၀၉၂။ စူရာ လိုင်းလ်း ညဥ့် ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၂၁ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၉၂း ၁ ငါအရှင်မြတ်သည် ညဉ်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဥ့်သည် လွှမ်းမိုးလေ၏။

၀၉၂း ၂ ၄င်းအပြင် နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် လင်းဝင်းလေ၏။

၀၉၂း ၃။ ထိုပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ကို သက်သေထူတော်မူ၏။

၀၉၂း ၄ ဧကန်စင်စစ် အသင်တို့၏ ကြိုပမ်းဆောင်ရွက်မှုသည် အပြားပြားဖြစ်၏။

၀၉၂း ၅ သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၄င်းအပြင် ထိုသူသည် အရှင်မြတ်အား ကြောက်ရွံ့ လေ၏။

၀၉၂း ၆ ထို့နောက် ထိုသူသည် ကောင်းမြတ်သောအရာကို ဟုတ်မှန်သည်ဟု ယုံကြည်လက်ခံလေ၏။

၀၉၂း ၇ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူမည်။

၀၉၂း ၈ သိုသော် မည်သို့ပင်ဖြစ်စေ ထိုသူသည် စေးနဲသည်။ ၄င်းအပြင် မိမိကို လိုလားတောင့်တခြင်းမှ ကင်းမဲ့သည်ဟု ထင်မှတ်၏။

၀၉၂း ၉ ထိုမှတစ်ပါး ထိုသူသည် ကောင်းမြတ်သောအရာကို မဟုတ်မမှန်ဟု ငြင်းဆိုလေ၏။

၀၉၂း ၁၀ သို့ဖြစ်လျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။

၀၉၂း ၁၁ ၄င်း၏ ချမ်းသာမှုသည် ထိုသူ ဒုက္ခရောက်သောအခါ အသုံးဝင်လိမ့်မည်မဟုတ်ပေ။

၀၉၂း ၁၂ စင်စစ် တရားလမ်းညွှန်ပြခြင်းသည် ငါအရှင်မြတ်၏ တာဝန်ပင်ဖြစ်၏။

၀၉၂း ၁၃ ထို့အပြင် တမလွန်ကို၎င်း၊ ဤလောကကို၎င်း ငါအရှင်သာလျှင် ပိုင်ဆိုင်တော်မူ၏။

၀၉၂း ၁၄ ထို့အပြင် ငါအရှင်သည် အသင်တို့အား ဟုန်းဟုန်းတောက်လောင်လျှက်ရှိသော ငရဲမီးနှင့် ပတ်သက်၍ နိုးဆော်ခဲ့ပြီးဖြစ်သည်။

၀၉၂း ၁၅ ထိုငရဲမီးအတွင်းသို့ ယုတ်မာသောသူသာလျှင် သွားရမည်။

၀၉၂း ၁၆ ထိုသူသည် နဗီတမန်တော်အား မဟုတ်မှန်သူဟူ၍ုငြင်းပယ်ကာ မျက်နှာလွှဲခဲ့၏။

၀၉၂း ၁၇ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေသူသည် ထိုငရဲမီးမှ ကင်းဝေးလိမ့်မည်။

၀၉၂း ၁၈ ထိုသူသည် မိမိ သန့်ရှင်းစင်ကြယ်စေရန်အလို့ငှာ ဥစ္စပစ္စည်းကို ပေးလှူဒါန်း၏။

၀၉၂း ၁၉ ၄င်းအပေါ်ဝယ် ပြန်လည်ပေးဆပ်ရန် တစ်ဦးတစ်ယောက်မျှ၏ ကျေးဇူးတစ်စုံတစ်ရာမျှ မရှိပါ။

၀၉၂း ၂၀ မိမိအရှင်၏ ကျေနပ်မှုအတွက်သာ ပေးကမ်းခြင်းအမှုကို ပြုခဲ့၏။
၀၉၂း ၂၁ စင်စစ် ထိုသူသည် မကြာမီ အမှန်ပင် ကျေနပ်သွားမည်ဖြစ်သည်။
No comments:
Post a Comment