
အစဉ်မပြတ် သနားကြင်နာတော်မူသောထသော အနန္တကရုဏာရှင် ဖြစ်တော်မူသော အလ္လာဟ်အသျှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏)။

၀၀၈း ၁။(အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား (စစ်မက် တိုက်ခိုက်ရာ၌ ရရှိသော) လက်ရပစ္စည်း တို့နှင့် စပ်လျဉ်း၍ မေးမြန်းကြကုန်သည်။ အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (““အို-ငါ၏တပည့်သာဝကအပေါင်းတို့) လက်ရပစ္စည်းတို့သည် (စင်စစ်အားဖြင့်) အလ္လာဟ်အသျှင်မြတ်နှင့် ရစူလ်တမန်တော် ပိုင်ဆိုင်တော်မူသောပစ္စည်းများပင်တည်း၊ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်သည် မိမိ တို့အချင်းချင်း၏ အခြေအနေကို ပြုပြင်ကြလေကုန်။ ထိုမှတပါး အသင်သည်အကယ်၍ ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်၊ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ လိုက်နာကြလေကုန်။

၀၀၈း ၂။ အကြင်သူတို့သည်သာလျှင် ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူ (အစစ်အမှန်များ) ဖြစ်ကြကုန်၏။ (၎င်းတို့ရှေ့ဝယ်) အလ္လာဟ်အသျှင်မြတ်အား သတိရခဲ့လျှင်၊ ၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့် သွားကြကုန်၏။ ထို့ပြင် အကယ်၍ ၎င်းတို့ရှေ့၌ ထိုအသျှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားခဲ့ပါမူ၊ ထိုအာယတ်တော်များသည် ၎င်းတို့၏ ““အီမာန်”” သက်ဝင်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြကုန်၏။ ထိုမှတပါး ၎င်းတို့သည် (မိမိတို့၏ကိစ္စအ၀၀၌) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွှဲအပ်ကြကုန်သတည်း။

၀၀၈း ၃။ အကြင်သူတို့သည် ““ဆွလာတ်”” ၀တ်ပြုမှုကို အမြဲမပြတ် ဆောက်တည်ကြကုန်၏။ ထို့ပြင် ၎င်းတို့အား ငါအသျှင်မြတ် ချီးမြှင့်ပေးသနားတော်မူသည်များအနက်မှ (လှူဒါန်း)သုံးစွဲကြကုန်သတည်း။

၀၀၈း ၄။ ဤသူများပင် ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူ အစစ်အမှန်များ ဖြစ်ကြကုန်၏။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်အထံတော်၌ (မြင့်မြတ်လှသော) အဆင့်အတန်းများသည် လည်းကောင်း၊ (အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့်သည် လည်းကောင်း၊ မင်္ဂလာနှင့်ပြည့်စုံသော (ဂုဏ် ရှိသော) ရိက္ခာသည်လည်းကောင်း၊ ရှိချေသတည်း။

၀၀၈း ၅။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည် မှန်ကန်စွာဆုံးဖြတ်၍ အသင့်ကို အသင်၏အိမ်မှ ထွက်စေတော်မူသကဲ့သို့ပင်။ စင်စစ်သော်ကား (ထိုအချိန်ကလည်း) ““မုအ်မင်န်”” သက်ဝင် ယုံကြည်သူတို့အနက်မှ လူတစ်စုသည် (ယင်းသို့ ထွက်ကြရသည်ကို) မနှစ်သက် မလိုလားခဲ့ကြချေ။

၀၀၈း ၆။ ၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့် စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍ (မရဏသေခြင်းတရားကို မျက်ဝါး ထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။

၀၀၈း ၇။ ၎င်းပြင် (ပြန်လည်၍ သတိရကြလေကုန်) အကြင်အခါဝယ် အလ္လာဟ်အသျှင်မြတ်သည် အသင်တို့အား အုပ်စု နှစ်စုအနက်တစုနှင့်ပတ်သက်၍ ထိုတစုသည် အသင်တို့၏လက်တွင်းသို့ အမှန်ပင် ကျရောက်လိမ့်မည်ဟု ကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကား ဆူးငြောင့် (၀ါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့ လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တ
လျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အသျှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော် မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။

၀၀၈း ၈။ (သို့ ရည်စူးတော်မူခြင်းကား) အပြစ်ရှိသူတို့သည် နှစ်သက်ကြမည် မဟုတ်သော်လည်း အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ အမှားသည်အမှားပင်ဖြစ်ကြောင်း ထင်ရှားစေရန် လည်းကောင်း၊ ဖြစ်ပေသတည်း။

၀၀၈း ၉။ (ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်အထံတော်တွင်ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျက် ရှိကြလေသည်။ ၎င်းနောက် ထိုအသျှင်မြတ်သည် အသင်တို့၏ ပန်ကြားချက်ကို(လက်ခံတော်မူ၍) ဧကန်စင်စစ် ငါအသျှင်မြတ်သည် အသင်တို့အား တပါးပြီးတပါး (ဆက်တိုက်) လာကြမည်ဖြစ်သော
““မလာအိကဟ်ကောင်းကင်တမန် တထောင်ဖြင့် ကူညီစောင်မတော်မူမည်””ဟု ပြန်ကြားတော်မူခဲ့လေသတည်း။

၀၀၈း ၁၀။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် ထို(ကဲ့သို့ ““မလာအိကဟ်”” များကစေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု) ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ၀မ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်းကို ကြားသိရခြင်းအားဖြင့် နှစ်သိမ့်ခြင်းငှာလည်းကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကား အောင်မြင်မှုသည် အလ္လာဟ်အသျှင်မြတ် အထံတော်မှသာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအသျှင်၊ ဥာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၈း ၁၁။ (ပြန်လည်၍ သတိရရှိကြလေကုန်)။ အခါတပါး၌ ထိုအသျှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌ အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး) ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အားသန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏ စိတ် နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင် တို့၏) ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သောငှာလည်းကောင်း၊ ရွာသွန်းစေလျက် ရှိတော်မူခဲ့ချေ သတည်း။

၀၀၈း ၁၂။ (ပြန်လည်၍ သတိရရှိပါလေ) တရံရောအခါ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအသျှင်မြတ်သည် ““မလာအိကဟ်””ကောင်းကင်စေတမန်များထံ (ဤသို့) ““၀ဟ်ယ်”” အမိန့်တော်ချမှတ်တော် မူခဲ့လေသည်။ ““ငါအသျှင်မြတ်သည် ဧကန်စင်စစ် အသင်တို့နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။
မကြာမီပင် ငါအသျှင်မြတ်သည် ““ကာဖိရ်”” မယုံမကြည် သွေဖည် ငြင်းပယ်သောသူတို့၏ စိတ် နှလုံးများ၌ ကြောက်ရွံ့ထိတ်လန့်ခြင်းကိုထည့်သွင်း ပေးတော်မူအံ့။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့၏ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ၎င်းတို့၏ လက်ချောင်းများ၏ အဆစ်များကို တခုစီ ဖြတ်တောက်ကြလေကုန်””။

၀၀၈း ၁၃။ ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်) တို့သည် အလ္လာဟ်အသျှင်မြတ်အား လည်းကောင်း၊ အသျှင်မြတ်၏ ရစူလ်တမန်တော်အားလည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့် (ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အသျှင်မြတ်အားလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်အား လည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အသျှင်မြတ်သည် အမှန်စင်စစ် ပြင်းထန်စွာပြစ်ဒဏ်စီရင်တော်မူသောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

၀၀၈း ၁၄။ သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန်မလွဲ ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်ကုန်သော သူတို့ခံစားအံ့သောငှာ ““ဂျဟန္နမ်”” ငရဲဘုံ၏ ပြစ်ဒဏ်သည် အဆင်သင့် ရှိသည် (ကိုလည်း ကောင်းစွာ မှတ်ယူကြလေကုန်။)

၀၀၈း ၁၅။ အို- ““မုအ်မင်န်”” သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့ လျက်)(တနည်း)စစ်ပွဲ၌၊ စစ်မြေပြင်၌ တွေ့ဆုံကြသော အခါ ၎င်းတို့အား ကျောခိုင်း၍မသွားကြကုန်လင့်။ (၀ါ) ထွက်မပြေးကြကုန်လင့်။

၀၀၈း ၁၆။ အမှန်သော်ကား မည်သူမဆို ထိုနေ့တွင် အချီအတက် လွှဲပြောင်းစစ်ဆင်ခြင်း၊ သို့တည်းမဟုတ် (မိမိတို့၏)တပ်ဖွဲ့တခုခုထံ(သွားရောက်) ပူးပေါင်း နေရာယူခြင်းမှတပါး ၎င်းတို့အား ကျောခိုင်း၍သွားခဲ့မူ၊ ထိုသူသည် အလ္လာဟ်အသျှင်မြတ်၏ အမျက်တော် နှင့်တကွပြန်ခဲ့သည်။ ထိုသူသည် အမျက်တော် သင့်လေပြီ။ ထို့ပြင် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင် ၎င်း၏နေရာထိုင်ခင်း ဖြစ်ချေသည်။ စင်စစ်တမူကား
ဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသော ပြန်လည်ရာစခန်းပင် ဖြစ်ချေသတည်း။

၀၀၈း ၁၇။ အသင်တို့သည် ထို(ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော) သူတို့အား သတ်ဖြတ်ခဲ့ကြ သည်မဟုတ်ပေ။ စင်စစ်တမူကား အလ္လာဟ်အသျှင်မြတ်သည်ပင် ထိုသူတို့အား သတ်ဖြတ်တော် မူခဲ့လေသည်။ ထိုနည်းတူစွာ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)(သဲများဖြင့်) ပက်ခဲ့စဉ်ကလည်း အသင် ပက်ခဲ့သည်မဟုတ်ပြီ။ စင်စစ်မှာမူကား အလ္လာဟ် အသျှင်မြတ်ပင် ပက်တော်မူခဲ့လေသည်။ (ယင်းသို့ပြုတော်မူခြင်းကား၊ ထိုအသျှင်မြတ် ၏သက်သေလက္ခဏာ ထင်ရှားစေအံ့သောငှာလည်း ကောင်း၊) ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်အား ဆက်လက်၍ တည်မြဲစေအံ့သောငှာလည်းကောင်း၊ ““မုအ်မင်န်”” သက်ဝင် ယုံကြည်သူတို့အား မိမိအထံတော်မှ မွန်မြတ်သောစမ်းသပ်ခြင်းကို စမ်းသပ်တော် မူအံ့သောငှာလည်းကောင်း ဖြစ်ချေသည်။ အလ္လာဟ်အသျှင်မြတ်သည် ဧကန်မလွဲ အကြွင်းမဲ့ကြားတော် မူသောအသျှင်၊ အကြွင်းမဲ့ သိတော်မူသောအသျှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

၀၀၈း ၁၈။ ဤသည်ကား (ပြီးခဲ့သောကိစ္စပင်တည်း။) ထိုမှတပါး အလ္လာဟ်အသျှင်မြတ်သည် ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏ကြံစည်မှုကိုလည်း ဧကန်မလွဲ နုံနဲ့(ပျက်စီး)စေတော်မူလတ်္တံ့၊

၀၀၈း ၁၉။ (အို-မက္ကာမြို့သား ကာဖိရ် အပေါင်းတို့) အသင်တို့သည် အကယ်၍ စီရင်ဆုံးဖြတ်ချက်ကို ရလိုပါမူ စီရင်ဆုံးဖြတ်ချက်သည် အသင်တို့ရှေ့ဝယ် အမှန်ပင် အသင့်ရောက်ရှိနေချေပြီ။ သို့ရာတွင် အသင်တို့သည် အကယ်၍(ယခုကပင်) ရပ်စဲကြပါလျှင် ထိုရပ်စဲခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်သည်။

၀၀၈း ၂၀။ အို-““မုအ်မင်န်”” သက်ဝင်ယုံကြည်သူ အပေါင်း တို့၊ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာ ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကြားသိလျက်နှင့်ထိုအမိန့်တော်(များ)မှ လွှဲဖယ်မသွားကြကုန်လင့်။

၀၀၈း ၂၁။ ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူများသည် ကျွန်တော်မျိုးတို့ ကြားကြပါပြီ ဟု ပြောဆိုခဲ့ကြလေသည်။ စင်စစ်မူကား ၎င်းတို့သည် (တစုံတရာကိုမျှ) ကြားကြသည် မဟုတ်ပေ။

၀၀၈း ၂၂။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တ၀ါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တ၀ါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တ၀ါတို့သည်ကား (မည်သည့်တစုံတရာကိုမျှ) မသိနားမလည် ကြချေ။

၀၀၈း ၂၃။ အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့တွင် တစုံတရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား) ၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည်ဂရုမစိုက်ပဲ လွှဲဖယ်တိမ်းရှောင်သွားကြမည် သာတည်း။

၀၀၈း ၂၄။ အို-““မုအ်မင်န်”” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန်တော်သည် အသင်တို့ကို အသင်တို့ အသက်ရှင်စေနိုင် သောအကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာ ကြလေကုန်။ ထိုမှတပါး ဧကန်စင်စစ် အလ္လာဟ် အသျှင်မြတ်သည် လူနှင့်လူ၏ စိတ်နှလုံးအကြားတွင် အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင်အသင်တို့သည် ဧကန်မလွဲ ထိုအသျှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။

၀၀၈း ၂၅။ ၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှ ကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှ မတရားကျူးလွန်သူတို့အပေါ်၌သာလျှင် သီးသန့်၍ အလျင်း သက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတပါး ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည့်(ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအသျှင် ဖြစ်တော်မူသည် ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။

၀၀၈း ၂၆။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရ ကြလေကုန်။ တရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း) ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်) လုယက်တိုက်ခိုက် သတ်ဖြတ်ကြ မည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို (အလ္လာဟ်)အသျှင်မြတ်သည် အသင်တို့ ကျေးဇူးတော် ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန် နေရာချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအသျှင်မြတ် သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ ထိုမှတပါး အသင်တို့အား သန့်ရှင်းစင်ကြယ်သော ရိက္ခာများကို (လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။

၀၀၈း ၂၇။ ““အို-မုအ်မင်န်”” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သောတာဝန်ဝတ္တရား များကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်း ကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြ ရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစား မပြုကြ
ကုန်လင့်။ အမှန်မှာ အသင်တို့သည် (အလွဲသုံးစား ပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။

၀၀၈း ၂၈။ ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့် သား သမီးများသည် စမ်းသပ်မှုတရပ်သာလျှင် ဖြစ်သည်ကို လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်သည် ဧကန် စင်စစ်ရှိသည်ကိုလည်းကောင်း၊ အသင်တို့ (ကောင်းစွာ)သိထားကြလေကုန်။

၀၀၈း ၂၉။ အို-““မုအ်မင်န်”” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့ရိုသေကြပါမူ၊ထိုအသျှင်မြတ်သည် အသင်တို့အား (အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနား တော်မူအံ့။ ထို့ပြင်အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။

၀၀၈း ၃၀။ ၎င်းပြင် (အို-နဗီတမန်တော် အသင်သည် ပြန်လည်၍ သတိရပါလေ။) အကြင်အခါ၌ ““ကာဖိရ်”” မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့်ပတ်သက်၍ အသင့်အား ဖမ်းဆီးချုပ်နှောင် ကြရန်သော်လည်းကောင်း၊ အသင့်အား သတ်ဖြတ်ကြရန်သော်လည်းကောင်း၊ အသင့်အား (မက္ကဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျို့ဝှက်စွာ ကြံစည်လျက် ရှိကြကုန်၏။

၀၀၈း ၃၁။စင်စစ်သော်ကား ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ကျမ်းဂန်လာ ဒေသနာတော်များကို ရွတ်ဖတ်၍ ပြခဲ့ပါလျှင်၊၎င်းတို့က ငါတို့သည် အမှန်ပင် (ဤသည်တို့ကို အဖန်တလဲလဲ)ကြားခဲ့ဖူးကြချေပြီ။ ငါတို့သည် အလိုရှိလျှင် ငါတို့သည်လည်းဤအတိုင်းပင် ဧကန်မလွဲ (စီကုံး)ပြောဆိုနိုင်ကြပေသည်။ ဤသည်ကား ရှေးသူတော်ကောင်းတို့၏ ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည် ဟုပြောဆိုကြကုန်သတည်း။

၀၀၈း ၃၂။တစ်ဖန် (အသင်သည် ၎င်းတို့အား သတိရစေပါလေ။) တစ်ရံရောအခါဝယ် ၎င်းတို့က အို- အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤ(မုက္ခပါဌ်တော်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ အဟုတ်အမှန် ဖြစ်ခဲ့ပါလျှင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့ အပေါ်၌ ကျောက်ခဲများကို မိုးကောင်းကင်မှရွာသွန်းစေတော်မူပါ။ သို့တည်းမဟုတ် အလွန်ပြင်းပြ နာကျင်ဖွယ်သော အခြားပြစ်ဒဏ် တစ်စုံတစ်ရာကို ကျွန်တော်မျိုးအပေါ်၌ ကျရောက်စေတော်မူပါ ဟု ပြောဆိုလျှောက်ထားခဲ့ကြလေသည်။

၀၀၈း ၃၃။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် အသင်(နဗီတမန်တော်)ရှိနေစဉ် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ပြစ်မှုဒုစရိုက်တို့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုပန်လျက် ရှိနေခိုက်လည်း အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားပြစ်ဒဏ်ပေးတော်မူမည် မဟုတ်ချေ။

၀၀၈း ၃၄။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား (လုံးဝ)အပြစ်မပေးတော်မူရန် မည်သည့်အကြောင်း ရှိချေသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် မတ်စ်ဂျစ်ဒ်ဟရာမ် ဗလီဝတ်ကျောင်းတော် (တွင်ဝတ်ပြုခြင်းတို့)မှ တားဆီးကြလေသည်။ စင်စစ်မူကား ၎င်းတို့သည် ထိုဗလီကျောင်းတော်ကိုစောင့် ရှောက်သောဂေါပကလူကြီးများလည်း မဟုတ်ကြချေ။မွတ္တကီ သူတော်စင်များသည်သာလျှင် ထိုဗလီကျောင်းတော်ကို အုပ်ထိန်းသူများ ဖြစ်နိုင်ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် အများဆုံးသောသူတို့ကား (ဤမျှပင်) မသိနားမလည်ကြချေ။

၀၀၈း ၃၅။စင်စစ်သော်ကား(သန့်စင်သော)အိမ်တော်(၀ါ)ကအ်ဗဟ်ကျောင်းတော်၏အပါးတွင် ၎င်းတို့၏ ဆွလာတ်ဝတ်ပြုမှုသည် လေချွန်ခြင်းနှင့် လက်ခုပ်တီးခြင်းမျှသာ ဖြစ်ချေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ မယုံမကြည်သွေဖည်ငြင်းပယ်မှုကြောင့် ပြစ်ဒဏ်(၏ ရသာကို မြိန်ရှက်စွာ)မြည်းစမ်းကြလေကုန်။

၀၀၈း ၃၆။ဧကန်စင်စစ် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့သည် (လူတို့အား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှတားဆီးရန် မိမိတို့၏ဥစ္စာပစ္စည်းများကို သုံးစွဲကြလေသည်။(ယခုသော်) ၎င်းတို့သည် ထိုဥစ္စာပစ္စည်း များကို သုံးစွဲလျက်ပင်ရှိနေကြလိမ့်မည်။ သို့ရာတွင် နောက်ဆုံးတွင် ထိုပစ္စည်းများပင်၎င်းတို့၌ ၀မ်းနည်းဖွယ်ရာ ဖြစ်သွားချေမည်။ ထို့ နောက်၎င်းတို့သည် နှိမ်နင်းခြင်းကို (လည်း) ခံကြရပေ(ဦး)မည်။ ထိုမှတစ်ပါး မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့သည်ဂျဟန္နမ်ငရဲဘုံသို့ စုရုံးစေခြင်းကို ခံကြရမည်ဖြစ်သတည်း။

၀၀၈း ၃၇။(ထိုသို့ ပြုတော်မူခြင်းကား) အလ္လာဟ်အရှင်မြတ်သည် သူယုတ်လူညစ်တို့အား သူတော်စင်သန့်စင် သောသူတို့နှင့် ခွဲခြားတော်မူအံ့သောငှာလည်းကောင်း၊ သူယုတ်လူညစ်တို့အား တစ်ဦးအပေါ်တစ်ဦး ထပ်ဆင့်တော်မူပြီးနောက်အားလုံးကိုစုပုံပြီးလျှင် ဂျဟန္နမ် ငရဲဘုံတွင်းသို့ ပို့တော်မူအံ့သောငှာလည်းကောင်း၊ (ပြုတော်မူခြင်းပင်)ဖြစ်ချေသည်။ ဤသို့သောသူများသည်ပင် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်သတည်း ။ (ရကူ-18)

၀၀၈း ၃၈။(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။

၀၀၈း ၃၉။၎င်းပြင် (အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့)အသင်တို့သည် ယင်းသူတို့အား (သာသနာရေးနှင့်ပတ်သက်၍)နှိပ်စက် ညှဉ်းပန်းမှုသည် ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍ သွားသည်အထိတိုက်ခိုက်ကြလေကုန်။ သို့ရာတွင် အကယ်၍ ၎င်းတို့ သည်(စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ရပ်စဲခဲ့ကြပါလျှင်၊ ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ခွဲခြားသိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(တစ်နည်း)ထို့ပြင်တ၀ အသင်တို့သည် သာသနာရေး ညှဉ်းပန်းမှု လုံးဝပပျောက်၍ သာသနာတော်သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်သွားသည့်တိုင် အောင် ((၀ါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သာလျှင် လိုက်နာကြသည့်တိုင်အောင်)ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။

၀၀၈း ၄၀။တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။
တဖန် အကယ်၍ ၎င်းတို့သည် လွှဲဖယ်၍ သွားခဲ့ကြလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (ရိုင်းပင်းကူညီတော်မူမည့်) မိတ်သဟာယ၊ အကောင်းဆုံးသောကူညီတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်းအသင်တို့သည် (ကောင်းစွာ) သတိထားနှင့်ကြကုန်။

၀၀၈း ၄၁။ ၎င်းပြင် (အို-သက်ဝင်ယုံကြည်သူအပေါင်းတို့) အကယ်၍ အသင်တို့သည် အလ္လာဟ်အသျှင်မြတ်ကို လည်းကောင်း၊ ငါအသျှင်မြတ်သည် မိမိ၏ကျွန်တော် (မုဟမ္မဒ်)၏အပေါ်သို့ (သက်ဝင်ယုံကြည်သူတို့နှင့် မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့အား) ခွဲခြား သိသာစေသောနေ့တွင် (၀ါ) အုပ်စုတစုနှင့်တစု ရင်ဆိုင်တွေ့ကြုံခဲ့ကြသောနေ့တွင် ချပေးသနားတော်မူခဲ့သည့် (သက်သေသာဓကများ)ကို လည်းကောင်း၊ ယုံကြည်ကြပါလျှင် အသင်တို့သည် (စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်) တစုံတရာ လက်ရပစ္စည်းများကို ရရှိခဲ့ကြပါမူ၊ ထိုပစ္စည်းများအနက်ငါးပုံတပုံကို ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် လည်းကောင်း၊ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ရစူလ်တမန်တော်မြတ်၏) ဆွေရင်းသားရင်းတို့သည်လည်းကောင်း၊ ဘမဲ့ ကလေးသူငယ်တို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည် လည်းကောင်း၊ ခရီးသည်တို့သည် လည်းကောင်း၊ ပိုင်ဆိုင်ကြသည်ကို (ကောင်းစွာ)သိရှိ ထားကြလေကုန်။ အမှန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အလုံးစုံတို့ကို စွမ်းဆောင်နိုင်တော်မူသော အသျှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။

၀၀၈း ၄၂။ ထို(အုပ်စုတစုနှင့်တစု ရင်ဆိုင်တွေ့ကြုံကြ သော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ ရှိခဲ့ကြကုန်၏။ သို့ရာတွင်၎င်းတို့မှာ အဝေး၌ ရှိခဲ့ကြကုန်၏။ ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏ အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာအသင့်တို့နှင့် ထိုသူတို့)သည် အချင်းချင်း (တဘက်နှင့်တဘက်) ချိန်းချက်ခဲ့ကြပါလျှင်၊ မုချဧကန် အသင်တို့သည် ထိုချိန်းချက်မှုနှင့်စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အသျှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရမည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ (၀ါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်) သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှား ရှိအံ့သော်ငှာလည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော် မူခြင်းပင်) ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအသျှင်၊ အကြွင်းမဲ့သိတော်မူသောအသျှင်မြတ်ပင်၊ ဖြစ်တော် မူပေသတည်း။

၀၀၈း ၄၃။ ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ်အသျှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။
အကယ်၍သာ ထိုအသျှင်မြတ်သည် အသင့်အား ၎င်းတို့(၏ ဦးရေ)ကို များပြားစွာ ပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချစိတ်ဓါတ်ကျဆုံးခဲ့ ကြသည့်အပြင်၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့ လေသည်။ ဧကန်စင်စစ် ထိုအသျှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အသျှင်မြတ်ပေတည်း။

၀၀၈း ၄၄။ ထိုမှတပါး (ပြန်လည်၍ သတိရရှိကြလေကုန်)။ အကြင်အခါ၌ ထိုအသျှင်မြတ်သည် အသင်တို့ (ထို သူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင် လျှော့၍ပြသတော်မူခဲ့၏။ ထို နည်းတူစွာ အသင်တို့ကိုလည်း ၎င်းတို့၏အမြင်၌ လျှော့၍ပင်ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်းမှာ) အလ်္လာဟ်အသျှင်မြတ်သည် ပြုလိုတော်မူသည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေ
သည်။ အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အသျှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။

၀၀၈း ၄၅။ အို-“မုအ်မင်န်” သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် အုပ်စုတစုစုနှင့် (ရင်ဆိုင်) တွေ့ဆုံ ကြရသောအခါ၊ မြဲမြံကြံ့ခိုင်စွာတည်ရှိကြလေကုန်၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အား များစွာ အောက်မေ့ တသကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြမည် ဖြစ်လေသည်။

၀၀၈း ၄၆။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအသျှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ထို့ပြင် အသင်တို့သည် အချင်းချင်း အငြင်းမပွားကြကုန်လင့်။ သို့ အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓါတ်ကျဆုံးကြပေမည်။ အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ် သွားချေမည်။ ၎င်းပြင် အသင်တို့သည် သည်းခံကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် သည်းခံသူတို့နှင့် အတူရှိတော်မူပေသတည်း။

၀၀၈း ၄၇။ ၎င်းပြင် (အို-““မုအ်မင်န်”” သက်ဝင်ယုံကြည်သူ အပေါင်းတို့) အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မိမိတို့အိမ်များမှ ပလွှားဝါးကြွားလျက်လည်းကောင်း၊ လူတို့အား ပြစားလျက်လည်းကောင်း၊ ထွက်လာခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည်(သူတပါးတို့အား) အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ အမှန်သော်ကား အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့ပြုမူသမျှတို့ကို ၀န်းဝိုင်းလျက်ရှိတော်မူသတည်း။

၀၀၈း ၄၈။ ထို့ပြင်(ပြန်လည်အောက်မေ့ သတိရကြ လေကုန်)။ အကြင်အခါဝယ် “ရှိုင်တွာန်” မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။
၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ““ယနေ့ လူတို့အနက်မှ အသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတဦးတယောက်မျှ မရှိချေ။ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူ ဖြစ်သည်”” ဟူ၍ လည်း ပြောဆိုခဲ့လေသည်။ ထို့နောက် အုပ်စုနှစ်စုသည်ရင်ဆိုင်ကြလေသောအခါ ယင်း ““ရှိုင်တွာန်”” မိစ္ဆာကောင်သည် နောက်ဆုတ်၍ ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင်ယင်း ““ရှိုင်တွာန်””
မိစ္ဆာကောင်က ““ဟယ်-အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အသျှင်မြတ်ပင်ဖြစ်တော်မူသည်”” ဆိုခဲ့လေသည်။

၀၀၈း ၄၉။ (ပြန်လည်၍ သတိရရှိကြလေကုန်)။ အကြင် အခါ၌ ““မုနာဖစ်က်”” မုစ်လင်မ် အယောင်ဆောင်တို့က လည်းကောင်း၊ စိတ်နှလုံးတွင်း၌ရောဂါစွဲကပ်လျက် ရှိသူတို့ကလည်းကောင်း၊ (မုစ်လင်မ်များနှင့် ပတ်သက်၍) ““ဤသူတို့အား ၄င်တို့၏ဒီန်သာသနာက လှည့်စား၍ထားလေသည်”” ဟု ပြောဆိုကြကုန်၏။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အသျှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချ လွှဲအပ်သည် ရှိသော် (ထိုသူသည် အောင်မြင်မည်သာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအသျှင်၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ပေသတည်း။

၀၀၈း ၅၀။ ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ “မလာအိကဟ်” ကောင်းကင်တမန်များသည် “ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အသက်ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏ မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကို လည်းကောင်း၊ရိုက်နှက်ကြ၍ ““အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်”” ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။

၀၀၈း ၅၁။ ဤ(ပြစ်ဒဏ်)သည် အသင်တို့၏ လက်များက တင်ကြို၍ ပို့ထားနှင့်ပြီးဖြစ်သော (အကုသိုလ်ဒုစရိုက် များ)ကြောင့်ပင် ဖြစ်ချေသည်။အမှန်စင်စစ်မူကား အလ္လာဟ်အသျှင်မြတ်သည် (မိမိ)၏ကျွန်များအား နှိပ်စက်ညှဉ်းပန်းတော်မူသောအသျှင်အလျင်းမဟုတ်ပေ၊

၀၀၈း ၅၂။ (““ကုဖ်ရ်”” သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစား ရရာ၌ အဆိုပါ ကာဖိရ်များ၏ အခြေအနေကား) ဖစ်ရ်အောင်န်၏ အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏ဒေသနာတော် များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အသျှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အသျှင်မြတ်သည် အင်အားနှင့် အလွန်ပြည့်စုံတော်မူသော အသျှင်၊ ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူသော အသျှင်မြတ် ဖြစ်တော်မူပေသည်။

၀၀၈း ၅၃။ ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အသျှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍ မရှိချေ။ ၎င်းပြင် ဧကန်မုချ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအသျှင်၊ အကြွင်းမဲ့ သိတော်မူသော
အသျှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

၀၀၈း ၅၄။ (မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏ အခြေအနေကား) ဖရ်အောန်၏ အခြွေအရံများ၏ အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏ အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ပေသည်။ ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအသျှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအသျှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ ထို့ပြင် ငါအသျှင်မြတ်သည် ဖစ်ရ်အောင်န်၏ အခြွေအရံတို့ကို နစ်မြုပ်စေ တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့ အားလုံးသည်ပင်
မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။

၀၀၈း ၅၅။ မလွဲဧကန် အလ္လာဟ်အသျှင်မြတ် အထံတော်တွင် အဆိုးဆုံးသော သတ္တ၀ါတို့ကား (ဤ)အကြင် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည် သက်ဝင် ယုံကြည်ကြမည့်သူများ မဟုတ်ချေ။

၀၀၈း ၅၆။ ဤကာဖိရ်များကား အသင်သည် ထိုသူတို့ထံ မှ (အကြိမ်ကြိမ်) ပဋိညာဉ်ယူခဲ့ပြီး ဖြစ်လေသည်။ ထို့နောက်သော်မှပင် ထိုသူတို့သည်မိမိတို့၏ပဋိညာဉ်ကို အကြိမ်တိုင်း အကြိမ်တိုင်း ဖောက်ဖျက်ကြလေ သည်။ အမှန်သော်ကား ထိုသူတို့သည် (ပဋိညာဉ်ဖောက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ အလ္လာဟ်အသျှင်မြတ် အား) ကြောက်ရွံ့ကြသည် မဟုတ်ပေ။

၀၀၈း ၅၇။ သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင် (လက်ရ)ဖမ်းမိသည်ရှိသော်၊ အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ ရှိကြကုန်သော(ရန်)သူတို့အား ဖရိုဖရဲ ကစဥ့်ကလျား ဖြစ်အောင် ပြုလေလော့၊ သို့မှသာလျှင် ၎င်းသူတို့သည် သတိရကြလတ်္တံ့။ (တနည်း- နောင်ကြဉ်ကြလတ်္တံ့)

၀၀၈း ၅၈။ ၎င်းပြင် အကယ်၍ အသင်သည် လူမျိုးတမျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်း ဖြစ်ပါမူ၊ အသင်သည်(၎င်းတို့နှင့်ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို ၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ (ပဋိညာဉ်စာချုပ် ရုပ်သိမ်းပြီးဖြစ်ကြောင်းကို သိရှိ ရာတွင်အသင်နှင့် ၎င်းတို့သည်) တန်းတူဖြစ်ရှိသွား မည်။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည် မဟုတ်ချေ။

၀၀၈း ၅၉။ ထို့ပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ““မိမိတို့သည် လွတ်မြောက်ခဲ့ကြချေပြီ”” ဟု အလျှင်းမထင်မှတ်မယူဆကြရာချေ။ ဧကန်အမှန် ၎င်းတို့သည် (အလ္လာဟ်အသျှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသည်မဟုတ်ပေ။

၀၀၈း ၆၀။ ထို့ပြင် အသင်တို့သည် ထိုကာဖိရ် သွေဖည် ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင် (တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော) အင်အားကိုလည်းကောင်း၊ မွေးမြူထားသောမြင်းများ ကိုလည်းကောင်း၊ အဆင်သင့်စုဆောင်း၍ ထားရှိကြ လေကုန်။ (သို့မှသာလျှင်) အသင်တို့သည် ထို လက်နက်အင်အားဖြင့် အလ္လာဟ်အသျှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်း
ကောင်း၊ ထိုသူတို့အပြင် အခြား အကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။ (သို့ရာတွင်) အလ္လာဟ်အသျှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တ၀ အသင်တို့အလ္လာဟ် အသျှင်မြတ်၏ လမ်းတော်၌ သုံးစွဲသမျှတို့ကို (ထိုအသျှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာ ချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကားအသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့် မည် မဟုတ်ပေ။

၀၀၈း ၆၁။ ၎င်းပြင် အကယ်၍ ထိုသူတို့သည် စစ်ငြိမ်းရန် အလို့ငှာ ယိမ်းညွှတ်ကြပါမူ အသင်သည်လည်း ထို စစ်ငြိမ်းရန်ယိမ်းညွှတ်ပါလေ၊ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အသျှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချ လွှဲအပ်ပါလေ။ ဧကန်မလွဲ ထိုအသျှင်မြတ်သည်ပင်လျှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ ကြားတော်မူ သောအသျှင်၊ အကြွင်းမဲ့ သိတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၈း ၆၂။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့် အား လိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအသျှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ ““မုအ်မင်န်””သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊ အားပေးတော်မူခဲ့လေသတည်း။

၀၀၈း ၆၃။ ၎င်းပြင် ထိုအသျှင်မြတ်သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင် (သမစိတ္တဖြစ်စေခြင်းငှာ)ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍ အသင်သည် ကမ္ဘာမြေ၌ ရှိသမျှ (ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊ ထိုသူတို့ ၏စိတ်နှလုံးများစပ်ကြားဝယ် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်သည် (မိမိတန်ခိုးတော်ဖြင့်) ၎င်းတို့၏စပ်ကြားတွင်
(သမစိတ္တ ဖြစ်စေ၍) ညီညွတ်စေတော်မူခဲ့လေသည်။ မုချဧကန် ထိုအသျှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော် မူသောအသျှင်၊နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသော အသျှင်မြတ်ပင် ဖြစ်တော် မူပေသတည်း။

၀၀၈း ၆၄။ အို-နဗီတမန်တော် အသင်၏အဖို့ အလ္လာဟ်အသျှင်မြတ်သည်လည်းကောင်း၊ အသင်၏နောက်သို့ လိုက်ကြကုန်သော ““မုအ်မင်န်””သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ လုံလောက်ကြပေ သတည်း။

၀၀၈း ၆၅။ အို-နဗီတမန်တော်၊ အသင်သည် “မုအ်မင်န်” သက်ဝင်ယုံကြည်သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာ တိုက်တွန်းနှိုးဆော်ပါလေ။အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင်(စွာတိုက်ခိုက်မည့်) သူ နှစ်ဆယ်ရှိကြပါမူ၊ ၎င်းတို့သည် (ကာဖိရ်တို့ဘက်မှ လူနှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့၊ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် (ကြံ့ခိုင်စွာတိုက်ခိုက် မည့်သူ) တရာရှိကြလျှင် ၎င်းတို့သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အနက်မှ (လူ)တထောင်ကို နှိမ်နင်း နိုင်ကြပေအံ့။ အကြောင်းမူကား ၎င်းတို့သည် (လုံးဝ)နားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်။

၀၀၈း ၆၆။ ယခုသော်ကား အလ္လာဟ်အသျှင်မြတ်သည် (အသင်တို့၏၀န်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင်ထိုအသျှင်မြတ်သည် အသင်တို့၌ အားအင်သတ်္တိ နည်းပါးသည်ကိုလည်း သိရှိတော်မူ လေပြီ။ သို့ဖြစ်ပေရာ အကယ်၍ အသင်တို့အနက်စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ (၁၀၀) တရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်း နိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက် (စွဲမြဲစွာတိုက်ခိုက်မည့်သူ) (၁၀၀၀)တထောင် ရှိခဲ့မူ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်၏အမိန့်တော်နှင့်(ရန်သူတို့ဘက်မှလူ) (၂၀၀၀)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့်အတူရှိတော် မူချေသတည်း။

၀၀၈း ၆၇။ မည်သည့်နဗီတမန်တော်မဆို ကမ္ဘာမြေပြင်ဝယ် (ကောင်းစွာ) တိုက်ခိုက်သတ်ဖြတ်အောင်မြင်မှုကို မပြုသေးသမျှ ကာလပတ်လုံး ထိုနဗီတမန်တော်၌ (စစ်မြေအရပ်မှ) လက်ရဖမ်းဆီး၍ မိခဲ့သောသုံ့ပန်း များသည် မရှိသင့်ပေ။ အသင်တို့သည် ပစ္စုပ္ပန်လောကီ ပစ္စည်းကိုအလိုရှိကြ၏။ သို့ရာတွင် အလ္လာဟ်အသျှင်မြတ်သည် (အသင်တို့အဖို့) နောင်တမလွန်ဘ၀(၏စည်းစိမ်ရိပ်ငြိမ်)ကို လိုလားတော်မူ၏။ စင်စစ်
အလ္လာဟ်အသျှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့် စုံတော်မူသောအသျှင်၊ နက်နဲသိမ်မွေ့ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင်၊ဖြစ်တော်မူပေ သတည်း။

၀၀၈း ၆၈။ အကယ်၍သာ အလ္လာဟ်အသျှင်မြတ် အထံတော်မှ ဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည် အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။

၀၀၈း ၆၉။ ယခုမူ အသင်တို့သည် (၎င်းတို့ထံမှ လက်ရ ပစ္စည်းအဖြစ်) မိမိတို့ရယူခဲ့ကြသည်များကို တရားဝင်သော သန့်စင်သောပစ္စည်းများအဖြစ် စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အသျှင်မြတ် အားသာ ကြောက်ရွံ့ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အသျှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအသျှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအသျှင် ဖြစ်တော်မူပေသတည်း။

၀၀၈း ၇၀။ အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏ လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို (ဤသို့) ပြောကြားပါလေ။ ““အလ္လာဟ် အသျှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစုံတရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအသျှင်မြတ်သည်(ယခု) အသင်တို့ထံမှ ယူခဲ့ပြီးဖြစ်သော (လျော်ကြေး)ပစ္စည်းထက်သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအသျှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအသျှင်၊ဖြစ်တော်မူသည်။

၀၀၈း ၇၁။ သို့ရာတွင် ၎င်းတို့သည် အကယ်၍ အသင့်အား သစ္စာဖောက်ရန် ရည်စူးကြပါလျှင် ဧကန်စင်စစ် ၎င်းတို့သည် ယခင်ကအလ္လာဟ်အသျှင်မြတ်ကိုပင် သစ္စာဖောက်ခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ထိုအသျှင်မြတ်သည် (အသင့်အား) ၎င်းတို့ကိုဖမ်းဆီးနိုင်စေတော်မူခဲ့လေသည်။ စင်စစ်မူကား အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ သိတော်မူသောအသျှင်၊ နက်နဲသိမ်မွေ့သော ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအသျှင် ဖြစ်တော် မူပေသတည်း။

၀၀၈း ၇၂။ ဧကန်စင်စစ် အကြင်သူတို့သည် “အီမာန်” သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ) “ဟစ်ဂ်ျရတ်” ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတပါး ယင်းတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် “မုဟာဂျီရီန်”မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။ (ထိုသူတို့သည်“အန်ဆွာရ်” မည် ၏)။ ထိုသူတို့ကား အချင်းချင်း တဦးသည်တဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကား သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် “ဟစ်ဂ်ျရတ်” (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍)
ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံး အသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ၊၁ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် “ဒီန်” သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှ အကူအညီ ရလိုကြပါလျှင်အသင်တို့နှင့် ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတပါး အခြားလူမျိုးနှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန် အသင်တို့၌တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အသျှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအသျှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

၀၀၈း ၇၃။ ၎င်းပြင် ““ကာဖိရ်”” မယုံမကြည် သွေဖည် ငြင်းပယ်သော သူတို့သည် အချင်းချင်း တဦးသည်တဦး၏ အမွေစားအမွေခံများပင်ဖြစ်ကြကုန်၏။အကယ်၍သာ (အို-မုစ်လင်မ်တို့) အသင်တို့သည် ဤ(ပညတ်တော်)အတိုင်း မပြုကြပါလျှင်၊ ကမ္ဘာမြေ၀ယ်(အကြီးအကျယ်)ရှုပ်ထွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုသည်လည်းကောင်း၊ အကြီးအကျယ် ဖျက်ဆီး မှုသည်လည်းကောင်း၊ ဖြစ်ပေါ်၍လာလတံ်္တ။

၀၀၈း ၇၄။ ထို့ပြင်တ၀ အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင်ထိုသူတို့သည် (မိမိတို့ ၏) အိုးအိမ် စည်းစိမ်(တို့ကိုစွန့်ကာအရပ်တပါးသို့) ရွှေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏၊ ထိုမှတပါး ယင်းတို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြကုန်၏၊ ထိုအတူ အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် ယိုင်းပင်းကူညီခဲ့ကြကုန်၏၊ ထိုသူတို့ သည်ပင်လျှင် ပြည့်စုံသော “မုအ်မင်န်” ယုံကြည်ခြင်း သဒ်္ဓါတရားထားရှိသူများ ဖြစ်ကြကုန်သတည်း။ ထိုသူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော စားနပ်ရိက္ခာသည် လည်းကောင်း၊ ရှိချေသတည်း။

၀၀၈း ၇၅။ ၎င်းပြင် အကြင်သူတို့သည် နောက်သော်မှ “အီမာန်” သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် (အရပ်တပါးသို့)ရွှေ့ပြောင်းနေထိုင်ခြင်းကိုလည်း ပြုခဲ့ကြကုန်၏။ ထိုမှတပါး ယင်းတို့သည် အသင်တို့နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်ခြင်းကိုလည်းပြုခဲ့ကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည်လည်း အသင် (မုဟာဂျီရီန်နှင့် အန်ဆွာရ်) တို့တွင် အပါအ၀င် ဖြစ်ကြကုန်သည်။သို့ရာတွင် (၎င်းတို့အနက်မှ) ဆွေမျိုးရင်းချာတို့သည် အလ္လာဟ်အသျှင်မြတ်၏ ကျမ်းတော်အရ အချင်းချင်း တဦး၏အမွေကို တဦးကပိုမို၍ပင် ဆက်ခံထိုက်၏။ မလွဲဧကန် အလ္လာဟ်အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသော အသျှင်မြတ်ပင်ဖြစ်တော်မူသတည်း။
No comments:
Post a Comment