Friday, April 2, 2010

Surah 015 Al Hijir : Hijir Velley

၀၁၅ ။ စူရာ ဟစ်ဂ်ျရ်း ကျောက်ဆောင်ကဏ္ဍ( မက္ကာမြို့တော်ကျ-အစောင် ၁၅၊ ၉၉ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၁။ အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်ကား (အဘက်ဘက်မှပြည့်စုံသော) ကျမ်းဂန်ဓမ္မက္ခန်၏ အာယတ်တော်များသည်လည်းကောင်း၊ ထင်ရှားလှစွာသော ကုရ်အာန်ကျမ်းတော် မြတ်၏အာယတ်တော်များသည်လည်းကောင်း၊ ဖြစ်ပေသတည်း။

၂။ ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည် အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင် ကောင်းလေစွတကားဟုအကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒ ထားရှိကြကုန်အံ့။

၃။ (အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ် သွေဖည်ငြင်းပယ်သော)သူတို့အား (လက်ရှိအခြေအနေ အတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစားလျက် ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အားအာရုံလွှဲပြောင်းထားရှိရန်လည်း ကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို)သိရှိကြကုန်အံ့။

၎။ စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းအပ်သော အချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည် မဟုတ်ပေ။
(တစ်နည်း)ငါအရှင်မြတ် (ကုဖ်ရ်အတွက်ကြောင့်) ဖျက်ဆီးတော်မူခဲ့သမျှသော မြို့ရွာများနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်တချိန်ရှိခဲ့သည်သာ ဖြစ်သည်။

၅။ မည်သည့်လူမျိုးမျှပင် မိမိတို့၏ (သတ်မှတ် ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွားနိုင်ကြမည်လည်း မဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြ မည်လည်း မဟုတ်ချေ။

၆။ ၎င်းပြင် (အို-နဗီတမန်တော်) ထို(ကာဖိရ် သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) ““အို-ဆုံးမသြ၀ါဒ (ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနား တော်မူခြင်းခံရသောသူမဟုတ်။ ဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူ ဖြစ်သည်”” ဟု ပြောဆိုခဲ့ကြသည်။

၇။ အကယ်၍ အသင်သည် (သစ္စာဝါဒီ) မှန်ကန်စွာ ပြောဆိုသူဖြစ်ခဲ့ပါလျှင် အဘယ်ကြောင့် အသင်သည် ““မလာအိကဟ်””ကောင်းကင်တမန်တော်များအား ကျွန်ုပ်တို့ထံ ခေါ်ဆောင်မလာသနည်း။

၈။ (စင်စစ်သော်ကား) ငါအရှင်မြတ်သည် တိကျမှန်ကန်သောစီရင်ဆုံးဖြတ်ချက် မရှိဘဲလျက် မလာအိကဟ် ကောင်းကင်တမန်များကိုချပေးတော်မူသည် မဟုတ်ပေ။ ထိုမှတပါး ၎င်းတို့သည် ထို (ကောင်းကင်တမန်များ ရောက်ရှိလာကြသော)အခါ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူခြင်းကို ခံရသူများလည်း ဖြစ်ကြမည် မဟုတ်ပေ။

၉။ ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် ဤဆုံးမသြ၀ါဒ(တည်းဟူသော ကုရ်အာန်ကျမ်းတ်ာမြတ်) ကို ချပေးသနားတော်မူခဲ့လေသည်။ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမသြ၀ါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။

၁၀။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် ရှေးအုပ်စုများတွင်လည်း (နဗီ တမန်တော်များအား)စေလွှတ်တော်မူခဲ့လေသည်။

၁၁။ စင်စစ်သော်ကား ၎င်းတို့ထံ ရစူလ်တမန်တော် တစ်ပါးပါး ရောက်ရှိလာတိုင်း ၎င်းတို့သည် ထိုရစူလ်တမန်တော်အား ပြက်ရယ်သမှုပြုလေ့ ရှိခဲ့ကြသည် သာတည်း။

၁၂။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သောသူတို့၏ စိတ်နှလုံးများ၌ ယင်းပြက်ရယ်သမှုပြုခြင်းကို သို့မဟုတ် ယင်းကုရ်အာန်ကို လမ်းဖွင့်၍ပေးတော်မူ၏။ (ထည့်သွင်းပေးတော်မူ၏)။

၁၃။ (သို့ဖြစ်ပေရာ) ထို (မယုံမကြည် သွေဖည် ငြင်းပယ်သော)သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်)ကို မယုံကြည်ကြချေ။ အမှန်စင်စစ်သော်ကား ရှေး သူဟောင်းတို့၏ အစဉ်အလာသည် လွန်လေပြီး ဖြစ်ပေသတည်း။ (တစ်နည်း)ထို့အတွက်ကြောင့်ပင် ထိုသူများသည် ထို (ကုရ်အာန်ကျမ်းမြတ်)ကို ယုံကြည်သည် မဟုတ်ပေ။၎င်းပြင် ရှေးသူဟောင်းတို့၏ အစဉ်အလာသည်လည်း (ဤအတိုင်းပင်) ရှိလာခဲ့ပေသည်။ (ကြည့်-ထာန၀ီ)

၁၄။ အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် မိုးကောင်းကင်၌ တံခါးပေါက်တစ်ခုခုကို ဖွင့်ပေးတော်မူခဲ့ပါလျှင် ထို့နောက် ၎င်းတို့သည် နေ့ကြောင် တောင်ပင် ထိုတံခါးပေါက်မှ (ဆင်း) တက် (သွားလာ) ခဲ့ကြသော်လည်း။

၁၅။ (ထိုသို့သောအခါမျိုး၌လည်း) ၎င်းတို့က ကျွန်ုပ်၏မျက်စိများသည် (လှည့်စား) ပိတ်ပင်ထားခြင်းကို ခံခဲ့ကြရပေသည်။ ထိုမျှမက ကျွန်ုပ်တို့သည် စုန်းပြုစား ခြင်းကို ခံခဲ့ကြရသော လူစုပင် ဖြစ်ကြပေသည်ဟု ပြောဆိုကြမည်မှာ အမှန်ပင်။

၁၆။ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်၌ ဂြိုဟ်နက္ခတ်များကို ပြုလုပ်(ဖန်ဆင်း) တော်မူ၍ ယင်းမိုးကိုကြည့်ရှုသူတို့အဖို့ မျက်စိပသာဒ ဖြစ်စေတော်မူခဲ့လေသည်။

၁၇။ ထိုမှတပါး ငါအရှင်မြတ်သည် ယင်းမိုးကို နှင်ထုတ်ခြင်းခံရသောရှိုင်တွာန်မိစ္ဆာကောင် အသီးသီးတို့မှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။

၁၈။ သို့ရာတွင် အကြင် ရှိုင်တွာန်မိစ္ဆာကောင် (တစ်ဦးဦး)သည် တိတ်တဆိတ် (စကားကို) နားထောင်ခဲ့ပါလျှင် (ခိုးဝှက်နားထောင်ခဲ့ပါလျှင်) လင်းဝင်းသော မီးတောက်မီးလျှံသည် ၎င်း၏ နောက်သို့ (ထက်ကြပ်မကွာ) လိုက်လေတော့သတည်း။

၁၉။ ၎င်းပြင် ငါအရှင်မြတ်သည် ပထ၀ီမြေကို ဖြန့်ခင်းတော်မူ၍ ယင်းပထ၀ီမြေ၌ လေးလံသော တောင်ကြီးများကို ချထားတော်မူလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းပထ၀ီမြေ၌ ခန့်မှန်း (သတ်မှတ်)ပြီးဖြစ်သော အရာဝတ္ထုတိုင်းကို ပေါက်ရောက် ဖြစ်ထွန်းစေတော်မူခဲ့လေသည်။

၂၀။ ထိုမှတပါး ငါအရှင်မြတ်သည် ထိုပထ၀ီမြေ ၌ အသင်တို့အဖို့လည်းကောင်း၊ အသင်တို့ စားနပ်ရိက္ခာ ထောက်ပံ့ခြင်းမပြုသော သူတို့အဖို့လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ် (စီမံ) ထားတော်မူခဲ့လေသတည်း။

၂၁။ စင်စစ်သော်ကား မည်သည့်အရာမျိုးမဆို ငါအရှင်မြတ်အထံတော်၌ ထိုအရာဝတ္ထု၏အစုအပုံများ (ဘဏ္ဍာတော်များ)သည် (အပြည့်)ရှိပေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုအရာဝတ္ထုကို သတ်မှတ်ထားသော အတိုင်းအတာအချိန်အဆနှင့်အညီသာလျှင် ချပေးတော်မူပေသတည်း။

၂၂။ ၎င်းပြင် ငါအရှင်မြတ်သည် လေများကို ရေထမ်းလျက် စေလွှတ်တော်မူခဲ့လေသည်။ တဖန် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုရွာသွန်းစေ တော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကိုတိုက်ကျွေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား အသင်တို့သည် ထိုရေကို စုဆောင်း သိုလှောင်နိုင်ကြသောသူများ မဟုတ်ကြချေ။

၂၃။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ရှင်စေတော်မ၏ူ ။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်ပင် လျှင် သေစေတော်မူ၏။ ၎င်းအပြင် ငါအရှင် မြတ်သည်ပင်လျှင် အမွေစား အမွေခံ ဖြစ်တော်မူ၏။ (ကျန်ရစ်တော်မူမည့်အရှင် ဖြစ်တော်မူ၏။)

၂၄။ ထို့ပြင် မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အနက်မှ ရှေးလူဟောင်းတို့ကိုလည်း ကောင်းစွာ သိတော်မူပြီးဖြစ်လေသည်။ ထိုနည်းတူစွာ မုချစင်စစ် ငါအရှင်မြတ်သည် အသင်တို့အနက်မှ နောင်လာ နောင်သားတို့ကိုလည်း ကောင်းစွာသိတော်မူပြီး ဖြစ်ပေသတည်း။

၂၅။ ထိုမှတပါး အမှန်စင်စစ် အသင်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် ထိုအရှင်မြတ်xသည်ပင်လျှင် ၎င်းတို့အား (ကိယာမတ်နေ့တွင်) စုရုံး တော်မူပေမည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ (အရာ ခပ်သိမ်းတို့ကို)အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

၂၆။ ထိုမှတပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။

၂၇။ ၎င်းပြင် ဂျင်(န်)သတ္တ၀ါကို (လူသားအား ဖန်ဆင်း တော်မမူမီ)အလျင်က ပူပြင်းလှစွာသော မီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသတည်း။ (တစ်နည်း) ထိုမှတပါး ငါအရှင်မြတ်သည် လူ(၀ါ)အာဒမ်ကို နယ်ထားသောရွှံ့စေးဖြင့်ပြီးသော အသံမြည်သော မြေဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် ဂျင်န်(၀ါ) အဗုလ်ဂျင်န်ကို ၎င်းအလျင်(၀ါ)အာဒမ်အလျင် အလွန်ပူပြင်းသော မီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။

၂၈။ ၎င်းပြင် အခါတစ်ပါး၌ အသင့်အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် ““မလာအိကဟ်”” ကောင်းကင်တမန်တို့အား (ဤသို့)မိန့်ကြားတော် မူခဲ့လေသည်။ ဧကန်အမှန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သော ရွှံ့ပုပ်ခြောက်ဖြင့်ဖန်ဆင်းတော်မူမည် ဖြစ်ပေသည်။

၂၉။ တဖန် ငါအရှင်မြတ်သည် (လူသား၏) ထိုမြေရုပ်ကို စနစ်တကျ ပြီးစီးအောင် ပြုလုပ်(ဖန်ဆင်း) တော်မူ၍ ယင်း (မြေရုပ်တွင်း)၌မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူလိုက်သောအခါ အသင်တို့သည် ထိုလူသား၏ ရှေ့မှောက်တွင် ပျပ်ဝပ် ဦးချကြလေကုန်။

၃၀။ သို့ဖြစ်ပေရာ ““မလာအိကဟ်””ကောင်းကင်တမန် အပေါင်းတို့သည် အားလုံးပင် အသီးသီး စဂ်ျဒဟ် ပျပ်ဝပ် ဦးချခဲ့လေကြသည်။

၃၁။ အီဗ်လီစ်မှအပ၊ ယင်းအီဗ်လီစ်မှာမူကား စဂ်ျဒဟ် ပျပ်ဝပ်ဦးချသူတို့တွင် အပါအ၀င်ဖြစ်ခြင်းကို ငြင်းပယ်ခဲ့လေသတည်း။

၃၂။ ထိုအခါ ထိုအရှင်မြတ်က အို-အီဗ်လီစ်၊ အသင်သည် ပျပ်ဝပ်ဦးချသူတို့တွင် အပါအ၀င် မဖြစ်ရန် အသင့်၌ မည်သည့်အကြောင်းရှိပေသနည်းဟု မေးမြန်းတော်မူခဲ့လေသည်။

၃၃။ (ထိုအခါ) ယင်းအီဗ်လီစ်က ကျွန်တော်မျိုးသည် အရှင်မြတ်က ပုံသွင်းထားသော အသံမြည်သောရွှံ့ပုပ်ဖြင့် ဖန်ဆင်းတော်မူခဲ့သော လူသားအား ပျပ်ဝပ်ဦးချ မည့်သူမဟုတ်ဟု လျှောက်ထားခဲ့လေသည်။

၃၄။ ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်။ (အို-အီဗ်လီစ်) သို့ဖြစ်လျှင် အသင်သည် (ယခုပင်) ဤကောင်းကင်မှထွက်လော့၊ ဧကန်စင်စစ် အသင်သည် နှင်ထုတ်ခြင်းခံရသောသူပင် ဖြစ်ချေပြီ။

၃၅။ ၎င်းပြင် စင်စစ်ဧကန် ကရုဏာတော်မှ ကင်းဝေးခြင်းသည် အစားပေးမည့်နေ့တိုင် အသင်၏အပေါ်၌ ရှိချေမည်။

၃၆။ (ထိုအခါ) ယင်းအီဗ်လီစ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ပါလျှင် အရှင်မြတ်သည် ကျွန်တော်မျိုးအား(လူသတ္တ၀ါ အပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တိုင်အောင် (သေခြင်းမှလည်းကောင်း၊ ပြစ်ဒဏ်ခတ်တော်မူခြင်းမှ လည်းကောင်း၊) ရွှေ့ဆိုင်းထားတော်မူပါဟု လျှောက်ထား ပန်ကြားခဲ့လေသည်။

၃၇။ ထိုအရှင်မြတ်က မိန့်ကြားတော်မူခဲ့သည်မှာ သို့ဖြစ်လျှင် ဧကန်မလွဲ အသင်သည် ရွှေ့ဆိုင်းထားခြင်းကို ခံရသော သူတစ်ဦးပင်ဖြစ်ပေသည်။

၃၈။ သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလ (ဆိုက်ရောက်မည့်)နေ့တိုင်အောင်။

၃၉။ (ထိုအခါ) ယင်းအီဗ်လီစ်က (ဤသို့)လျှောက်ထား ပန်ကြားခဲ့ပြန်၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား လွဲချော် မှောက်မှားစေတော်မူခဲ့သောကြောင့် အမှန်ပင် ကျွန်တော်မျိုးသည် ကမ္ဘာလောကတွင်(ပြစ်မှုဒုစရိုက်များကို) ယင်းလူသားတို့၏ အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ပါမည်။ ထို့ပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် ၎င်းတို့အားလုံးကိုပင် လွဲချော်မှောက်မှားအောင်လည်း ပြုလုပ်ပါမည်။

၄၀။ သို့ရာတွင် ၎င်းတို့အနက် (အရှင်မြတ်) ရွေးချယ်ထားတော်မူသောအရှင်မြတ်၏ ကျွန်များကိုမူကား (ကျွန်တော်မျိုးသည် လွဲချော်မှောက်မှားအောင် အလျှင်းပြုလုပ်နိုင်မည် မဟုတ်ပါ)။

၄၁။ ထိုအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ် အထံတော်သို့ (ရောက်စေမည့်) ဖြောင့်မတ်သော လမ်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူလေ၏။

၄၂။ ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်များကား လွဲချော် မှောက်မှားသူတို့အနက်မှ အသင့်နောက် သို့လိုက်ခဲ့သူမှအပ အသင်၌၎င်းတို့အပေါ်ဝယ် မည်သို့မျှပင် သြဇာအာဏာရှိလိမ့်မည် မဟုတ်ပေ။ တစ်နည်း။ ဧကန်စင်စစ် ငါအရှင်မြတ်၏ ကျွန်များအပေါ်ဝယ် အသင့်၌ မည်သို့မျှပင် သြဇာအာဏာ ရှိမည်မဟုတ်။ သို့ရာတွင် လွဲချော်မှောက်မှားသူများအနက် အသင့်စကား နားထောင်သူများ (အပေါ်တွင်မူ အသင့် သြဇာအာဏာရှိပေမည်)။

၄၃။ ၎င်းပြင် ဧကန်မလွဲ ဂျဟန္နမ်ငရဲဘုံသည် ၎င်းတို့အားလုံး၏ ချိန်းချက်ပြီးဖြစ်သော ဌာနပင် ဖြစ်ပေသည်။

၄၄။ ယင်းဂျဟန္နမ်ငရဲဘုံ၌ တံခါးပေါက် ခုနှစ်ပေါက်ရှိ၍ တံခါးပေါက်အသီးသီးတို့အဖို့ ယင်းအီဗ်လီစ်၏ နောက်လိုက်များအနက်မှ ခွဲဝေပြီးဖြစ်သောဝေစုဝေပုံ သည် ရှိပေသတည်း။

၄၅။ ဧကန်မလွဲ သူတော်စင် သူတော်မြတ်တို့မှာမူကား ဥယျာဉ်များ၌လည်းကောင်း၊ စိမ့်စမ်းများ၌ လည်းကောင်း၊ ရှိကြပေမည်။

၄၆။ (ယင်းသူတော်စင် သူတော်မြတ်တို့အား ကိယာမတ်နေ့တွင်) ““အသင်တို့သည် ယင်းဥယျာဉ်များသို့ (စိုးရိမ်ကြောင့်ကြမှု အပေါင်းမှ)ငြိမ်းချမ်းလျက် (ဘေးအန္တရာယ် အသွယ်သွယ်တို့မှ) ကင်းလွတ်စွာ ၀င်ရောက်ကြလေကုန်”” (ဟု မိန့်ကြားတော်မူမည်။)

၄၇။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းသူတော်စင် တို့၏ စိတ်နှလုံးများတွင် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကို ထုတ်ပစ်တော်မူမည်။ (၎င်းတို့ သည်) သလွန်များပေါ်၌ မျက်နှာချင်းဆိုင်ကြလျက် ညီသား အစ်ကိုများဖြစ်ကာ (ခင်မင်ရင်းနှီးစွာ) ရှိနေကြပေမည်။

၄၈။ ၎င်း(သူတော်စင်)တို့၌ ယင်းဥယျာဉ်များတွင် မည်သည့် ဘေးဒုက္ခမျှလည်း သက်ရောက်မည် မဟုတ်ပေ၊ ၎င်းပြင် ထိုသူတို့သည် ယင်းဥယျာဉ်များမှ နှင်ထုတ်ခြင်း ခံကြရမည်လည်း မဟုတ်ပေ။

၄၉။ (အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဧကန်မလွဲ ငါအရှင်မြတ်သည်သာလျှင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်း ပြောကြားပါလေ။

၅၀။ ထိုမှတပါး ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည်လည်း အလွန်ပြင်းထန်သော ပြစ်ဒဏ်ဖြစ်ကြောင်းကိုလည်း (အသင်သည် ပြောကြားလိုက်ပါလေ)။

၅၁။ ထိုမှတပါး (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (နဗီတမန်တော်) အီဗ်ရာဟီမ်၏ ဧည့်သည်များနှင့်ပတ်သက်၍လည်း အကြောင်းကြားပါလေ။

၅၂။ တစ်ရံရောအခါဝယ် ထိုဧည့်သည်များသည် ယင်း (နဗီတမန်တော်)အီဗ်ရာဟီမ်၏ထံသို့ ၀င်ရောက်ခဲ့ကြ ကုန်၏။ ထိုအခါဝယ် ယင်းဧည့်သည်တို့က ““စလာမ်”” ငြိမ်းချမ်းသာယာမှုသည် (အသင်တို့အပေါ် ၌) သက်ရောက်ပါစေသားဟု ပြောဆိုခဲ့ကြကုန်၏။ (ထိုအခါ)ယင်း(နဗီတမန်တော်)အီဗ်ရာဟီမ်က ဧကန် စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား ကြောက်ရွံ့ စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့လေသည်။

၅၃။ (ထိုအခါ) ယင်းဧည့်သည်တို့က (အို-အီဗ် ရာဟီမ်) အသင်သည် မကြောက်ပါလေနှင့်၊ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဥာဏ်ပညာနှင့်ပြည့်စုံသော သားတော်တစ်ပါးနှင့် ပတ်သက်၍ ၀မ်းမြောက်ဖွယ် သတင်းပေးကြပါသည်ဟု ပြောကြားခဲ့ကြလေသည်။

၅၄။ ထို(နဗီတမန်တော်အီဗ်ရာဟီမ်)က အကျွန်ုပ်၌ အသက်အရွယ် အိုမင်းမှုသည် ဆိုက်ရောက်နေပါလျက် အသင်တို့သည် အကျွန်ုပ်အား သတင်းကောင်းပေးကြ လေသလော၊ သို့ဖြစ်ပေရာ အသင်တို့သည် မည်သည့် အကြောင်းနှင့်စပ်လျဉ်း၍ သတင်းကောင်းပေးကြပါ သနည်း၊ ဟုပြောဆို မေးမြန်းခဲ့လေသည်။

၅၅။ ထိုဧည့်သည်တို့က ကျွန်ုပ်တို့သည် အသင့်အား အဟုတ်အမှန် (ဖြစ်မည့်ကိစ္စ)နှင့် စပ်လျဉ်း၍ သတင်းကောင်းပေးကြခြင်း ဖြစ်ပါသည်။သို့ဖြစ်ရာ အသင်သည် မျှော်လင့်ချက် ကင်းသူတို့အနက်မှ မဖြစ်ပါလေနှင့်ဟု ပြောဆို ဖြေကြားခဲ့ကြပေသည်။

၅၆။ ထို(နဗီတမန်တော်)အီဗ်ရာဟီမ်က အမှန်စင်စစ် လမ်းလွဲသူတို့မှတစ်ပါး မည်သူသည် မိမိအားဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းပါသနည်း၊ ဟု ပြောဆိုခဲ့၏။

၅၇။ (တစ်ဖန်) ယင်း(နဗီတမန်တော်)အီဗ်ရာဟီမ်က (ဆက်လက်၍) အို-စေလွှတ်ခြင်းခံကြရကုန်သော (ကောင်းကင်တမန်တို့၊) ထို့နောက်အသင်တို့၌ (ဆောင်ရွက်ရန်) မည်သည့်ကိစ္စရှိနေပါသေးသနည်း ဟု ပြောဆိုမေးမြန်းခဲ့ပြန်၏။

၅၈။ ယင်း(ကောင်းကင်တမန်)တို့က (ဤသို့) ဖြေကြားခဲ့ကြလေသည်။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ပြစ်မှုကျူးလွန်ကြကုန်သော လူမျိုးထံ စေလွှတ်ခြင်းကို ခံခဲ့ကြရလေသည်။

၅၉။ သို့ရာတွင် (နဗီတမန်တော်)လူတ်၏ အိမ်ထောင်စုသားတို့မပါ၊ သို့ရာတွင် ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုတမန်တော် လူတ်၏အိမ်ထောင်စုသား အားလုံးကို ကယ်တင်မည့်သူများပင် ဖြစ်ကြပေသည်။

၆၀။ သို့ရာတွင် ထိုတမန်တော်လူတ်၏ ကြင်ရာမှတပါး၊ ထိုကြင်ရာနှင့် ပတ်သက်၍ (အလ္လာဟ်အရှင်မြတ်က) မုချ ထိုသူမသည် နောက်ကျန်ရစ်နေကြမည့် သူများတွင် အပါအ၀င် ဖြစ်မည်ဟူ၍ ငါအရှင်မြတ် ပြဌာန်းတော်မူပြီးဖြစ်သည်(ဟု မိန့်ဆိုတော်မူသည်၊)

၆၁။ ထို့နောက် စေလွှတ်ခြင်း ခံကြရကုန်သော (ကောင်းကင်တမန်)တို့သည် (နဗီတမန်တော်)လူတ်၏ အိမ်ထောင်စုသားတို့ထံသို့ ရောက်ရှိလာကြသောအခါ။

၆၂။ ထို(နဗီတမန်တော်)လူတ်က ဧကန်စင်စစ် အသင်တို့သည် သူစိမ်းများပင် ဖြစ်ကြကုန်သည်ဟု ပြောဆိုလေသည်။

၆၃။ ထို(ကောင်းကင်တမန်တော်)တို့က (ဤသို့) ပြောဆို ပြန်ကြားခဲ့ကြကုန်၏။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ်တို့သည်အသင်၏ထံသို့၊ ၎င်းတို့ ဒွိဟသံသယဖြစ်နေကြသော ကိစ္စကိုဆောင်ယူ၍ လာခဲ့ကြပါသည်။

၆၄။ ထိုမှတပါး ကျွန်ုပ်တို့သည် အသင်၏ထံသို့ (အကယ်စင်စစ်) အဟုတ်အမှန်ဖြစ်မည့်ကိစ္စကို ဆောင်ယူခဲ့ကြပါသည်။ ၎င်းပြင်မလွဲဧကန် ကျွန်ုပ်တို့သည် အမှန်ပြောဆိုသူများပင် ဖြစ်ကြကုန်သည်။

၆၅။ သို့ဖြစ်ပေရာ အသင်သည် မိမိအိမ်သူအိမ် သားတို့ကို ညဥ့်၏ အစိတ်အပိုင်းတစ်ခုခုတွင်ခေါ်ဆောင်၍ ထွက်ခွာသွားပါလေ။ ၎င်းနောက်အသင်သည် ၄င်းတို့၏နောက်မှ လိုက်သွားပါလေ။ ၎င်းပြင် အသင်တို့၏အနက်မှ တစ်ဦးတစ်ယောက်မျှပင် (နောက်သို့) ပြန်လှည့်၍မကြည့်ရ။ ၎င်းနောက် အသင်တို့ (အားလုံး)သည် မိမိတို့၏အမိန့်ပေးခြင်းခံရသော နေရာသို့သာလျှင် (အာရုံစူးစိုက်၍) သွားကြလေကုန်။

၆၆။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုလူတ်၏ထံသို့ ““ဧကန်စင်စစ် ထိုမြို့သားများ၏ အခြေအမြစ်သည် နံနက်မိုးလင်းချိန်၌ ဖြတ်တောက်ပြီးဖြစ်ချိမ့်မည်”” ဟူသော စီရင်ဆုံးဖြတ်ချက်ကို ပေးပို့တော် မူခဲ့ပေသတည်း။

၆၇။ ထို့နောက် (စဒူမ်)မြို့သားတို့သည် ၀မ်းမြောက်ဝမ်းသာစွာ လာခဲ့ကြလေသည်။

၆၈။ (ထိုအခါ) ယင်း(နဗီတမန်တော်)လူတ်က ဧကန်စင်စစ် ဤသူတို့ကား ငါ၏ဧည့်သည်များပင် ဖြစ်ကြပေရာ အသင်တို့သည် ငါ့အားအရှက်မခွဲကြ ကုန်လင့်ဟု ပြောကြားခဲ့လေသည်။

၆၉။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထိုမှတပါး အသင်တို့သည် ငါ့အား ဂုဏ်ရည်သေးသိမ်အောင် မပြုကြကုန်လင့်။

၇၀။ ၎င်း(မြို့သား)တို့က ကျွန်ုပ်တို့သည် အသင့်အားလူခပ်သိမ်းတို့(ကို မိမိထံ တည်းခိုစေခြင်း)မှ တားမြစ်ခဲ့ပြီး ဖြစ်ကြသည်မဟုတ်လောဟုပြောဆိုကြ လေသည်။

၇၁။ (ထိုအခါ) ယင်း(နဗီတမန်တော်)လူတ်က အကယ်၍ အသင်တို့သည် (ငါပြောဆိုသည့်အတိုင်း လိုက်နာ)ပြုလုပ်မည့်သူများ ဖြစ်ကြပါလျှင်ဤငါ၏ သမီးများသည် ရှိနေကြပေသည်ဟု ပြောဆိုခဲ့လေသည်။

၇၂။ (အို-နဗီတမန်တော် မုဟမ္မဒ်) အသင်၏ အသက်ဇီဝိန်၏ကစမ်၊ စင်စစ်ဧကန် ၎င်းတို့သည် မိမိတို့ မာန်ယစ်မှု၌ပင် တွေဝေလျက်ရှိကြကုန်၏။

၇၃။ သို့ဖြစ်ပေရာ ၎င်းတို့အား ကျယ်လောင်သော အသံသည် နေထွက်ချိန်တွင် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။

၇၄။ ထိုအခါ ငါအရှင်မြတ်သည် ထိုမြို့၏အထက် ပြင်ကိုအောက်ပြင် ပြုလုပ်တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ရွှံ့စေးဖြင့် ပြုလုပ် သော ကျောက်ခဲများကို ရွာသွန်းစေတော်မူခဲ့လေသည်။

၇၅။ ဧကန်မလွဲ ဤသည့်(အဖြစ်အပျက်)၌ စဉ်းစားဆင်ခြင်တတ်သော သူတို့အဖို့ သက်သေလက္ခဏာများသည် အမှန်ပင် ရှိပေသတည်း။

၇၆။ ထို့ပြင် ဧကန်အမှန် ထို(မြို့ရွာ)သည် စည်ကား လျက်ရှိသောလမ်း၌ အမှန်ပင် တည်ရှိပေသည်။

၇၇။ မလွဲဧကန် ဤသည့်(အဖြစ်အပျက်)၌ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ သက်သေလက္ခဏာသည် အမှန်ပင် ရှိပေသတည်း။

၇၈။ ထိုမှတပါး ဧကန်အမှန် ““အိုင်ကဟ်”” (တော အုပ်)၌ နေထိုင်သောသူတို့သည်လည်း မတရားကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။

၇၉။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား လက်စားချေတော်မူခဲ့၏။ ၎င်းပြင် ဧကန်စင်စစ် ထြိုမို့ရွာနှစ်ခုစလုံးသည် ထင်ရှားသောလမ်းပေါ်၌ အမှန်ပင် ရှိနေကြပေသည်။

၈၀။ ၎င်းပြင် မလွဲဧကန် ““ဟစ်ဂ်ျရ်”” ၌ နေထိုင်သော သူတို့သည်လည်း စေလွှတ်ခြင်းခံခဲ့ရကုန်သော ရစူလ်တမန်တော်တို့အား မဟုတ်မမှန်ဟူ၍ ငြင်းပယ် ခဲ့ကြလေသည်။

၈၁။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား မိမိသက်သေလက္ခဏာတော်များကို ပေးသနားတော် မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်း သက်သေလက္ခဏာတော်များမှ မျက်နှာလွှဲဖယ်သူများပင် ဖြစ်ခဲ့ကြကုန်၏။

၈၂။ ထိုမှတပါး ၎င်းတို့သည် တောင်များကို အိမ်များအဖြစ် ဖောက်ထွင်း၍ ဘေးရန်ကင်းငြိမ်းစွာ နေထိုင်လေ့ ရှိခဲ့ကြကုန၏် ။

၈၃။ ထို့နောက် ၎င်းတို့အား နံနက်မိုးလင်းချိန်တွင် ကျယ်လောင်စွာသော အသံသည် ဖမ်းဆီးကွပ်မျက် ခဲ့လေသည်။

၈၄။ ထိုအခါ ၎င်းတို့ ဆည်းပူးခဲ့သမျှတို့သည် ၎င်းတို့အဖို့ လုံးဝ အသုံးမ၀င်ခဲ့ချေ။

၈၅။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထ၀ီမြေကိုလည်းကောင်း၊ ထိုမြေနှင့်မြေစပ်ကြား၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ (အကြောင်းမဲ့မဟုတ်) မှန်ကန်သော ရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ဧကန်မလွဲ (ငါအရှင်မြတ်သတ်မှတ်ထားတော်မူသော) ကိယာမတ်သည် မုချဆိုက်ရောက်လာမည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့၏နှောက်ယှက်မှုများကို) ကောင်းမွန်စွာ ခွင့်လွှတ်ခြင်းနည်းမျိုးနှင့် ခွင့်လွှတ်ပါလေ။

၈၆။ မလွဲဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်၊ ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

၈၇။ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား အဖန်တလဲလဲ (ရွတ်ဖတ် သရဇ္ဈာယ်ရ)သော (အာယတ်တော်)ခုနစ်ပါးကို လည်းကောင်း၊ ကြီး ကျယ်မြင့်မြတ်လှစွာသော ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

၈၈။ ငါအရှင်မြတ်သည် ယင်း(ကာဖိရ်)တို့အနက်မှ၊ အမျိုးမျိုးအစားစားတို့အား အကျိုးခံစားခွင့်ပေးတော်မူသော ဥစ္စာပစ္စည်းများဘက်သို့(မိမ၏ိ မျက်စိအစုံဖြင့် မော်၍ပင် မကြည့်ပါလေနှင့်)။ မိမိမျက်စိနှစ်လုံးကို လှည့်၍ပင် အသင်မကြည့်ပါလေနှင့်။ ထိုမှတပါး အသင်သည် ၎င်းတို့နှင့် ပတ်သက်၍ ၀မ်းနည်းပူဆွေး ခြင်းကိုလည်း မပြုပါလေနှင့်။ ထိုပြင် အသင်သည် မိမိပခုံးကို မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ နှိမ့်ချပါလေ၊ (၀ါ-၎င်းတို့အား သနားကြင်နာပါလေ)။

၈၉။ ထိုမှတပါး အသင်သည် (ယင်းကာဖိရ် သွေဖည်ငြင်းပယ်သူတို့အား) ဧကန်အမှန် ငါသည် ထင်ရှားစွာသော သတိပေးနှိုးဆော်သူပင် ဖြစ်သည်ဟု (အတိအလင်း) ပြောကြားလေလော့။

၉၀။ ငါအရှင်မြတ်သည် ကျိန်တွယ်သော (ခွဲဝေသော)သူတို့အပေါ်၌ (ပြစ်ဒဏ်) ချပေးတော်မူဘိ သကဲ့သို့ပင် (၎င်းတို့အပေါ်လည်းချပေးတော်မူမည်၊)

၉၁။ အကြင်သူတို့သည်၊ ထိုသူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစိတ်အစိတ် အပိုင်ပိုင်း ပြုလုပ်ခဲ့ကြလေသည်။

၉၂။ သို့ဖြစ်ပေရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ “ကစမ်”၊ ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို မုချစစ်ဆေး မေးမြန်းတော်မူမည်။

၉၃။ ၎င်းတို့ ကျင့်မူလျက် ရှိခဲ့ကြကုန်သော အမှုကိစ္စများနှင့်စပ်လျဉ်း၍။

၉၄။ သို့ဖြစ်ပေရာ အသင်သည် မိမိအမိန့်ပေးခြင်းခံရသော အကြောင်းအရာကို အတိအလင်း ကြေညာပါလေ။ ၎င်းပြင် အသင်သည်မုရှ်ရစ်က် (အခြား အရာများကို အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက် ကိုးကွယ်သောသူ)တို့အား (အလျှင်းဂရုမစိုက်ဘဲ) လျစ်လျူရှု၍ ထားပါလေ။

၉၅။ ဧကန်မလွဲ ငါအရှင်မြတ်သည် ပြက်ရယ်သမှု ပြုကြသူတို့နှင့် ယှဉ်ပြိုင်ရန် အသင့်အဖို့ လုံလောက်တော်မူ၏။

၉၆။ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အတူ အခြားကိုးကွယ်ရာများကို (တွဲဖက် ကိုးကွယ်ခြင်းကို)ပြုလုပ်ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည် မကြာမြင့်မီ (မိမိတို့ပြုလုပ်ဲခဲ့ကြသော ရှရစ်က်၏ အကျိုးကို) သိရှိကြပေမည်။

၉၇။ ထိုမှတပါး ဧကန်စင်စစ် ၎င်းတို့၏ ပြောဆိုမှုကြောင့် အသင်၏ စိတ်နှလုံးကျဉ်းကျပ်သည်ကို ဧကန်မုချ ငါအရှင်မြတ်သည် ကောင်းစွာသိရှိတော် မူပေသည်။

၉၈။ သို့ဖြစ်ပေရာ အသင်သည် မိမိအား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြု ခြင်းနှင့်အတူ (ထိုအရှင်မြတ်၏)ဂုဏ်တော်ကိုလည်း ထင်ရှားစေပါလေ။ ၎င်းပြင် အသင်သည် (ထိုအရှင် မြတ်အား) ပျပ်ဝပ် ဦးချသူတို့တွင် အပါအ၀င် ဖြစ်ပါလေ။

၉၉။ ထိုမှတပါး အသင်သည် မိမိထံသို့ မုချမလွဲဖြစ်မည့်ကိစ္စ (၀ါ) မရဏသေခြင်းတရား ဆိုက်ရောက်လာသည့်တိုင်အောင် မိမိအားဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကို ၀တ်ပြုနေပါလေ။

No comments: