၀၅၆။  စူရာ ၀ါကိအး အဖြစ်အပျက် ကဏ္ဍ 
( မဒီနာမြို့တော်ကျ- ၉၆ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၅၆း ၁။ အကြင်အခါဝယ် အဖြစ်အပျက် (ကိယာမတ် ရှင်ပြန်ထမည့်နေ့)သည် ဖြစ်ခဲ့အံ့။  
၀၅၆း ၂။ ယင်းအဖြစ်အပျက် (ကိယာမတ်) ဖြစ်မှုနှင့် စပ်လျဉ်း၍ မမှန်ဟူ၍မရှိပြီ။     
၀၅၆း ၃။  (ယင်းအဖြစ်အပျက်သည် အချို့အား) နိမ့်စေ၍ (အချို့အား) မြင့်စေမည်။    
၀၅၆း ၄။  အကြင်အခါဝယ် ကမ္ဘာမြေသည် ပြင်းထန်စွာ တုန်လှုပ်စေခြင်းကို ခံရပေမည်။     
၀၅၆း ၅။  ၎င်းပြင် တောင်များသည် ညက်ညက်ကြေ အောင်ကြေမွစေခြင်းကို ခံကြရမည်။     
၀၅၆း ၆။  ထိုအခါ ယင်းတောင်များမှာ ဖြန့်ကြဲထားသော မြူမှုန့် ဖြစ်သွားကြပေမည်။     
၀၅၆း ၇။  ထိုမှတစ်ပါး အသင်တို့သည် သုံးမျိုးသုံးစား ဖြစ်သွားကြပေမည်။    
၀၅၆း ၈။  မည်သို့ပင်ဖြစ်စေ လက်ယာဘက်သားတို့မှာ၊ ထိုလက်ယာဘက်သားတို့ကား အဘယ်မျှလောက် ကောင်းမြတ်ပေသနည်း။
၀၅၆း ၉။   သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲ ဘက်သားတို့ကား အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။  
၀၅၆း ၁၀။ ထိုမှတစ်ပါး အသာဆုံးသောသူတို့မှာ အသာဆုံးသောသူများပင် ဖြစ်ကြကုန်၏။     
၀၅၆း ၁၁။ ထိုသူတို့ကား (အလ္လာဟ်အရှင်မြတ်နှင့်) အထူး နီးစပ်သောသူများပင်။     
၀၅၆း ၁၂။ (၎င်းတို့မှာကား) ထာဝရစည်းစိမ်နှင့် ပြည့်စုံသောဥယျာဉ်များ၌ ရှိကြကုန်အံ့သတည်း။     
၀၅၆း ၁၃။ (ယင်းဥယျာဉ်များတွင်) ရှေးသူဟောင်းတို့ အနက်မှ အလွန်ကြီးမားများပြားသော အုပ်စုကြီးတစ်ခု ရှိပေမည်။   
၀၅၆း ၁၄။ ၎င်းပြင် နောင်လာနောင်သားတို့ အနက်မှ အနည်းငယ် ရှိကြပေမည်။  
၀၅၆း ၁၅။ (၎င်းတို့မှာ) ကျောက်သံပတ္တမြားစီ၍ မြှုပ်ထားသော သလွန်များထက်ဝယ်၊   
၀၅၆း ၁၆။ (မှီအုံးများကို)မှီလျက် မျက်နှာချင်းဆိုင်ထိုင်လျက် ရှိနေကြပေမည်။     
၀၅၆း ၁၇။ ၎င်းတို့ထံ အသက်သေဆုံးခြင်းမရှိဘဲ၊ အမြဲ ထာဝရ နုငယ်လျက် ရှိနေကြရအံ့သော သူငယ်တို့ လှည့်ပတ် သွားလာလျက် ရှိကြပေမည်။   
၀၅၆း ၁၈။ သောက်ရေဖလားများ၊ ရေတကောင်းများနှင့် သွင်သွင်စီးသော အရက်ဖြင့် ပြည့်လျှံလျက်ရှိသော ခွက်များကို ယူဆောင်၍၊     
၀၅၆း ၁၉။ ၎င်းတို့မှာ ထိုအရက်ကြောင့် ခေါင်းခဲခြင်းကိုလည်း ခံစားကြရမည် မဟုတ်ပေ။ သတိလစ်ကြမည်လည်း မဟုတ်ချေ။    
၀၅၆း ၂၀။ ထို့ပြင် ၎င်းတို့နှစ်လိုကြသော သစ်သီးဝလံများ(ကိုယူဆောင်၍)၊     
၀၅၆း ၂၁။ ထိုမှတစ်ပါး ၎င်းတို့နှစ်သက်ကြသော ငှက်သားများ(ကို ယူဆောင်၍)၊  
၀၅၆း ၂၂။ ထိုမှတစ်ပါး (၎င်းတို့အဖို့) လွန်စွာဖြူ၍ တင့်တယ်သော၊ မျက်စိပြူး၍လှပသော မိန်းမများလည်း ရှိကြပေမည်။     
၀၅၆း ၂၃။ လျှို့ဝှက်၍ထားရှိသော ပုလဲများပမာ။   
၀၅၆း ၂၄။ (ဤသည်) ၎င်းတို့ ကျင့်မူဆောက်တည်လျက် ရှိခဲ့ကြလေသော ကောင်းမှုများ၏ အစားပေးတော်မူခြင်းပင်။     
၀၅၆း ၂၅။ ထိုသူတို့သည် ယင်းဥယျာဉ်များ၌ မည်သည့် မရေမရာသော စကားလုံးမျှ လည်းကောင်း၊ မည်သည့် အပြစ်ဖြစ်စေသော စကားကိုမျှ လည်းကောင်း၊ ကြားရမည် မဟုတ်ပေ။    
၀၅၆း ၂၆။ စလာမ် ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ)ဟူ၍ပြောဆိုခြင်းကိုသာလျှင် (ကြားကြရ ကုန်အံ့သတည်း။)
၀၅၆း ၂၇။ ထို့ပြင် လက်ယာဘက်သားတို့ကား၊ ထို လက်ယာဘက်သားတို့မှာ အဘယ်မျှ ကောင်းမြတ်ကြ ပေသနည်း။     
၀၅၆း ၂၈။ (၎င်းတို့မှာ) ဆူးများရှင်းထားပြီးဖြစ်သော ဆီးပင်ရှိရာ၌ ရှိကြပေမည်။     
၀၅၆း ၂၉။ ၎င်းပြင် အခိုင်လိုက်သီးသော ငှက်ပျောပင်များ ရှိရာ၌ ရှိကြပေမည်။     
၀၅၆း ၃၀။ ထို့ပြင် ကျယ်ဝန်းပြန့်ပြူး၍ မြဲသောအရိပ် အာဝါသ၌ ရှိကြပေမည်။  
၀၅၆း ၃၁။ ထိုမှတစ်ပါး (မြေပေါ်)၌ အမြဲစီးတွေလျက် ရှိသော ရေရှိရာ၌ ရှိကြပေမည်။ 
၀၅၆း ၃၂။ ထို့ပြင် မြောက်မြားစွာသော သစ်သီးဝလံများ ရှိရာ၌ ရှိနေကြပေမည်။     
၀၅၆း ၃၃။ (ထိုသစ်သီးဝလံများမှာ မည်သည့် ဥတုရာသီ ၌မျှ) ကုန်ခန်းသော သစ်သီးဝလံများလည်း မဟုတ်ပေ၊ (မည်သို့မျှ) ပိတ်ပင်တားမြစ်ခြင်းခံရအံ့သော သစ်သီးဝလံများလည်း မဟုတ်ချေ။    
၀၅၆း ၃၄။ ထိုမှတစ်ပါး (၎င်းတို့သည်) မြင့်စွင့်လှစွာသော သလွန်များ၊ အခင်းအကျင်းများ၊ မွေ့ရာများပေါ်၌ ရှိနေကြပေမည်။     
၀၅၆း ၃၅။ ဧကန်မလွဲ ငါအရှင်မြတ်သည် (ဂျန္နတ်သုခဘုံ ၌ ရှိကုန်သော) ထိုမိန်းမတို့အား အထူးဖန်ဆင်းတော် မူခဲ့၏။ 
၀၅၆း ၃၆။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်းင်းတို့အား ပျိုကညာများ ပြုလုပ်တော်မူခဲ့၏။     
၀၅၆း ၃၇။ (လင်ယောက်ျားတို့အား) ချစ်ခင် စုံမက်ကြသော၊ သက်တူရွယ်တူများဖြစ်ကြသော၊     
၀၅၆း ၃၈။ လက်ယာဘက်သားတို့အဖို့၊   
၀၅၆း ၃၉။ (ထိုလက်ယာဘက်သားတို့တွင်) ရှေးသူဟောင်း တို့အနက် ကြီးကျယ်လှစွာသော အုပ်စုကြီးတစ်ခုသည် လည်းကောင်း၊    
   ၀၅၆း ၄၀။ နောင်လာနောက်သားတို့အနက်မှ ကြီးကျယ်လှသော အုပ်စုကြီးတစ်ခုသည်လည်းကောင်း၊ ပါဝင်ကြကုန်အံ့သတည်း။    
 
၀၅၆း ၄၁။ သို့ရာတွင် လက်ဝဲဘက်သားတို့မှာ၊ လက်ဝဲဘက်သားတို့သည် အဘယ်မျှလောက် ဆိုးရွားလှဘိ သနည်း။
၀၅၆း ၄၂။ (ထိုလက်ဝဲဘက်သားတို့မှာ) ခြစ်ခြစ်ပူလောင်သောလေပူ၌လည်းကောင်း၊ ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူ၌လည်းကောင်း၊     
၀၅၆း ၄၃။ လွန်စွာနက်မှောင်သော အခိုးအငွေ့၏ အရိပ်၌ လည်းကောင်း၊ ရှိကြပေမည်။     
၀၅၆း ၄၄။ (ယင်းအရိပ်မှာ) အေးမြသည်လည်း မဟုတ်ပေ၊ ပြန်၍ လန်းဆန်းစေသည်လည်း မရှိပေ။    
၀၅၆း ၄၅။ စင်စစ်ဧကန် ၎င်းတို့သည် ထိုသည့်အလျင် စည်းစိမ်ကြီးသူများပင် ဖြစ်ခဲ့ကြကုန်၏။   
၀၅၆း ၄၆။ ထို့ပြင် အလွန်အမင်း ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုး၍ ကျူးလွန်လျက် ရှိခဲ့ကြကုန်၏။   
၀၅၆း ၄၇။ ထိုမှတစ်ပါး ၎င်းတို့သည် (ဤသို့) ပြောဆိုလျက်ရှိခဲ့ကြကုန်၏။ ကျွန်ုပ်တို့သည် သေပြီးနောက် အရိုးများ ဖြစ်ခဲ့ကြသောအခါ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။   
၀၅၆း ၄၈။ ၎င်းပြင် ရှေးသူဟောင်းများ ဖြစ်ကြသော ကျွန်ုပ်တို့၏ အဘ ဘိုးဘေးတို့သည်လည်း (ရှင်ပြန် ထကြဦးမည်လော)။     
၀၅၆း ၄၉။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) ဧကန်မလွဲ လူဟောင်းတို့သည် လည်းကောင်း၊ နောင်လာနောက်သားတို့သည်လည်း ကောင်း။   
၀၅၆း ၅၀။ အမှန်ပင် သတ်မှတ်ပြီးဖြစ်သောနေ့ ဆိုက်ရောက်လာသောအချိန်တွင် စုရုံးခြင်း ခံကြရပေမည်။     
၀၅၆း ၅၁။ ထို့နောက် အို-လမ်းလွဲသူတို့၊ မဟုတ်မမှန် ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၊ အသင်တို့သည် ဧကန်မလွဲ     
၀၅၆း ၅၂။ ဇက္ကူမ် ရှားစောင်းခါးပင် စားကြရမည်ဖြစ်၏။    
၀၅၆း ၊၅၃။ တစ်ဖန် (အသင်တို့သည်) ယင်း ရှားစောင်းခါး ပင်(မှစားသုံးခြင်း)ဖြင့် ၀မ်းဗိုက်များကို ဖြည့်ကြ ရမည်ဖြစ်၏။     
၀၅၆း ၅၄။ တစ်ဖန် (အသင်တို့သည်) ယင်းရှားစောင်းခါး ပင် စားပြီးနောက် ပွက်ပွက်ဆူလျက်ရှိသော ရေနွေးပူကို သောက်ကြရမည်ဖြစ်၏။  
၀၅၆း ၅၅။ ထိုအခါ (အသင်တို့သည် ထိုပွက်ပွက်ဆူလျက် ရှိသောရေနွေးပူကို) လွန်စွာ ရေမွတ်သိပ်လျက် ရှိကုန်သော ကုလားအုတ်များ သောက်သကဲ့သို့ပင် သောက် ကြရပေမည်။     
     
၀၅၆း ၅၆။ ဤသည်ကား ၎င်းတို့အား အစားပေးသော နေ့တွင် ဧည့်ခံကျွေးမွေးခြင်းပင် ဖြစ်အံ့သတည်း။   
၀၅၆း ၅၇။ ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ဟုတ်မှန်ကြောင်း ၀န်မခံကြလေသနည်း။    
၀၅၆း ၅၈။ အသင်တို့ ပြောပြကြကုန်။ အသင်တို့သည် မိမိတို့သုတ်ရည် အစက်ချကြသည်။  
၀၅၆း ၅၉။ ယင်းသုတ်ရည်ကို အသင်တို့ကိုယ်တိုင် (လူဖြစ်အောင်) ဖန်ဆင်းကြလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူပါသလော။     
၀၅၆း ၆၀။ ငါအရှင်မြတ်သည်ပင်လျှင် အသင်တို့ကြား၌ မရဏ သေဆုံးခြင်းကို တင်ရင်စီမံတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသော အရှင် မဟုတ်ပြီ၊
၀၅၆း ၆၁။ ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သော (အခြား)သူတို့အား ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန် လည်းကောင်း၊ အသင်တို့အား အသင်တို့ပင် မသိကြသော အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန် လည်းကောင်း။
၀၅၆း ၆၂။ ထို့ပြင် ဧကန်စင်စစ် အသင်တို့သည် ပထမ အကြိမ် ဖန်ဆင်းတော်မူခြင်းကို ကောင်းမွန်စွာ သိရှိပြီး ဖြစ်ကြလျက် မည်သည့် အတွက်ကြောင့် နားမလည်ကြသနည်း။

၀၅၆း ၆၃။ အသင်တို့သည် မိမိတို့စိုက်ပျိုးကြသည်များကို မြင်ခဲ့ကြလေသလော။
၀၅၆း ၆၄။ ထိုစိုက်ပျိုးထားကြသည့် မျိုးစေ့ကို အသင်တို့ ကိုယ်တိုင် ပေါက်ရောက်စေကြလေသလော။ သို့တည်း မဟုတ်၊ ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူပါသလော။
၀၅၆း ၆၅။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ယင်းစိုက်ပျိုးခင်းကို စဉ်းထားသော ကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူခဲ့ပေမည်။ ထိုအခါ အသင်တို့သည် တွေဝေ ငေးမှိုင်လျက် ရှိကြပေမည်။ 
၀၅၆း ၆၆။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် ကြွေးမြီတင်ခြင်း ဒဏ်ဆောင်စေခြင်း ခံကြရလေပြီ။     
၀၅၆း ၆၇။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ကျွန်ုပ် တို့သည် လက်မဲ့ဖြစ်စေခြင်းကိုပင် ခံကြရလေပြီ(ဟု ပြောဆို ညည်းညူကြပေမည်)။     
၀၅၆း ၆၈။ အသင်တို့သည် မိမိတို့ သောက်သုံးကြသော ရေကို မြင်ခဲ့ကြလေသလော။    
၀၅၆း ၆၉။ ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှရွာသွန်း စေကြလေသလော၊ သို့တည်းမဟုတ် ငါအရှင်မြတ်ပင် ရွာသွန်းစေတော်မူသော အရှင်ဖြစ်တော်မူပါသလော။     
၀၅၆း ၇၀။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိ တော်မူပါလျှင် ထိုရေကို ရေငန်ရေခါး ပြုလုပ်တော်မူခဲ့ မည်သာ။ သို့ပါလျက် အသင်တို့သည် မည်သည့် အတွက်ကြောင့် ကျေးဇူးမတင်ကြပေသနည်း။   
၀၅၆း ၇၁။ အသင်တို့သည် မိမိတို့မွှေးကြသော မီးကို မြင်ခဲ့ ကြလေသလော။      
၀၅၆း ၇၂။ ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြလေသလော။ သို့တည်း မဟုတ် ငါအရှင်မြတ်သည်ပင် ပေါက်ရောက်စေတော် မူသောအရှင် ဖြစ်တော်မူပါသလော။   
၀၅၆း ၇၃။ ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိရစေသော၊ တရားရစေသောအရာ အဖြစ်လည်းကောင်း၊ ခရီးသည်တို့အဖို့ အကျိုးကျေးဇူး ရှိစေသော အရာအဖြစ် လည်းကောင်း၊ ပြုလုပ်တော်မူခဲ့၏။      
၀၅၆း ၇၄။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော၊ ကြီးကျယ် မြင့်မြတ်လှတော်မူသော အရှင်မြတ်(၏ နာမံတော်၊ စင်ကြယ် သန့်ရှင်းတော်မူကြောင်း) ချီးမွမ်းမြွက်ဆို ပါလေ။       
၀၅၆း ၇၅။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ကြယ်နက္ခတ် တို့၏၀င်ရာ၊ စခန်းချရာများကို သက်သေထူ(ကျိန်ဆို) တော်မူ၏။       
၀၅၆း ၇၆။ စင်စစ်ဆိုသော် ယင်းသို့သက်သေထူခြင်း (ကျိန်ဆိုခြင်း)မှာ အကယ်၍ အသင်တို့သိရှိကြလျှင် ကြီးကျယ်စွာသော သက်သေထူမူ ကျိန်ဆိုမှု)ပင်။     
၀၅၆း ၇၇။ ဧကန်မလွဲ ယင်းသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်။      
၀၅၆း ၇၈။ မှတ်တမ်းစာအုပ်တစ်ခု၌ ထိန်းသိမ်း စောင့်ရှောက်၍ ထားရှိပြီးဖြစ်သော၊      
၀၅၆း ၇၉။ ယင်း မှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းကြသောသူတို့မှတစ်ပါး မည်သူမျှ ထိတွေ့ကြသည် မရှိပြီ။       
၀၅၆း ၈၀။ စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော် မူသော အရှင်မြတ်အထံတော်မှ ချမှတ်ပေးတော်မူခြင်း ခံရလေသော၊   
   
၀၅၆း ၈၁။ သို့ပါလျက် အသင်တို့သည် ဤအာယတ်တော် ကို မထီမဲ့မြင်ပြုကြလေသလော/ ပျင်းရိနေကြသလော။        
၀၅၆း ၈၂။ ထိုမှတစ်ပါး အသင်တို့သည် မဟုတ်မမှန်ဟူ၍ ငြင်းပယ်မှုကိုပင် မိမိတို့၏အစားအစာ ပြုလုပ်ကြလေ သလော။ (တစ်နည်း) ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ကြ မည့်အစား၊ မဟုတ်မမှန်ဟူ၍ငြင်းပယ်ကြလေသလော၊      
၀၅၆း ၈၃။ သို့ဖြစ်လျှင် အသက်ဇီဝိန်သည် လည်မျိုသို့ ရောက်ရှိလာသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် (မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခြင်း) မပြုကြသနည်း။     
၀၅၆း ၈၄။ စင်စစ် အသင်တို့သည် ထိုရောအခါဝယ် ကြည့်၍ နေကြကုန်၏။      
၀၅၆း ၈၅။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တို့ထက် ပိုမို၍ပင် ထိုသူနှင့် နီးကပ်လျက် ရှိနေတော် မူ၏။ သို့ရာတွင် အသင်တို့သည် မြင်ကြသည် မဟုတ်ပေ။     
၀၅၆း ၈၆။ သို့ဖြစ်ပေရာ အသင်တို့သည် အစားပေးခြင်း ခံရအံ့သောသူများ မဟုတ်(ဟု ဆိုရာ၌) အမှန်ကို ပြောဆိုသူများဖြစ်ကြလျှင် မည်သည့်အတွက်ကြောင့်။     
၀၅၆း ၈၇။ ယင်းအသက်ဇီဝိန်ကို ပြန်လည်၍ ယူမထား ကြပေသနည်း။ 
၀၅၆း ၈၈။ တစ်ဖန် မည်သို့ပင်ဖြစ်စေ၊ အကယ်၍ ထို (သေဆုံးသော) သူသည် နီးကပ်သောသူတို့တွင် ပါဝင် ခဲ့သည်ရှိသော်။
၀၅၆း ၈၉။ သို့ဖြစ်လျှင် (ထိုသူ၏အဖို့) ချမ်းသာမှုသည် လည်းကောင်း၊ အစားအစာသည်လည်းကောင်း၊ မွေ့လျော် စံပျော်ရာ ဂျန္နတ် သုခဘုံသည်လည်းကောင်း၊ ရှိချေမည်။   
၀၅၆း ၉၀။ ၎င်းပြင် အကယ်၍ ထိုသူသည် လက်ယာ ဘက်သားတို့တွင် ပါဝင်ခဲ့သူ၊      
၀၅၆း ၉၁။ သို့ဖြစ်လျှင် (အသင်သည်) လက်ယာဘက် သားတို့တွင် ပါဝင်သောကြောင့် အသင့်အဖို့ ငြိမ်းချမ်းမှုသည် ရှိပေမည်(ဟု သတင်းပြောကြားခြင်းကို ခံရပေမည်။)    
၀၅၆း ၉၂။ သို့ရာတွင် အကယ်၍ ထိုသူသည် လမ်းမှား ကြကုန်သော၊ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်သော၊ သူတို့အနက်တွင် အပါအ၀င် ဖြစ်ခဲ့သည်ရှိသော်။
၀၅၆း ၉၃။ (ထိုသူအား) ပွက်ပွက်ဆူ၍နေသော ရေနွေးပူ ဖြင့် ဧည့်ခံခြင်းသည်လည်းကောင်း။
၀၅၆း ၉၄။ အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးထဲသို့ ၀င်ရောက်စေခြင်းသည်လည်းကောင်း၊ ရှိပေမည်။      
၀၅၆း ၉၅။ ဧကန်မလွဲ ဤသည် ထင်ရှားသော အမှန်ပင် ဖြစ်၏။     
၀၅၆း ၉၆။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)၊ အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် (၏နာမံတော်-စင်ကြယ် သန့်ရှင်း တော်မူကြောင်း) ချီးမွမ်းမြွက်ဆိုပါလေ။      

No comments:
Post a Comment