစ် သည်ကိုလည်း တမန်တော်မြတ်(ဆွ) သည် သိတော်မူသည့် အပြင် ကလေးများကို ပညာသင်ကြားပေးရန် လက်ခံခြင်းသည် တမန်တော်မြတ်(ဆွ) ၏ ပညာရေးကို အထူး အလေးပေးသည့်အချက်ကို သတိပြုနိုင်သည်။ ထို့အပြင် ပညာသင်ကြားသင်ကြား ခြင်းတွင် အန္တရာယ်မကင်း သော်လည်း ပညာကိုမရအရ သင်ကြားပေးရမည်ကိုလည်း သတိပေးသည်ကို မိမိတို့သတိပြုမိ ပါရဲ့လား။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။

အစ္စလာမ်သာသနာသည် ပညာရေး လုပ်ငန်းများနှင့် ဗဟုသုတရှာဖွေခြင်း၊ သုသေသနပြုလုပ်ခြင်း လုပ်များကိုလည်း အထူးအားပေး အားမြောက်ပြုသည်ကိုတွေ့ရမည်။ ထိုသို့ ရှာဖွေသုသေသနပြုရန်သည် ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုအဖြစ် များစွာတွေ့ရသည်။ တမန်တော် မြတ်(ဆွ) ကိုယ်၌ကလည်း ထိုသို့ သောသုသေသနလုပ်ငန်းများတွင် လွတ်လပ်စွာလုပ်ကိုင်ခွင့် ပြုသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့် တမန်တော်မြတ် (ဆွ) လက်ထပ်တွင် စွန်ပုလွန် သီးများစိုက်ပျိုး ရေးလုပ်ငန်းများ မက္ကာမြို့တွင် အောင်မြင်ပေါက်ရောက်မှု သိပ်မဖြစ်ထွန်းသော်လည်း မဒီနာမြို့တွင်မှု ကောင်းစွာဖြစ်ထွန်းသည်ကို တွေ့ရလေသည်။ တစ်နေ့ တမန်တော် မြတ်(ဆွ)သည် မဒီနာမြို့တွင် စွန်ပုလွန်သီးစိုက်ပျိုးနေသူများ စွန်ပုလွန် ပင်များနှင့် အလုပ်များနေသည်ကို တွေ့သဖြင့် သူတို့ဘာများ လုပ်နေသနည်းဟု မေးမြန်းရာ သူတို့က မိမိတို့ သည် စွန်ပုလွန်ပင်များကို ၀တ်မှုံကူးခြင်း လုပ်ငန်းများလုပ် နေပါသည်ဟုဖြေလေသည်။ တမန်တော်မြတ် (ဆွ) ထိုသို့မလုပ်ရန် တားမြစ်သဖြင့် သူတို့လည်း ၀တ်မှုံကူးခြင်းလုပ်ငန်းကို တားမြစ်လိုက်ပါသည်။

ထိုနှစ်တွင် မဒီနာမြို့တွင် စွန်ပုလွန် အထွက်နည်းလေသည်။ တမန်တော်မြတ်(ဆွ)လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု မေးရာ သူတို့က မိမိသည် ၀တ်မှုံကူးခြင်းလုပ်ငန်း ကို ရပ်ဆိုင်းလိုက်သဖြင့် အထွက်နည်း ကြောင်းပြောလေသည်။ ထိုအခါ တမန်တော်မြတ်(ဆ) ကအသင်တို့ တတ်ကြွမ်းသော ၀တ်မှုံကူးခြင်းအလုပ်ကို ဆက်လက်လုပ်ကြ၊ အသင်တို့သည် မိမိတို့လုပ်ငန်း များတွင် အသိဆုံးဖြစ်သည် ဟုပြောလေသည်။ ထိုအခါ သူတို့သည် မိမိတို့ရိုးရာအတိုင်း ဆက်လက်လုပ်ကြရာ စွန်ပုလွန်သီးများ ဆက်လက်ဖွံ့ဖြိုးထွက်ရှိ လေသည်။ ဤနည်းအားဖြင့် တမန်တော်မြတ်(ဆွ) သည် သုသေသနလုပ်ငန်းများ လက်မှုလုပ်ငန်းများကို ဘာသာရေး လုပ်ငန်းများနှင့် ခွဲခြားသတ်မှတ်ကာ လုပ်ပိုင်ခွင့်များပေးအပ်သည်ကို တွေ့ရလေသည်။ တနည်းအားဖြင့် လူသားသည် မိမိတို့ကြွမ်းကျင်သောလုပ်ငန်းများ အခြားမကြွမ်းကျင် သေးသည့်လုပ်ငန်းများ မသိသေးသော လုပ်ငန်းများကို သုသေသနလုပ်ကာ အွမ္မသ်၏ အကျိုးအတွက် လုပ်ပိုင်ခွင့်ရှိကြောင့် ပညာဗဟုသုတရှာဖွေကာ အများအကျိုး အတွက် ကြိုးပမ်းသင့်ကြောင်း သိရှိနိုင် ပါသည်။

ထိုနည်းအတိုင်း တမန်တော်မြတ်(ဆွ)သည် ဆွဟာဗာ ဆလ်မားန် ဖါရစီ (ရ) တင်ပြသည့် အင်ဂျင်နီယာရင်း အတတ် ပညာရပ်တစ်ခု ဖြစ်သည့် ရန်သူများတိုက်ခိုင်ရာတွင် မြို့ရိုးတလျှောက် ကဒုတ်ကျင်းများတူးခြင်းဖြင့် ကာကွယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် လက်ခံသဘောတူခဲ့ပါသည်။ မိမိကိုယ်တိုင်လည်း ကဒုတ်တွင်း တူးရာတွင် ကိုယ်တိုင်ဝင်ရောက်တူးဖေါ်ခဲ့သည်။ တနည်းအားဖြင့် မွတ်စ်လင်မ်တို့အတွင်း အိုးအိမ်တိုက်တာ ဆောက်လုပ်သည့် အတတ်များ တတ်မြောက်သူများရှိရန်အရေးကြီးသလို ထိုပညာရပ်များကို လေ့လာ သင်ကြားရန် အရေးကြီးကြောင်း ကိုလည်း သိရှိနိုင်ပါသည်။

ဟဇရသ် ရှိုအိုင်ဗ်ကိုလည်း ရောမနိုင်ငံသို့စေလွှတ်ကာ ရောမတို့၏ စကားကို သင်ကြားရန်စေလွှတ်သလို၊ မွတ်စ်လင်မ်တို့အနေဖြင့် လိုအပ်လျှင် တရုပ်ပြည်သို့လည်း ပညာသွာရောက်သင်ကြားရန် လမ်းညွှန်ခဲ့ပါ သည်။ ဤအချက်ကို အထူးဂရုစိုက်ကာ လေ့လာကြည့်လျှင် မွတ်စ်လင်မ်တို့အနေဖြင့် သိနိုင်သည်မှာ မိမိတို့၏ အရိုးစွဲနေပြီ ဖြစ်သော အခြားသူတို့၏ ဘာသာစကားကို လေ့လာလျှင် သူတို့၏ဘာသာတရားကို လက်ခံသွားနိုင်သည်ဟူသော အယူအဆကို စွန့်လွှတ်သင့်ပြီဖြစ်သည်။ အခြားသူတို့၏ စကားကိုတတ်မှ မိမိ၏ သဘောကို သူတို့နားလည်အောင် ပြောပြနိုင်မည်မဟုတ်ပါလား၊ အိင်္ဂလိပ်စကားကို တတ်လျှင် ကမ္ဘာတစ်ခုလုံးတွင် ကောင်းစွာ ပြောဆိုဆက်ဆံနိုင်ပြီး မိမိ၏ ဒအ်ဝသ်လုပ်ငန်း အခြားစီးပွားလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်မည်ကို ကောင်းစွာသိနိုင်မည်။ ယနေ့အာရဗီ စကားကို ကောင်းစွာတတ်လျှင် ပြောနိုင်ဆိုနိုင်လျှင် ကမ္ဘာတွင် ကောင်းစွာ လူမှုစီးပွား ဘာသာတရား လုပ်ငန်းများကို ကောင်းစွာလုပ်နိုင် မည်ကို အသင်တို့ ယခုတိုင် တွေဝေစဉ်စားတုံးရှိနေသည်ကို သတိထားကြပါ။ ယခုအခါ ကာဖိရ်အများစုသည် ဤသဘောကို နားလည်သဘောပေါက်ပြီး ကောင်းစွာလေ့လာအသုံးချနေကြပြီ။

ထိုနည်းအတိုင်း တမန်တော်မြတ်(ဆွ) သည် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းများ၊ အရောင်းအ၀ယ်လုပ်ငန်းများ၊ စစ်ပညာသင်ကြားရေးလုပ်ငန်းများ၊ လေးမြားအတတ်၊ ဓါးခုတ်လှံထိုးအတတ်၊ မြင်းစီးအတတ်၊ ရေးကူးခြင်းအတတ်၊ သတ္တုထုတ် လုပ်ခြင်း၊ လက်နက်များပြုလုပ်ခြင်း၊ စသည်လုပ်ငန်း များကို အားပေးအားမြောက်ပြုကာ မိမိကိုယ်၌လည်း ကိုယ်တိုင် နားလည်အောင်ပြု လုပ်ခြင်း၊ နားမလည် သည့် လုပ်ငန်းတွင်လည် ကြွမ်းကျင်သူများကို အားပေးအားမြောက်ပြုခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည့် တွေ့ရ လေသည်။

လေးစားချစ်ခင်ရသော မွတ်စ်လင်မ် ညီအကိုမောင်နှမအပေါင်းတို့ . . . . . . . . . . . .။

ဘာသာရေးလုပ်ငန်းများတွင်လည်း အချို့သော ဆွဟာဘာများကို သီးသန့်မိမိအိမ်တော်အနားတွင် သီးသန့်နေ ရာပေးကာ ပညာသင်ပေး ခြင်းကိုလုပ်ပေးခဲ့သည်။ သို့ဖြင့် တမန်တော်မြတ် (ဆွ) လက်ထပ်တွင် မြောက်များစွာ သော ဆွဟာဘာတို့သည် အချို့က ဘာသာရေးလုပ်ငန်းတွင် ကြွမ်းကျင် သလို၊ အချို့ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆေးပညာရပ်များတွင် ကြွမ်းကျင်ကြသည်ကိုတွေ့ရမည်။ အချို့သောပညာရှင်များသည် သုသေသန လုပ်ငန်းများ တွင် ကျင်လည်နေကြသည်။

ခလီဖွာသမ္မတကြီး လက်ထပ်တွင် အဆိုပါအလေ့အကျင့်များသည် တွင်ကျယ်လာလေသည်။ မွတ်စ်လင်မ် တို့သည် ဘာသာရပ်အမျိုးတွင်၊ လုပ်ငန်းရပ်အမျိုးတွင် ကြွမ်းကျင်လာကာ တိုက်ပွဲတိုင်းတွင်လည်း အောင်မြင်သူ များဖြစ်လာလေသည်။ ဤသို့ဖြင့် မက္ကာမြို့မှ စတင်ကာ ဖြစ်ထွန်းလာခဲ့သော အစ္စလာမ် လူမှုအသိုင်းအ၀န်း ကလေးသည် တဖြေးဖြေးဖြင့် မဒီနာမြို့မှစတင်ကာ အာရေးဗီးယား ကျွန်းဆွယ် တစ်ခုလုံးကို လွမ်းမိုးလာပြီး နောက်၊ ဆီးရီးယား၊ အီရတ်၊ အီရန်၊အာဖရိက၊ အရှေ့အာရှနိုင်ငံများ၊ အလယ်အာရှနိုင်ငံများနှင့် ဥရောပရှိ စပိန်နိုင်ငံအထိ နယ်ပယ်တိုးချဲ့ကာ အစ္စလာမ်အင်ပါယာကြီးကို တည်ဆောက်နိုင်ခဲ့သည်မဟုတ်ပါလား။

ဤသည်မှာ ပညာရပ်များ၊ ဗဟုသုတများ လေ့လာလိုက်စားခြင်း၊ သုသေသနလုပ်ငန်းများကို လုပ်ကိုင်ခြင်း စသည့်တို့၏ အကျိုးကျေးဇူးများဖြစ်ပါသည်။ တနည်းအားဖြင့် အသိုင်းအ၀န်းတစ်ခုမှာ အသိပညာရှင်၊ အတတ် ပညာရှင်အမျိုးမျိုးရှိဖို့ လိုအပ်ပါတယ်။ သို့သော် ထိုအသိပညာရှင် အတတ်ပညာရှင် အားလုံးတို့သည် အလ္လာဟ် အရှင်မြတ်သတ်မှတ်တဲ့ လူတစ်ဦးချင်း လုပ်ရန်လိုအပ်တဲ့ ဘာသာရေး တာဝန်များဖြစ်တဲ့ အစ္စလာမ် မဏ္ဍိုင် ၅ ခုကို ကောင်းစွာ လုပ်တတ်ဖို့လိုအပ်ပါတယ်။

ဆရာဝန်တစ်ဦး အင်ဂျင်နီယာတစ်ဦးသည် မိမိ၏ လုပ်ငန်းနှင့် မိမိ၏ ဘာသာရေးတာဝန်များ နှစ်ခုလုံးကို ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဘာသာရေးတာဝန်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်အား မိမိရဲ့ ဖန်ဆင်းရှင်အဖြစ် အစဉ်အသိရှိနေဖို့၊ ဆွလာသ်တာဝန်များကို ကျေပွန်ဖို့၊ အချိန်မှန် ရိုဇာစောင့်ထိန်းခြင်း၊ ဇကာသ်တာဝန်နှင့် ဟဂ်ျတာဝန်များကို ကောင်းစွာ အကောင်အထည်ဖေါ်ဖို့နှင့် လူမှုရေးတာဝန် ၀တ္တရားများကို ကျေပွန်ဖို့ဖြစ် ပါတယ်။ ဒီလိုဆိုရင် အဲ့ဒီလိုပညာရှင်မျိုးဟာ လောကီ လောကုတ္တရာ နှစ်ဘ၀လုံးမှာ အလွန်တန်ဖို့ရှိတဲ့ သူတွေဖြစ်သလို အလ္လာဟ်အရှင်မြတ် နှစ်သက်တဲ့သူတွေလည်း ဖြစ်တဲ့အတွက် သူတို့ရဲ့ လောကဟာ စိတ်ပျော် စရာ ၀မ်းသာစရာကောင်းသလို အနာဂတ်လာလည်း အင်ရှာအလ္လာဟ် ဂျန္နသ်ဥယျဉ်မှာ နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

အစ္စလာမ်သာသနာမှာ သူအများကောင်းကျိုးပြုတဲ့လူတွေဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီ ယာတွေ၊ ကျောင်းဆရာတွေ၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်နဲ့ ရပ်တည်ချက်တွေဟာ သူတို့ရဲ့ ရည်ရွယ်ချက် (နီယသ်) တွေအပေါ်မူတည်ပြီး သူတို့အတွက် အလ္လာဟ်အရှင်မြတ်ဟာ အကျိုးကျေးဇူးများ ပေးအပ်မှာဖြစ်တယ်။ သူတို့ဟာ ကောင်းတဲ့နီးယသ်တွေနဲ့ လောကမှာ ရပ်တည်ခဲ့လျှင် သူတို့သည်၎င်း သူတို့၏ လုပ်ငန်းနှင့် သူတို့ သင်ယူခဲ့တဲ့ လုပ်ငန်းရပ်များအားလုံးသည်၎င်း အလွန်မွန်မြတ်တဲ့ လုပ်ရပ်တွေ အတုယူစရာကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်မှာပါဘဲ။

အချို့သောသူတို့သည် ပညာဗဟုသ ရှာဖွေခြင်းဆိုသည့် သဘောကို ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်များ လေ့လာသင်ယူခြင်း စသည့်ပညာရပ်များအထိသာ ကန့်သတ်နားလည်ကြပြီး နောက်ထပ်ပညာရပ်များဖြစ် သည့် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်များတွင် ဖေါ်ပြထားသည့် လောကနှင့် လောကရှိလူအများတို့ အတွက် အကျိုးပြုလုပ်ငန်းများ၊ အများသူငှာတို့နှင့် ပေါင်းသင်းဆက်ဆံ မှုလုပ်ငန်းများ၊ ပူးပေါင်း လုပ်ကိုင်မှုလုပ်ငန်း များကိုလုပ်ကိုင်စရာ မလိုဟုယူဆနေကြသူများလည်း များစွားရှိကြလေသည်။ တနည်း အားဖြင့် ခေတ်ပညာ သင်ကြားမှုလုပ်ငန်းများ စသည်တို့သည် ဤလောကအထိသာအကျိုးပြုပြီး အာခိရသ် အတွက် အသုံးမ၀င်သည့် ပညာရပ်များဟု ယူဆပြီး ထိုသို့သင်ယူသူများ၊ သင်ကြားသည့်ပညာရပ်များ၊ သင်ကြားပေးသူများအားလုံးကို ရှုံ့ချပစ်တင် ဝေဖန်တတ်ကြလေသည်။

ထိုသို့သောသူတို့အတွက် အကောင်းသော အဖြေနှင့် ရှင်းပြချက်သည် တမန်တော်မြတ် (ဆွ)၏ အဆ်ဟာဘ် တော်များ နေထိုင်ကျင့်ကြံခဲ့သော လုပ်ငန်းများ အတတ်ပညာရပ်များ စသည်တို့ကို လေ့လာကြည့်ရှုရန်သာ လိုအပ်ကြောင်းပြောချင်ပါသည်။ တမန်တော်မြတ်(ဆွ) အနေဖြင့်လည်း အထက်တွင် ဖေါ်ပြခဲ့သည့် လုပ်ငန်း မျိုးစုံ ပညာရပ်မျိုးစုံကို လေ့လာသင်ကြား လုပ်ကိုင်ခဲ့သော ဆွဟာဘာ အပေါင်းတို့ကို မည်သို့မည်ပုံ အားပေး အားမြောက်ပြုခဲ့သည်များနှင့် ထိုသို့ဘက်စုံ လုပ်ကိုင်ခဲ့သည့် ဆွဟာဘာကြီးများနှင့် သာဘီအီးန်များ သဘာအ်သာဘီအီးန်များ၏ ကြိုးပမ်းမှုများကြောင့် အစ္စလာမ် အင်ပါယာကြီး တည်ထောင်နိုင်ခဲ့သည့် သာဓကများသည် ထိုသူတို့ အတွက် အကောင်းဆုံးသော လေ့လာစရာများဖြစ်ကြောင်းတင်ပြလိုက်ပါသည်။ ထို့ကြောင့် ယနေ့ခေတ် အစ္စလာမ်သာသနာဝင် လူငယ်များအဖို့ ဤဆောင်းပါးသည် အလွန်အကျိုးပြုမည်ဟု ထင်မြင်သလို အစ္စလာမ်နှင့် ခေတ်ပညာ၏ အကျိုးရှိမှု အကျိုးပြုမှုများကို ကောင်းစွာနားလည်သဘောပေါက်ပြီး မိမိတို့၏ အသိုင်းအ၀န်းနှင့် ပတ်ဝန်းကျင်ကို အကောင်းဆုံး အလှပဆုံးဖြစ်အောင် လုပ်ဆောင်ရင်း လောကီလောကုတ္တရာ အကျိုးပွား များစေဖို့ လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုက်ပါသည်။



بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ.

No comments: