
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၅၈း ၁။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည်၎င်း၊ ပထ၀ီမြေ၌ရှိသမျှတို့သည်၎င်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင် မြွက်ဆိုချီးမွမ်းကြကုန်၏။ ၄င်းအပြင် ထိုအရှင်မြတ်သည်ပင် အလွန်တရာ နိုင်နင်းလွမ်းမိုးတော်မူသောအရှင်၊ လွန်စွာ နူးညံ့ သိမ်မွေ့သော ဆင်ခြင်ထုံတရားနှင့်ပြည့်စုံသောအရှင် ဖြစ်တော်မူ၏။

၀၅၈း ၂။ မိုးကောင်းကင်များကို၎င်း၊ ကမ္ဘာမြေကို၎င်း၊ စိုးမိုးအုပ်ချုပ်မှုအာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည်ပင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်ပင် အသက်သေဆုံးစေ တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

၀၅၈း ၃။ ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသောအရှင်၊ နောက်ဆုံးဖြစ်နေတော်မူသောအရှင်၊ ထင်ရှားစွာရှိနေသောမူသောအရှင်၊ ကွယ်၍နေတော်မူသောအရှင်၊ဖြစ်တော်မူ၏။ ထို့အပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်မဲ့ သိတော်မူသောအရှင်ဖြစ်၏။

၀၅၈း ၄။ ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကို၎င်း၊ ပထ၀ီမြေများကို၎င်း ခြောက်ရက်အတွင်း ဖန်ဆင်း တော်မူခဲ့သောအရှင်မြတ်ဖြစ်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် အရ်ရှ်ပလ္လင်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ပထ၀ီမြေသို့ ၀င်သောအရာများကို၎င်း၊ ယင်းပထ၀ီမြေမှ ထွက်သောအရာမျာကို၎င်း၊ မိုးကောင်းမှ ဆင်းသက်လာသောအရာများကို၎င်း၊ ယင်းမိုးကောင်းသို့ တက်သောအရာများကို၎င်း၊ သိရှိတော်မူ၏။ ထို့အပြင် အရှင်မြတ်သည် အသင်တို့သိရှိကြသော မည်သည့်အရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူ သောအရှင်မြတ်ပင်ဖြစ်တော်မူ၏။

၀၅၈း ၅။ မိုးကောင်းကင်များကို၎င်း၊ ပထ၀ီမြေကို၎င်း၊ စိုးမိုးအုပ်ချုပ်မူအာဏာသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အရေးကိစ္စအလုံးစုံတို့မှာ ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြရပေမည်။

၀၅၈း ၆။ ထိုအရှင်မြတ်သည်ပင် (အချို့သောအရာသီဥတုတွင်) ညဥ့် (၏အစိတ်အပိုင်းအချို့ကို) နေ့အတွင်း ထည့်သွင်းတော်မူ၏။ ထိုနည်းအတိုင်း ထိုအရှင်မြတ်သည်ပင် (အချို့သောအရာသီဥတုတွင်) နေ့၏ (အစိတ်အပိုင်းအချို့ကို) ညဥ့်၏အတွင်ဝယ် ထည့်သွင်းတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ရှိသည်တို့ကိုပင် အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

၀၅၈း ၇။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား၎င်း၊ ထိုအရှင်၏ တမန်တော်အား၎င်း၊ သက်ဝင် ယုံကြည်ကြလေကုန်။ ထို့အပြင် အသင်တို့သည် အကြင်ဥစ္စာပစ္စည်းအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား ယင်းပစ္စည်းဥစ္စများနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်တော် မူခဲ့၏။ စင်စစ် အသင်တို့အနက်မှ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၄င်းအပြင် သူတို့သည် သုံးစွဲ လှူဒါန်းကြကုန်၏။ သူတို့အဖို့ ကြီးကျယ်လှသော အကျိုးရှိပေမည်။

၀၅၈း ၈။ စင်စစ်သော် အသင်တို့ အီမာန်ယူခြင်းမရှိရခြင်းသည် အသင်တို့တွင် မည်သည့်အကြောင်း ရှိပေသနည်း။ စင်စစ် အသင်တို့ကို မိမိဖန်ဆင်းရှင်အား အီမာန်ယူရန် တမန်တော်သည် ဖိတ်ခေါ်လျက်ရှိ ပေသည်။ ထို့အပြင် ဧကန်အမှန် အရှင်မြတ်ကိုယ်တိုင် အသင်တို့ထံမှ ကတိဝန်ခံချက်ကို ယူတော်မူပြီး ဖြစ်သည်။ အကယ်၍ အသင်တို့သည်သာ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင်။

၀၅၈း ၉။ ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုအတွင်းမှ အလင်းသို့ထွက်ရန်အလို့ငှာ မိမိကျွန်တော် တမန်တော်မြတ်ထံ ထင်ရှားတော်အာယသ်တော်များကို ချပေးခဲ့၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် အလွန်နူးညံ့သိမ်မွေ့တော်မူသော၊ ကြင်နာတော်မူသော အရှင်မြတ်ဖြစ်ပေသည်။

၀၅၈း ၁၀။ ထို့အပြင် အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် သုံးစွဲခြင်းမပြုကြရန် အသင်တို့တွင် မည်သည့်အကြောင်းရှိသနည်း။ စင်စစ် မိုးကောင်းကင်ရှိ ပစ္စည်းတို့သည်၎င်း၊ မြေပထ၀ီရှိပစ္စည်းတို့သည်၎င်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။ အသင်တို့အနက် (မက္ကာမြို့တော်ကို) မအောင်မြင်မီ လှူးဒါဏ်ကြခြင်း၊ တိုက်ခိုက်ကြခြင်းတို့သည် (မက္ကာမြို့ကိုအောင်မြင်ပြီးနောက်) လှူးဒါဏ်ကြခြင်း၊ တိုက်ခိုက်ကြခြင်း တို့နှင့် တူကြသည်မဟုတ်ပေ။ ထို (မအောင်မြင်မီ) လှူဒါန်းခြင်း၊ တိုက်ခိုက်ခြင်း၊ပြုခဲ့သူတို့ သည် ဂုဏ်အဆင့်အတန်းအားဖြင့် ထူးကဲမြင့်မြတ်လှ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အားလုံးကို ကောင်းကျိုးပေးရန် ဂတိပေးအပ်ခဲ့၏။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို ကောင်းစွာ သိတော်မူသောအရှင်မြတ်ဖြစ်သည်။

၀၅၈း ၁၁။ အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော (စေတနာနှင့်) ကြွေးမြီချေးငှားအံ့သောသူသည် မည်သူရှိသနည်း။ သို့ချေးငှားခဲ့သည်ရှိသော် ထိုအရှင်မြတ်သည် ယင်းကြွေးမြီကို ထိုသူအဖို့ ဆထက်တိုးပွား စေမည့်အပြင် များစွာသောအကျိုးလည်း ရှိပေမည်။

၀၅၈း ၁၂။ (အိုတမန်တော်) အကြင်နေ့တွင် အသင်သည် မုမင်န် အမျိုးသား အမျိုးသမီးများကို တွေ့မြင်ရ ပေမည်။ သူတို့၏ ရောင်ခြည်သည် သူတို့၏ ရှေ့ဝယ်၎င်း သူတို့၏ လက်ယာဘက်များ၌၄င်း၊ ပြေးလျက်ရှိ ပေမည်။ (သူတို့သည် ဤသို့ပြောခြင်းခံရပေမည်) ယနေ့အသင်တို့အဖို့ သတင်းကောင်းပင်၊ အသင်တို့ အဖို့ ချောင်များ စီးတွေလျက်ရှိသည့် ဥယျဉ်များရှိပေသည်။ ယင်းဥယျဉ်များတွင် ထာဝရနေထိုင်ရပေမည်။ ထိုသည်ပင် ကြီးကျယ်လှသော အောင်မြင်မှုပင်ဖြစ်၏။

၀၅၈း ၁၃။ ထိုနေ့တွင် မုနာဖိက် အယောင်ဆောင် ယောက်ျားမိန်းမတို့သည် မုမင်န်တို့အား ဤသို့ပြောကြလိမ့် မည်။ အသင်တို့၏ အလင်းရောင်မှ အနည်းငယ် ရယူနိုင်ရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်ကြည့် ကြပါ၊ စောင့်ဆိုင်းကြပါ၊ ထိုအခါ သူတို့သည် ဤသို့ပြောဆိုခံရပေမည်။ အသင်တို့သည် နောက်သို့ ပြန်သွားပြီး အလင်းရောင်ကို ရှာဖွေကြကုန်လော့။ ထိုအချိန် ၄င်းတို့အကြား၌ သံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ထိုတံတိုင်းတွင် တံခါးတစ်ခုရှိပေမည်။ ယင်းတံခါး၏ အတွင်းဘက်၌ ကရုဏာရှိ၍ အပြင်ဘက်၌မူ အပြစ်ဒဏ်ရှိ ပေသည်။

၀၅၈း ၁၄။ ထိုမုနာဖိက်တို့သည် မု့မင်န်တို့အား ကျွန်ုပ်တို့သည် (လောကီဘ၀)တွင် အသင်တို့နှင့်အတူ ရှိခဲ့ကြ သည်မဟုတ်ပါလားဟု အော်ဟစ်ပြောဆိုကြမည်။ ထိုအခါ မုမင်န်တို့က ဤသို့ဖြေကြားမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း၊ အတူတူရှိခဲ့ကြပေသည်။ သို့သော်အသင်တို့သည် မိမိကိုယ်ကို ဖြားယောင်းခဲ့ကြသည်။ ၄င်းအပြင် အသင်တို့သည် (သာသနာတော်ပျက်စီးရန်) စောင့်ဆိုင်းနေခဲ့သည်။ ထို့အပြင်အသင်တို့သည် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ဒွိဟသံသယ ဖြစ်နေခဲ့သည်။ အဓိပ္ပါယ်မဲ့သော ဆန္ဒများသည် အသင်တို့ကို သွေးဆောင်ဖြားယောင်ခဲ့သည်။ နောက်ဆုံး (သေခြင်းတရားဟူသော) အလ္လာဟ်အမိန့်သည် ရောက်ရှိလာ ခဲ့သည်။ ထို့အပြင် လွန်စွာဖြားယောင်တတ်သော ရှိုင်သွာန်သည်လည်း အသင်တို့ကို ဖြားယောင်ခဲ့သည်။

၀၅၈း ၁၅။ သို့ဖြစ်၍ ယနေ့ အသင်တို့ထံမှ မည်သည့်လျော်ကြေးမျှ လက်ခံမည်မဟုတ်ပေ၊ ကာဖိရ်တို့ထံမှ လည်း လက်ခံမည်မဟုတ်ပေ။ အသင်တို့အားလုံး၏ နေရာထိုင်ခင်းများမှာ ငရဲမီးပင်ဖြစ်သည်။ ယင်းငရဲမီး သည်ပင် အသင်တို့၏ အဖေါ်ဖြစ်သည်။ စင်စစ် ယင်းပြန်ရမည့်စခန်းသည် အလွန်ဆိုးရွားလှပေသည်။

၀၅၈း ၁၆။ မုမင်န်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏ ဆုံးမသြ၀ါဒ၏ ရှေ့ဝယ်၎င်း၊ ကျရောက်လာမည့် အမှန်တရား ၏ရှေ့ဝယ်၎င်း၊ စိတ်နှလုံးများ ကိုင်းညွှန့်ရန် အချိန်တန်လေပြီ။ ထို့အပြင် ၄င်းတို့သည် ကျမ်းရရှိပြီးသူတို့ကဲ့သို့ မဖြစ်ကြရန်လိုအပ်၏။ သို့သော် ကာလကြာမြင့်လေသောအခါ ၄င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်တင်းမာလာခဲ့၏။ ထို့အပြင် ၄င်းတို့တွင် အများစုမှာ သွေဖည်သူများပင်ဖြစ်သည်။

၀၅၈း ၁၇။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ပထ၀ီမြေကို ခြောက်သွေ့ပြီးနောက် ပြန်လည်ရှင်သန်စေ တော်မူကြောင်း အသင်တို့ကောင်းစွာသိရှိထားကြလေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ သိရှိစေရန် သက်သေလဏ္ခာတော်များကို ရှင်းလင်းပြသခဲ့ပြီးဖြစ်ပေသည်။

၀၅၈း ၁၈။ စင်စစ် လှူဒန်းသည့် ယောက်ျား မိန်းမတို့သည် အလ္လာဟ်အရှင်မြတ်ကို ကြွေးမြီးချေးငှားခဲ့ကြ၏။ ၄င်းအလှူဒါနသည် ၄င်းတို့အဖို့ ဆထက်တိုးစေမည့်အပြင် မြင့်မြတ်သော အကျိုးလည်းရှိချိမ့်မည်။

၀၅၈း ၁၉။ ထို့အပြင် အလ္လာဟ်အရှင်မြတ်နှင့်၊ ထိုအရှင်မြတ်၏ တမန်တော်များအား အီမာန်ယူကြသူများသည် ထိုမွေးမြူဖန်ဆင်းရှင်၏ သစ္စာဝါဒီများ၊ ထိုအရှင်၏လမ်းတော်ဝယ် အသက်စွန့်ခဲ့ကြသူများဖြစ်ကြကုန်၏။ ထိုသူတို့အဖို့ ထူးကဲသောအကျိုးသည်၎င်း ထူးကဲသော ရောက်ခြည်သည်၎င်း၊ ရှိပေမည်။ သို့သော် ငါ၏သက်သေလက္ခဏာများကို ငြင်းပယ်သူတို့သည် ငရဲသားများပင်ဖြစ်သည်။

၀၅၈း ၂၀။ အသင်တို့ကောင်းစွာသိထားကြကုန်လော့။ လောကီဘ၀ဟူသည် ကစားခုန်စားမှုအဖြစ်၎င်း၊ အချိန်ဖြုန် တီးမှုအဖြစ်၎င်း၊ မျက်စီပသာဒအဖြစ်၎င်း၊ အချင်းချင်း ဂုဏ်ပြိုင်ခြင်းအဖြစ်၎င်း၊ ဥစ္စာပေါများခြင်းနှင့် သားသမီးပေါများခြင်းအပေါ် ဂုဏ်မောက်ခြင်းအဖြစ်၎င်း ဖြစ်နေပါသည်။ လောကသည် အကြင်မိုးရေကဲ့သို့ ဖြစ်မည်။ ၄င်းမိုးရေကြောင့် ပေါက်ရောက်သော မျိုးပင်သည် တောင်သူလယ်သမားကို နှစ်သက်ပျော်ရွှင် စေသည်။ ထို့နောက် ၄င်းမျိုးပင်များခြောက်သွေ့သွားလျှင် အသင်သည် ၄င်းတို့ကို ၀ါနေသည်ကိုတွေ့ရမည်။ ထို့နောက် ၄င်းတို့သည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပေမည်။ သို့သော် အာခိရသ် တမလွန်ဘ၀ဟူသည် ပြင်းထန်သော အပြစ်ဒဏ်ရှိသလို အလ္လာဟ်အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်းရှိ၏။ စင်စစ် လောကီဘ၀သည် အမြင်မှားစေသာ ၀တ္တုပစ္စည်းသာဖြစ်၏။

၀၅၈း ၂၁။ အသင်တို့သည် မိမိတို့၏ဖန်ဆင်းရှင်၏ ခွင့်လွှတ်မှုကို၎င်း၊ မိုးမြေ၏ အကျယ်ဝန်းပမာ ကျယ်ဝန်း သော ဂျန္နသ်သုခဘံသို့၎င်း၊ ပြိုင်ဆိုင်ပြေးကြကုန်၊ ၄င်းဂျန္နသ်ဘုံသည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အရှင်မြတ်၏ တမန်တော်များကို၎င်း ယုံကြည်သူတို့အတွက် အဆင်သင့်ပြုလုပ်ထားပြီးဖြစ်၏။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ၄င်းကျေးဇူးတော်ကို အလိုရှိသူတို့ အား ချီးမြှင့်ပေးသနားတော်မူ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ရှင်ဖြစ် ပေသည်။

၀၅၈း ၂၂။ မည်သည့်ဘေးဒုက္ခမဆို မြေကမ္ဘာအတွက်၎င်း၊ အသင်တို့အတွက်၎င်း၊ ဆိုက်ရောက်သည်မဟုတ် ပေ။ သို့သော် ငါအရှင်မြတ်သည် ယင်းဒုက္ခများကို မြေကမ္ဘာနှင့် အသင်တို့၏ အသက်ကို မဖန်ဆင်းမှီကပင် မှတ်တမ်းစာအုပ်တွင် ရေးမှတ်သားပြီးဖြစ်၏။ စင်စစ် ဤအလုပ်သည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူလှ ပေသည်။

၀၅၈း ၂၃။ အသင်တို့သည် မိမိတို့ထံမှ လွတ်ထွက်သွားသည့်အရာများအတွက် ပူဆွေးခြင်းမပြုကြရန်၎င်း၊ မိမိအတွက် အလ္လာဟ်အရှင်မြတ်က ချိးမြှင့်ထားသည့်အရာများနှင့် ပတ်သက်၍ မော်ကြွားခြင်းမပြုကြရန်၎င်း၊ (အသင်တို့ကို သိစေတော်မူပေသည်)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့် မာနထောင်လွှားသူ ဂုဏ်မောက်သူတို့ကိုမျှ နှစ်သက်တော်မူသည်မဟုတ်ပေ။

၀၅၈း ၂၄။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင်း စေးနှဲကြသည်သာကမ၊ အခြားသူများကိုလည်း စေးနှဲအောင် အမိန့်ပေးကြလေသည်။ မည်သူမဆို မပေးကမ်းဘဲ မျက်နှာလွဲထွက်သွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် လိုးလားတောင့်တခြင်းကင်းသလို ဂုဏ်ထူးအပေါင်းတို့နှင့်လည်း ပြည့်စုံတော်မူပေသည်။

၀၅၈း ၂၅။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်များအား ထင်ရှားသော သက်သေလက္ခဏာ များနှင့် စေလွှတ်တော်မူခဲ့၏။ ထို့အပြင် ငါအရှင်မြတ်သည် ၄င်းတမန်တော်တို့နှင့်အတူ လူတို့အတွက် တရားမျှ တမူအပေါ်ရပ်တည်ကြရန် ကျမ်းဂန်များကို၎င်း၊ တရားမျှတမှု (တရားချိန်ခွင်) ကို၎င်း၊ ချပေးသနားတော်မူခဲ့၏။ ထို့အပြင် ငါအရှင်မြတ်သည် သံသတ္တုကိုလည်းချပေးခဲ့၏။ ယင်းသံသတ္တုတွင် ကြီးကျယ်ပြင်းထန်သော စွမ်းအင် ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်းရှိပေသည်။ ထိုအပြင် မည်သူသည် အလ္လာဟ်အရှင်မြတ်ကို ၄င်း၊ ၄င်းအရှင်၏ တမန်တော်များကို၎င်း၊ မမြင်ဘဲ ကူညီသည်ကို သိတော်မူအံ့သခြင့် (ချပေးခြင်းဖြစ်၏။) စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားပြည့်စုံသော အလွန် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်ဖြစ်၏။

၀၅၈း ၂၆။ ထို့အပြင် ငါအရှင်မြတ်သည် နူးဟ်အား၎င်း၊ အီဗရာဟင်မ်အား၎င်း စေလွှတ်တော်မူ၏။ ထို့အပြင် ငါရှင်မြတ်သည် ထိုတမန်တော်နှစ်ပါး၏ သားမြေးတို့တွင် တမန်တော်ဖြစ်မှုကို၎င်း၊ ကျမ်းဂန်ကို၎င်း၊ သတ်မှန်ပေးသနားတော်မူခဲ့ရာ ၄င်းတို့အတွင်း တရားလမ်းမှန် ရရှီသူတို့လည်းရရှိသလို၊ မြောက်မြားစွာသော သူတို့မှာ သွေဖည်သူများပင်ဖြစ်ခဲ့သည်။

၀၅၈း ၂၇။ ထို့နောက် ငါအရှင်မြတ်သည် ၄င်းတို့၏နောက်တွင် မိမိ၏ တမန်တော်များအား အဆက်မပြတ်စေ လွှတ်တော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် မရ်ယမ်၏ သားတော် တမန်တော်အီစာ အားစေလွှတ်တော်မူ ခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုအီစာအား အင်န်ဂျီးလ် ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့အပြင်ငါအရှင်မြတ်သည် ထိုအီစာ၏ နောက်သို့လိုက်ကြသောသူတို့၏ စိတ်နှလုံးများအတွင်း နူးညံ့သိမ်မွေ့မှု ကို၎င်း၊ ကရုဏာတရားကို၎င်း ထည့်သွင်းပေးတော်မူခဲ့၏။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရယူရန် (တရားကျင့်တောထွက် လမ်းစဉ်ကို ကျင့်သုံးခဲ့၏။) သို့သော် ၄င်းတို့၏ တရားကျင့်တော်ထွက်သည့် ၀တ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၄င်းတို့အနက် အီမာန်ယုံကြည်လာသူတို့အား ကောင်းကျိုးချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့သော် ၄င်းတို့အနက် များစွာသောသူတို့သည် သွေဖည်သူများဖြစ်ကြကုန်၏။

၀၅၈း ၂၈။ အို အီမာန်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြ လေကုန်၊ ၄င်းအပြင် အသင်တို့သည် ၄င်းအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆပေးသနားမည့်အပြင် အသင်တို့အတွက် ထိုအလင်းရောင်ကို ဖန်တီးပေးလိမ့်မည်၊ ထိုအလင်းရောင်ဖြင့် အသင်တို့သည် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား လွှတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ် သည် လွန်စွာ ခွင့်လွှတ်တတ်သော သနားကြင်နာတတ်သော အရှင်ဖြစ်တော်မူ၏။

၀၅၈း ၂၉။ (ယင်းသို့ချီးမြှင့်ပေးသနားခြင်းအကြောင်းမှာ) ရှေးကျမ်းကို ရရှိသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို အနည်းမျှပင် ရယူနိုင်ကြမည်မဟုတ်ကြောင်းကို၎င်း၊ ထိုကျေးဇူးတော်ကို မိမိအလိုရှိသူတို့ကို သာ ချီးမြှင့်ခြင်းဖြစ်သည်ကို၎င်း၊ သိစေတော်မူသောကြောင့်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြိးကျယ်လှသော ကျေးဇူးတော်ကို ပိုင်ဆိုင်သောမူသော အရှင်မြတ်ပင်ဖြစ်သည်။
1 comment:
စူရာ ၅၇ ကို ၅၈ နဲ့ နံပါတ် မှားထိုးထားပါတယ်။
စူရာ တစ်ပုဒ်လုံးပါ။
Post a Comment