Monday, October 12, 2009

Surah 059 Hashr : Exodus


၀၅၉။ စူရာ ဟရှ်ရ်း ပြည်နှင်ဒဏ် ကဏ္ဍ
( မဒီနာမြို့တော်ကျ- ၂၄ အာယသ်တော်)

မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။


၀၅၉း ၁။ မိုးကောင်းကင်နှင့် ပထ၀ီမြေ၌ရှိသမျှသောအရာတို့သည် အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း မြွက်ဆိုကြ၏။ စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်၏။

၀၅၉း ၂။ ထိုအရှင်မြတ်သည်ပင် ရှေးကျမ်းဂန်ရရှိသူ ကာဖိရ်တို့အား ပထမအကြိမ် စုရုံးကြစဉ်အခါ၍ပင် ၄င်းတို့ ၏နေအိမ်များမှ နှင့်ထုတ်တော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ အသင်တို့သည် ၄င်းတို့ ထွက်သွားကြလိမ့်မည်ဟူ ၍ပင် ထင်မြင်ခဲ့ကြသည်မဟုတ်ပေ။ ၄င်းတို့ကိုယ်တိုင်က ၄င်းတို့၏ ခံတပ်များသည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ ကာကွယ်စောင့်ရှောက်ကြမည်ဟု ထင်မြင်ခဲ့ကြ၏။ သို့သော်လည်း အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ ထံ ၄င်းတို့ မထင်မြင်ခဲ့သောနေရာမှ ရောက်လာခဲ့သည်။ ၄င်းတို့၏ နှလုံးသားအတွင်း ကြောက်ရွံ့မှုကို သက်ရောက်စေခဲ့ရာ ထိုသူတို့သည် မိမိတို့၏ နေအိမ်များကို မိမိတို့၏ လက်များဖြင့်၎င်း မု့မင်န်တို့၏ လက်များ ဖြင့်၎င်း ဖျက်ဆီးလျက် ရှိကြကုန်၏။ သို့ဖြစ်၍ အသိဥါဏ်ရှင်အပေါင်းတို့ အသင်တို့ သင်ခန်းစာယူကြလေကုန်။

၀၅၉း ၃။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အား ပြည်နှင်ဒါဏ်ခတ်ရန် မရှိခဲ့ပါက ယခုဘ၀တွင် ၄င်းတို့အား ပြစ်ဒဏ်ခတ်တော်မူခဲ့ပေမည်။ စင်စစ် အာခိရသ်တွင် ပြစ်ဒဏ်သည် ၄င်းတို့အဖို့ ရှိပေသည်။


၀၅၉း ၄။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၎င်း ထိုအရှင်၏ တမန်တော်အား၎င်း ဆန့် ကျင်မှု ပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ခဲ့မူ အရှင်မြတ်သည် ပြင်းထန်စွာ ဒဏ်ခတ်တော်မူသော အရှင်ဖြစ်၏။

၀၅၉း ၅။ အသင်တို့ စွန်ပုလွန်ပင်များကို ဖြတ်တောက်ခြင်း၊ ယင်းတို့ကို အခြေတွင် ရပ်တည်ထားခဲ့ခြင်းသည် အလ္လာဟ်အမိန့်တော်နှင့်အညီဖြစ်သည်။ ထို့အပြင် အလ္လာဟ်အမိန့်တော်များကို ဆန့်ကျင်သူတို့အတွက်မူ အရှက်ရစေတော်မူမည်။

၀၅၉း ၆။ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်အား လက်ရပစ္စည်းအဖြစ်သိမ်းပိုက်စေသည့် အရာများသည် အသင်တို့ မြင်းများဖြင့်၎င်း၊ ကုလားအုပ်များဖြင့်၎င်း၊ မောင်းနှင်းယူခဲ့ကြသည့်အရာများမဟုတ်ပါ။ စင်စစ် အလ္လာဟ် အရှင်မြတ်သည် မိမိတမန်တော်များ မိမိအလိုရှိသူတို့အပေါ် လွှမ်းမိုးစေတော်မူ၏။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းနိုင်တော်မူသောအရှင်ဖြစ်၏။

၀၅၉း ၇။ အလ္လာဟ်အရှင်မြတ် မိမိရစူလ်အား မြို့ရွာရှိသူတို့ထံမှ သိမ်းပိုက်ရရှိစေခဲ့သည့်အရာတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာဆိုင်သည်။ ထို့အပြင် တမန်တော်နှင့်၎င်း၊ ဆွေရင်းသားတို့နှင့်၎င်း၊ ဖမဲ့ကလေးများ နှင့်၎င်း၊ သူဆင်းရဲတို့နှင့်၎င်း၊ ခရီးသည်တို့နှင့်၎င်း သက်ဆိုင်၏။ သို့ပြုခြင်းသည် ၄င်းပစ္စည်းများ သူကြွယ်တို့ အပါး၌သာ မတည်ရှိစေရန်ဖြစ်သည်။ အသင်တို့သည် တမန်တော်မြတ် ပေးအပ်သည်ကို ယူကြပြီး တားမြစ်သည်ကို ရှောင်ကြဉ်ကြကုန်လော့။ ထို့အပြင် အလ္လာဟ်အားကြောက်ရွံ့ကြကုန် ဧကန်မလွဲ အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသည့်အရှင်ဖြစ်သည်။

၀၅၉း ၈။ မုဟာဂျိရ်တို့သည် မိမိတို့ မိမိတို့နေအိမ်များကို၎င်း၊ ဥစ္စည်းဥစ္စများကို၎င်း စွန့်ခွာ၍ထွက်လာခဲ့ကြ၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်ကို၎င်း၊ ကျေနပ်မှုကို၎င်း ရှာဖွေလျက်ရှိကြ၏။ ထိုသူတို့ သည် အလ္လာဟ်အရှင်မြတ်အား၎င်း၊ တမန်တော်အား၎င်း၊ ကူညီကြ၏။ ထိုသူတို့သည် သစ္စာရှိသူများဖြစ်ကြ၏။

၀၅၉း ၉။ ထို့အပြင် ထိုသူတို့ (အန်စွာရ်တို့) သည် မုဟာဂျိရ်အလျင်ကပင် ဒါရွလ်အစ္စလာမ် မြို့တော်တွင် နေထိုင်ကြ ကုန်၏။ အီမန်သက်ဝင်ယုံကြည်မှုတွင် ခိုင်ခံ့စွာရှိခဲ့ကြ၏။ ၄င်းတို့သည် မိမိတို့ထံ ပြောင်းရွေ့ခဲ့သူ တို့ကို ချစ်မြတ်နိုးကြ၏။ ထို့အပြင် မုဟာဂျိရ်တို့ရရှိသည့်ပစ္စည်းများအပေါ်တွင်လည်း မကျေနပ်မှုကို တွေ့ရှိခံစား ရသည်မဟုတ်ပေ။ ထို့အပြင် ၄င်းတို့သည် မိမိကိုယ်တိုင်း ငတ်မွတ်နေသော်လည်း မုဟာဂျိရ်တို့အား ဦးစားပေး ၏။ စင်စစ် သည်သူမဆို မိမိကိုယ်၌က လောဘရမက် ကင်းလျှင် ထိုသူတို့သည် အောင်မြင်သူများ ဖြစ်ကြပေသည်။

၀၅၉း ၁၀။ ထိုအပြင် နောက်ပိုင်းလူအချို့တို့သည် ဤသို့တိုင်ကြားကြ၏။ အို ကျွန်ုပ်တို့အား မွေးမြူဖန်ဆင်း သောအရှင်မြတ် ကျွန်တော်မျိုးတို့အား၎င်း၊ ကျွန်တော်မျိုးတို့အရင် အီမန်ယူခဲ့သော ကျွန်တော်မျိုးတို့၏ နောင်တော်များအား၎င်း၊ ခွင့်လွှတ်ချမ်းသာမှုပေးသနားတော်မူပါ။ ထို့အပြင် ကျွန်တော်မျိုးတို့စိတ်ဝယ် အီမန်တို့နှင့်ပတ်သက်ပြီး စိတ်ငြိုငြင်မှု မဖြစ်စေတော်မူပါနှင့်၊ အိုကျွန်တော်မျိုးတို့၏ ဖန်ဆင်းရှင် အရှင်မြတ်သည် ဧကန်မလွဲ လွန်စွာသိမ်မွေ့ပြီး လွန်စွာ ဂရုဏာပြုတော်အရှင်ဖြစ်ပါသည်။

၀၅၉း ၁၁။ အို တမန်တော် အသင်သည် အယောင်ဆောင်တို့၏ အခြေအနေကို သုံးသပ်မိပြီလော။ ထိုသူတို့ သည် ရှေးကျမ်းရသူ မိမိတို့၏ညီအကိုများအနက် သွေဖည်သူတို့အား ဤသို့ပြောကြားကြ၏။ အကယ်၍ အသင်တို့သည် မဒီနာမြို့တော်မှ နှင့်ထုတ်ခံရလျှင် မိမိတို့လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ မိမိတို့သည် မည်သည့်အခါမျှ အသင်တို့နှင့်ပတ်သက်လျှင် မည်သူ့ (စကားကိုမျှ) လိုက်နာကြမည်မဟုတ်ပေ။ ထို့အပြင် အသင်တို့ အတိုက်ခံရလျှင် မိမိတို့သည် အသင်တို့ကို ကူညီကြမည်။ စင်စစ် ၄င်းတို့သည် မုသားဝါဒီများ ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ် သက်သေခံတော်မူ၏။

၀၅၉း ၁၂။ စင်စစ် သူတို့သည် မဒီနာမြို့တော်မှ နှင်ထုတ်ခံရလျှင်လည်း အထုတ်ခံရသူတို့နှင့်အတူ ထွက်ကြမည်မဟုတ်သလို၊ တိုက်ခိုက်ခံရလျှင်လည်း သူတို့အား ကူညီမည်မဟုတ်ပေ။ ထိုသို့ ကူညီသည့်တိုင် သူတို့သည် အနှင်ထုတ်ခံရသူတို့အား ကျောခိုင်းထွက်သွားပေမည်။ ထို့နောက်ထိုသူတို့သည် အကူအညီရတော့ မည်မဟုတ်ပေ။

၀၅၉း ၁၃။ အမှန်ပင် သူတို့၏စိတ်တွင်းဝယ် မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ထက် ကြောက်စရာ ကောင်းနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့သည် မသိနားမလည်သူများ ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။

၀၅၉း ၁၄။ ၄င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ကြမည်မဟုတ်ပေ။ လုံခြုံသော မြို့ရွာ များတွင်နေ၍၄င်း၊ တံတိုင်းများနောက်ကွယ်မှ၎င်း တိုက်ခိုက်ကြမည်။ ၄င်းတို့အချင်းချင်းတွင်လည်း ကြီးမား သော မကျေနပ်မှုရှိနေသည်။ အသင်သည် ၄င်းတို့ ညီညွတ်နေသည်ဟု ထင်မြင်သော်လည်း စိတ်နှလုံးများကား ကွဲပြားနေကြသည်။ အကြောင်းမှာ သူတို့သည် အသိဥါဏ်ကို မသုံးကြသည့်အတွက်ဖြစ်သည်။

၀၅၉း ၅။ ၄င်းတို့၏ ဥပမာကား ၄င်းတို့ခေတ်ထက်အလျင်အချိန်အနည်းငယ်အတွင်း ပြစ်မှုများကြောင့် အပြစ်ဒါဏ်ခံခဲ့ကြရသူများ အတိုင်းဖြစ်သည်။ ထို့အပြင် သူတို့အဖို့ နောင်ဘ၀တွင်လည်း နာကျင်ဖွယ် ပြစ်ဒဏ်ရှိပေသည်။

၀၅၉း ၁၆။ ထို့အပြင် ရှိုင်သွာန်၏ ဥပမာကဲ့သို့ဖြစ်သည်။ အကြင်ချိန်တွင် ရှိုင်သွာန်သည် လူသားအား သွေဖည် ဟုပြောလေ၏။ ထိုအခါ လူသားသည် သွေဖည်လေသည်။ ထိုအခါ ရှိုင်သွာန်က မိမိသည် အသင်နှင့် မပတ်သက်တော့ဟုဆိုလေသည်။ ဧကန် ငါသည် စကြာဝဠာ ခပ်သိမ်း၏ ဖန်ဆင်းရှင်အား ကြောက်ရွံ့၏ ဟုပြောဆိုကာ နောက်ဆုတ်လေသည်။

၀၅၉း ၁၇။ သို့ဖြစ်၍ ၄င်းတို့နှစ်ဦး၏ နောက်ဆုံးအကျိုးဆက်ကာ ငရဲသို့လားမည်သာတည်း။ ၄င်းငရဲတွင် ထာဝရ နေရပေမည်။ ဤသည်ကား မတရားပြုလုပ်ခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။

၀၅၉း ၁၈။ အိုမုမင်အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ ထို့အပြင် လူတိုင်းသည် မနက်ဖြန်ကြိုတင်ပို့ထားသည်ကို တွေ့မြင်ကြရမည်။ ထိုအပြင် အသင်တို့သည် အလ္လာဟ်အရှင် မြတ်ကိုကြောက်ရွံ့ကြကုန်၊ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမှုသမျှကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်သည်။

၀၅၉း ၁၉။ ထိုအပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မေ့ထားကြသည့်သူများကဲ့သို့ မဖြစ်ကြကုန် လင့်။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့အား မိမိတို့ကိုယ်ကိုပင် မေ့ပျောက်စေခဲ့သည်။ ထိုသူတို့သည် အမိန့် တော်များကို သွေဖည်သူများဖြစ်သည်။

၀၅၉း ၂၀။ ငရဲသားတို့နှင့် သုခဘုံသားတို့သည် တူညီကြသည်မဟုတ်။ သုခဘုံသားတို့သည် အောင်မြင်ကြသူ များဖြစ်ကြသည်။

၀၅၉း ၂၁။ အကယ်၍သာ ငါအရှင်မြတ်သည် ၌ကျမ်းမြတ်ကုရ်အာန်ကို တောင်တစ်ခုအပေါ် ချပေးခဲ့လျှင် ၄င်းတောင်သည် အလ္လာဟ်အားကြောက်ရွံ့သဖြင့် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မည်ကို အမှန်ပင်တွေ့ရှိရမည်။ စင်စစ် ငါအရှင်မြတ်သည် ၄င်းဥပမာကို လူတို့စဉ်းစားသုံးသပ်နိုင်ရန် ခိုင်းနှိုင်းဖေါ်ပြခဲ့ခြင်းဖြစ်သည်။

၀၅၉း ၂၂။ အခြားကိုးကွယ်ထိုက်သည့်အရှင်မရှိ။ ထိုအရှင်မြတ်သည်ပင် ခ၀ပ်ကိုးကွယ်ထိုက်သော အရှင်ဖြစ် သည်။ လျှို့ဝှက်သည့်အရာများကို၎င်း၊ ထင်ရှားတည်ရှိသည့်အရာများကို၎င်း သိတော်မူသောအရှင်မြတ်ဖြစ် သည်။ ထိုအရှင်မြတ်သည်ပင် မဟာဂရုဏာတော်ရှင် အလွန်ကြင်နာတော်မူသောအရှင်မြတ်ဖြစ်သည်။


၀၅၉း ၂၃။ အခြားကိုးကွယ်ထိုက်သည့်အရှင်မရှိ။ ထိုအရှင်မြတ်သည်ပင် ခ၀ပ်ကိုးကွယ်ထိုက်သော အရှင်ဖြစ် သည်။ စိုးမိုးအုပ်ချုပ်သောမူသောအရှင်၊ စင်ကြယ်သန့်ရှင်အပြစ်ကင်းသောအရှင်၊ ချွတ်ယွင်းချက်တို့မှ ကင်းစင် တော်မူသောအရှင်၊ ငြိမ်းချမ်းမှုကို ပေးသောအရှင်၊ ထိန်းသိမ်းစောင့်ရှောက်သောမူသောအရှင်၊ ခန့်ညားတော်မူ သောအရှင်၊ သြဇာအာဏာလွှမ်းမိုးတော်မူသော အရှင်၊ ဂုဏ်သိက္ခာကြီးကဲမြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့တွဲဖက်ကိုးကွယ်သည်တို့မှ စင်ကြယ်တော်မူ၏။

၀၅၉း ၂၄။ ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော၊ အကောင်အထည်ဖေါ်တော်မူသော၊ ပုံသဏ္ဍန်ပြုလုပ် တော်မူသော အရှင်မြတ်ဖြစ်သည်။ ထိုအရှင်မြတ်၌ ကောင်းမြတ်လှစွာသော ဂုဏ်တော်များရှိ၏။ မိုးမြေအတွင်း ရှိသမျှတို့သည် ထိုအရှင်မြတ် သန့်စင်ကြောင်း မြွက်ဆိုလျှက်ရှိကြ၏။ ထို့အပြင် ထိုအရှင်မြတ်သည် လွန်စွာခန့် ညားတော်မူသော ဆင်ခြင်ထုံတရားနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။


No comments: