Wednesday, December 23, 2009

What is Islamic Education ?

What is Islamic Education ?
Is Learning Science and Technology
Islamic Education ?


အစ္စလာမ်ဘာသာတွင် ပညာရှာဖွေခြင်း ဆိုသည်မှာ အဘယ်နည်း။
သိပ္ပံနှင့် နည်းပညာသင်ကြားခြင်းသည် အစ္စလာမ်ဘာသာရေးအရ ပညာရှာဖွေစီးပူးခြင်းဟု ဆိုထိုက်မည်လား၊

ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်လာ အရေးပါသည့် အိဗါဒသ်နှင့်ဆိုင်သော အခြေခံအချက်များနှင့်
မဏ္ဍိုင် ငါးပါးပါ အချက်များကို လေ့လာစီးပူးခြင်းသည် မဖြစ်မနေလုပ်ရမည်ဖြစ်ကြောင်း ဦးစွာ တင်ပြလိုသည်။


ပညာဗဟုသုတရှာဖွေခြင်းသည် မွတ်စ်လင်မ်တိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ထိုသို့ ပညာ ရှာဖွေခြင်း သည် မွတ်စ်လင်မ်တိုင်းအပေါ် မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ရပ်ဖြစ်သည်။ ထိုသို့ မွတ်စ်လင်မ်တိုင်း ပညာ ရှာဖွေမှုကို လွယ်ကူစွာ လုပ်ကိုင်နိုင်ရန်အတွက် စွမ်းဆောင်နိုင်သူတိုင်းတွင် တာဝန်ရှိပါသည်။ ပညာရှာဖွေသည် ဆိုရာတွင် ဘာသာရေးပညာရပ်များကို ဆည်းပူးရမည့်အပြင် ခေတ်သစ် ပညာရပ်များ နည်းပညာများကိုလည်း သင်ယူရန်အရေးကြီးပါသည် အကြောင်း ခေတ် သိပ္ပံပညာရပ်များသည် ယနေ့ခေတ်လူတို့အတွက် မိမိတို့ဘ၀ ရှင်သန်ရန်အတွက် အလွန်အရေး ကြီးသော ကဏ္ဍတစ်ရပ်ဖြစ်လာသည့်အတွက်ကြောင့်ဖြစ်ပါသည်။

အစ္စလာမ်ဘာသာ တိုးတက်ထွန်းကားသော နိုင်ငံတိုင်းတွင် ယခင်ခေတ်အခါက ပညာသင်ကြားရေး ဟူသည့် သဘောကို ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို လေ့လာစည်းပူးခြင်း အထိသာ သတ်မှတ်သင်ယူပေးခဲ့ကြသည်။ ယနေ့ သိပ္ပံနှင့် နည်းပညာသည် မိမိတို့ အစ္စလာမ်နိုင်ငံများအတွက် ကမ္ဘာနှင့် ယှဉ်နိုင်ရန် အတွက်၎င်း၊ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်၏ လုပ်ငန်း ဋ္ဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ စက်ရုံ အလုပ်ရုံများတွင် နည်းပညာတတ်ကြွမ်းသည့် ပညာရှင်များလိုအပ်သည့်အတွက်၎င်း၊ သိန်းနှင့် သန်းနှင့် ချီသော မွတ်စ်လင်မ်များကို ယနေ့အခါ ဘာသာရေးပညာအပြင် ခေတ်မီနည်းပညာနှင့် သိပ္ပံပညာရပ်များကို သင်ပေး သင်ယူနေကြပြီ ဖြစ်ပါသည်။

အစ္စလာမ်သာသနာ၏ ပညာသင်ကြားပေးခြင်း သင်ယူခြင်း အလုပ်တို့၏ ရည်ရွယ်ချက်သည် အလုပ်ကောင်း ကောင်းလုပ်ကိုင်ခွင့်ရပြီး ၀င်ငွေကောင်းကောင်းဖြင့် မိမိဘ၀အရသာ တစ်ခုတည်း ခံစားနေရန်မဟုတ်ဘဲ၊ ထိုအရည်အချင်းနှင့် အခွင့်အရေးကို ကောင်းစွာ အသုံးချပြီး လောက အကောင်းကျိုးနှင့် အခြားသူငှာ အပေါင်းတို့၏ ကောင်းကျိုးကို ရှေ့ရူကာ အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်သွားရန်ပင်ဖြစ်ပါသည်။

အကောင်းဆုံးသော ပညာဗဟုတဟူသည် ကျမ်းမြတ်ကုရ်အာန်မှလွဲ၍ မည်သည့်နေရာတွင်မှ မရှိနိုင်သည်မှာ မိမိတို့မွတ်စ်လင်မ်များအားလုံးသိကြပါသည်။ တစ်ချိန်က မွတ်စ်လင်မ်တို့သည် ခေတ်ပညာရပ်များ၊ သိပ္ပံ ပညာရပ်များ လေ့လာမှုများနေသည့် အခြေအနေများကို သိဖန်မြင်ဖန် များလာသည့်အခါ မိမိတို့၏ သားသမီးများ သာသနာ့အမြင် ဘာသာတရားအမြင် ပျောက်ကွယ် မည်ဟု စိုးရိမ်ကြပြီးနောက် မိမိတို့သားသမီ များကို ခေတ်ပညာ၊ သိပ္ပံပညာများ သင်ကြားပေးခြင်း မပြုတော့ဘဲ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်ပညာ ရပ်များကိုသာ သင်ပေးကြလေတော့သည်။ တမန်တော်မြတ် (ဆွ)၏ မိန့်မှာချက် ဖြစ်သည့် “ပညာသင်ကြား ခြင်းသည် မွတ်စ်လင်မ် အားလုံးအပေါ် ဖရဇ်တာဝန်ဖြစ်သည်” ဆိုသည့် စကားကို ဘာသာရေးပညာ သင်ကြားခြင်းဖြင့်သာ သတ်မှတ်ခဲ့ကြလေသည်။ ခေတ်ပညာ သိပ္ပံပညာဟူသည်ကို အနောက်တိုင်းသားတို့၏ ပညာ အိင်္ဂလိပ်၊ အမေရိကန်တို့၏ ပညာဟု သတ်မှတ်ကြသည်။ ထိုပညာများတတ်လျှင် မည်သည့် အကျိုးမှမရှိဘဲ ဖြစ်မည်ဟု ထင်မြင်ကြ သည်။ ထိုအမြင်နှင့် ကန့်သန့်မှုကြောင့် ယနေ့ မွတ်စ်လင်မ် တို့၏ အခြေအနေသည် လွန်စွာပင် ခေတ်နောက်ကျခဲ့ရပြီဖြစ်သည်။

စင်စစ် သိပ္ပံပညာရပ်များ ခေတ်ပညာရပ်များဖြစ်သည့် ဆေးပညာ၊ ဆောက်လုပ်ရေးပညာ၊ နတ္ခတ္တ ပညာရပ်များ၊ အတွေးအခေါ်ပညာများ၊ သင်္ချာပညာရပ်များ၊ အလ်ဂျီဘရာ ပညာရပ်များ၊ အုပ်ချုပ် ရေးပညာရပ်များ၊ ဗိသုကာ ပညာရပ်များ၊ စစ်ဆင်ရေးနှင့် လက်နက်ဆိုင်ရာ ပညာရပ်များ စသည် တို့သည် မွတ်စ်လင်မ် ကောင်းစားသည့် ခေတ်အခါသမယ စူပါ ပါဝါ ခေတ်တွင် ဖွံ့ဖြိုးတိုးတက်ခဲ့ သည့် ပညာရပ်များဖြစ်ပြီး ၄င်းပညာရပ်များကို ဘဂ်ဒါဒ် တက္ကသိုလ်၊ ကော်ဒိုဘာ တက္ကသိုလ်များ တွင် အစ္စလာမ် ပညာရှင်များက သင်ကြားပြပေးခဲ့ကြလေသည်။ ထိုအချိန်တွင် အောက်စ်ဖိုဒ် တက္ကသိုလ်၊ ကင်းမ်ဘရိက် တက္ကသိုလ်များသည် နံမည်ပင် မရှိကြသေးပေ။

မွတ်စ်လင်မ် ပညာရှင်များ ဖြစ်သည့် အိဗ်နိ ကသီးရ်၊ အိဗ်နိဂျရီးရ်၊ အိဗ်နိ ခလ်ဒူးန် အုပ်ချုပ်ရေးရာပညာရှင်)၊ အိဗ်နိ အာရဗီ (နက္ခတ္တဗေဒပညာရှင်)၊ အလ်ဖါရာဘီ ခေါ် အဘူ ဖလ်စဖာ (ဖီလောစောဖီပညာရှင်) ၊ အလ်အိဒ်ရီစီ ခေါ် အဘူ ဂျဂရာဖီ (ဂျော်ဂရော်ဖိပညာရှင်ဒ) ပထ၀ီ ပညာရှင်၊ ဂျာဘိရ်ဘင် ဟယ်ယားန် ခေါ် အဘူ ကီမီယား (ဓါတုဗေဒပညာရှင်)၊ အိဗ်နီ စီနား ခေါ် အဘူ သစ်ဗွလ် ဘရှရီ (ဆေးသိပ္ပံပညာရှင်)၊ အိဗ်နီ ဘသူသွာ ခေါ် (ခရီးသွားပညာရှင်)၊ အိဗ်နိ ဟိုင်သိုင်မ် (စကြာဝဠာနှင့် အာကာသဗေဒပညာရှင်)၊ အိဗ်နိမာဂျိဒ် (ပင်လယ်ရေကြောင်းပညာရှင်)၊ အိဗ်နိခါဇာန် ( သဘာဝ ရုပ်တိဗေဒပညာရှင်) တို့သည် အစ္စလာမ်ဂုဏ်ဆောင် ပညာရှင်များဖြစ်ပြီး ၄င်းတို့သည် မည်သည့်အခါမျှ နံမည် မသေနိုင်သည့် ပညာရှင်များဖြစ်ပြီး ယနေ့တိုင်အောင် အနောက်တိုင်း တက္ကသိုလ်ကြီးများတွင် ၄င်းတို့၏ စာပေများ ကို ဆက်လက်သင်ကြားနေကြလေ သည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် အစ္စလာမ်ခေါင်းဆောင်များ ပညာရှင်များ ရှာဖွေလေ့လာခဲ့သော ပညာရပ် များအားလုံးသည် တစ်ချိန်တစ်ခါတွင် ဒွန္နီယာလောကကြီးအတွက်သာ အသုံးချနိုင်သည့် ပညာရပ်များအဖြစ် သတ်မှတ်ခံခဲ့ရပြီး အစ္စလာမ်လောကမှ အပယ်ခံခဲ့ရလေသည်။ မိဘများသည် မိမိသားသမီးများကို ခေတ်ပညာသင်ကြာပေးခြင်းမှ ရပ်စဲလိုက်လေတော့သည်။ သို့သော် ထိုပညာ ရပ်များသည် ဆက်လက်ဖြစ် ပေါ်တိုးတက်နေခဲ့ပေသည်။ ထိုပညာရပ်များသည် တစတစဖြင့် ကာဖိရ်များ ဥရောပသားများလက်သို့ ရောက်ခဲ့ကြရပေသည်။ ယနေ့ ဥရောပသားများ၊ ကာဖိရ် ရဟူဒီနှင့် နစွာရာနီ တို့သည် မွတ်စ်လင်မ်ပညာရှင်များ ရှာဖွေတွေ့ရှိထားသည့် ၄င်းပညာရပ် များဖြင့် ယနေ့ သိပ္ပံနှင့် နည်းပညာတွင် ရှေ့တန်းရောက်နေပြီဖြစ်သည်။ ၄င်းတို့သည် ယနေ့ အနုမြူဗုံးပိုင်ဆိုင်နေပြီဖြစ်သည်။ နည်းပညာ၏ ပန့်ပိုးမှုဖြင့် အရာရာတွင် ရှေ့တန်းရောက်နေပြီး မွတ်စ်လင်မ် နိုင်ငံတိုင်းသည် ယနေ့ သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စစ်ရေးရာ များအား လုံး၏ ချယ်လှယ်မှုအောက်တွင် ရုံးမထွက်နိုင်အောင်ဖြစ်နေရပြီး များစွာသော မွတ်စ်လင်မ်များ သည် ၄င်း ခေတ်သိပ္ပံနှင့် နည်းပညာ၏ လက်အောက်တွင် သာသနာစွန့်သည့် အထိ ဖြစ်နေကြသည်ကို မည်သူ ငြင်းနိုင်အံ့တော့နည်း။

ကျမ်မြတ်ကုရ်အာန်သည် နှစ်ဘ၀လုံးအတွက် အအောင်မြင်ဆုံးဘ၀လမ်းကို လျှောက်လှမ်း နိုင်ရန်အတွက် လမ်းညွှန်ပင်ဖြစ်ပါသည်။ ပညာသင်ကြားခြင်းနှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် အာယသ်တော်များကို ကြည့်လျှင်။ (၃၉း၉) ပညာတတ်သူနှင့် ပညာမတတ်သူတို့၏ အခြေ အနေသည် တူညီပါရဲ့လား။ (၅၈း၁၁) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မိမိ နှစ်သက်သူအချို့ကို ပညာဗဟုသတချီးမြှင့်ပြီး အဆင့် အတန်းမြှင့်တင်ပေးခဲ့သည်။ (၃၅း၂၈) အသင်တို့အတွင်း ပညာတတ်သူတို့သာလျှင် အလ္လာဟ်အရှင်မြတ်ကို အကြောက်ဆုံးသူဖြစ်သည်။ (၉၆း၁) သင်သည် အသင့်ကို မွေးမြူဖန်ဆင်းသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို အစပြုကာ ဖတ်ပါ။ ဖတ်ခြင်းဖြင့် လေ့လာခြင်း (Learning) အခြေအနေရလေသည်။ (Learning) တွင် အပိုင်းနှစ်ပိုင်းရှိပါသည်။ ၄င်းတို့မှာ စံနစ်တကျ သိရှိအောင်လေ့လာ ခြင်း (Observation) (သဖက်ကုရ်) အခြေအနေသို့ ရောက်ရလေသည်။ (သဖက်ကုရ်) အခြေအနေတွင် အလ္လာဟ် အရှင်မြတ်၏ လက္ခဏာတော်များဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်လာ စကြာဝဠာ နှင့် ၄င်းအတွင်းရှိ အရာများ၊ Creation of Universe and Natural Science ကို စနစ်တကျလေ့လာခြင်း၊ လူသားတို့ကို ဖန်ဆင်းခြင်း Creation of Human Being၊ ၄င်းလူသား တို့၏ လုပ်ငန်းတာဝန်များ၊ သဘာဝများ၊ စသည့် Human Science ကို လေ့လာခြင်းပင်ဖြစ်သည်။

မွတ်စ်လင်မ် မိဘများ စိုးရိမ်သည့်အဓိကအချက်မှာ ခေတ်ပညာ သိပ္ပံပညာရပ်များကို သင်ယူ သင်ကြားရင်း မွတ်စ်လင်မ် တို့သည် အလ္လာဟ်အရှင်မြတ်အား မေ့လျှော့ကုန်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ စင်စစ် ပညာရှာဖွေခြင်းနှင့် အိဗါဒသ်လုပ်ခြင်းစသည်တို့သည် သူ့နေရာနှင့်သူ သတ်မှတ် ချိန်နှင့်အမျှ လုပ်ကိုင်ဆောင် ရွက်ခဲ့လျှင် အိဗါဒသ်လည်းမပျက် နည်းပညာနှင့် ပညာတတ်များလည်းဖြစ်ရင်း လောကီ လောကုတ္တ နှစ်ဋ္ဌာနေလုံးတွင် အောင်မြင်သူများ ဖြစ်နိုင်ပါသည်။

အဆိုပါသဘောတရားနှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်တွင် အလှပဆုံးနှင့် အကောင်းဆုံး လမ်းညွှန်ချက်တစ်ခုအဖြစ် စူရာ ဂျွမ္မဟ် အာယသ် ၁၀ တွင် မိန့်ပါသည်။ “ အီမာန်ရှင်တို့ … အသင်တို့သည် ဆွလာသ် ၀တ်ပြုပြီးသည့်နောက် မြေကမ္ဘာသို့ လျှောက်လှမ်းကာ မိမိတို့၏ ၀မ်းစာအတွက် သွားရောက် ရှာဖွေကြလော့”။ ၄င်းအာယသ်တော်၏ သဘောမှာ အလွန်ရှင်း ပါသည်။ တစ်ဖက်တွင် အီဗါဒသ်လုပ်ရန် လိုအပ်သလို အခြားတစ်ဖက်တွင် ၀မ်းစာရှာဖွေရန် လိုအပ်ပါသည်။

ယနေ့ဝမ်းစာရှာဖွေရန်အတွက် ဟလာလ်နည်းလမ်းကျသည့် လုပ်ငန်းမှန်သမျှသည် ၀မ်းစာ အတွက် မှန်ကန်သော နည်းလမ်းများဖြစ်သည်။ ၀မ်းစာရှာဖွေနေကြသည့် လူများတွင် အုပ်စုနှစ်စု ရှိသည်ကိုတွေ့ရမည်။ တစ်စုသည် ကာယအလုပ်သမားများဖြစ်ပြီး အခြားအုပ်စုသည် ဥာဏ အလုပ်များဖြစ်သည်ကို တွေ့ရမည်။ ကာယလုပ်သားများသည် မိမိတို့ကာယစွမ်းအားကို အသုံးချပြီး ငွေရှာဖွေကြသော်လည်း အများသိကြသည့် အတိုင်း ဥာဏအလုပ်သမားတို့၏ ၀င်ငွေနှင့် နှိုင်းယှဉ်လျှင် များစွာကွာခြားကြပါသည်။ ကွာခြားမှုသည် “ပညာ” ဟူသည့် ရွှေအိုးကြီး ကြောင့်ဖြစ်ကြောင်း နားလည်သဘောပေါက်မည်ဖြစ်သည်။ ထို့ကြောင့် ပညာ ရှာဖွေခြင်း အလုပ်ကို အလ္လာဟ်အရှင်မြတ် အားအိဗါဒသ်လုပ်သည့် သဘောအဖြစ်ယူဆကာ ရှာဖွလျှင် နိယသ်ကောင်း သဖြင့် အိဗါဒသ် အကျိုးရသည့်အပြင် လောကတွင်လည်း ဥာဏ၀န်ထမ်းအဖြစ် ချောင်ချောင်ချိချိ ၀၀လင်လင် ၀င်ငွေကောင်းသည့် အလုပ်အကိုင်ကို လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဥာဏ၀န်ထမ်းအဖြစ်လုပ်ကိုင်ရာတွင်လည်း အခြေအနေအမျိုးမျိုးရှိသည်ကို သိရမည်ဖြစ်သည်။ အချို့သော မွတ်စ်လင်မ်တို့သည် သိပ္ပံပညာရပ်များနှင့် ခေတ်မီ စက်မှုလက်မှု ပညာရပ်များကို သင်ကြားတတ် မြောက် ကြသလို အချို့သောသူတို့သည် ၀ိဇ္ဇာပညာရပ်များကို သင်ကြားကြသည်။ အစ္စလာမစ်နိုင်ငံများ၏ ခေတ်မီ တက္ကသိုလ်ကြီးများတွင် အဆိုပါအတိုင်း သင်ယူကြသဖြင့် မွတ်စ်လင်မ်တို့အတွင်း အာလင်မ်သာသနာ့ ပညာရှင်များရှိကြသလို သမိုင်းပညာရှင်များ၊ ပထ၀ီ ပညာရှင်များ၊ အာရဗီဘာသာ ပညာရှင်များ၊ သိပ္ပံ ပညာရှင်များ၊ အနုမြူပညာရှင်များ စက်မှုလက်မှု ပညာရှင်များ အတတ်ပညာရှင်များ များစွာရှိနေသည်ကို တွေ့ရသည်။

ယနေ့မိမိတို့၏ အသိုင်းအ၀န်း (ကွန်မြူနီတီ) တွင် ပညာရှင်များစွာ ရှိနေခြင်းသည် ကောင်း၏လော (သို့) မကောင်း၏လောဆိုသည်ကို မိမိတို့ကောင်းစွာ ခွဲခြားနိုင်သင့်သည်။ တမန်တော်မြတ် (ဆွ) ခေတ်မှစကာ အစ္စလာမ်အင်ပါယာကြွယ်ဝထွန်းတောက်သည့် ခေတ်တစ်လျှောက်လုံး အစ္စလာမ် တို့အသိုင်းအ၀န်းတွင် အဆိုပါခေတ်ပညာတတ် ဘာသာရေး ပညာရှင်များစွာ ပေါ်ပေါက်ခဲ့သဖြင့် အစ္စလာမ်သမိုင်းတွင် ပညာရှင် များစွာ ပေါ်ထွန်းခဲ့ပြီး ကမ္ဘာက အောချလောက်အောင် မော်ကွန်း တင်နိုင်ခဲ့သည်။

အချို့သောသူတို့သည် ခေတ်ပညာတတ်များကြောင့် အစ္စလာမ်သာသနာနှင့် အင်ပါယာကြီးများ ကျဆုံးခဲ့ကြရ သည်ဟု အပြစ်တင်ကြသည်။ အမှန်တော့ အောင်မြင်မှုနှင့် ဆုံးရှုံးမှုဟူသည် ပညာ တတ်ခြင်းနှင့် မဆိုင်ဘဲ မိမိတို့၏ အမလ် ဟုခေါ်သည့် လုပ်ရပ်များနှင့်သာဆိုင်ကြောင်း ခွဲခြားတတ် ရမည်။ အမလ်မကောင်းသည့်အခါ၊ စာရိတ္တများ ချစားသည့်အခါ၊ အရေခြုံလုပ်သူများ ပေါ်များလာ သည့်အခါ၊ သူများဥစ္စာပစ္စည်းကို မတရား စားသုံးကြသည့်အခါ၊ အထူးသဖြင့် ယသီးမ်မိဘမဲ့များ၊ မုဆိုးမများ၊ ဆင်းရဲဒုက္ခရောက်ကြသူများ၏ ငွေများ၊ ဇကာသ်ငွေများကို မိမိပိုင် ပစ္စည်းကဲ့သို့ အသုံးချသူများ၊ ထိုငွေများဖြင့် မိမိကိုယ်ပိုင် လုပ်ငန်း၊ ဆိုင်၊ အရောင်းအ၀ယ် လုပ်ကိုင်နေသူများ၊ ထို့အပြင် မကောင်းမှုလုပ်ငန်းများတွင် နစ်မြောနေသူများ စသည့် စိတ်ရော ရုပ်ဝတ္ထု နှစ်မျိုးလုံးနှင့် ပတ်သက်သော ချစားမူ (ကော်ရပ်ရှင်း) ကြောင့် မိမိတို့၏ အီမာန်သာမက မိမိတို့၏ အဆင့်အတန်း လုပ်ငန်း အဆုံးတွင် မိမိဘာသာပါ ပျက်ဆီးဆုံးရှုံးရသည့် အခြေအနေသို့ ရောက်ရခြင်းဖြစ်သည်။ အဆုံးတွင် မိမိတို့ အစ္စလာမ်နိုင်ငံတ်ာကြီးများ အင်ပါယာများပင် ပျက်စီးဆုံးရှုံး ခဲ့ရလေသည်။ တနည်းအားဖြင့် သာသနာပျက်ခြင်း ပျက်စီးဆုံးရှုံးခြင်းသည် ခေတ်ပညာသင်ယူခြင်းကြောင့် မဟုတ်ဘဲ မိမိတို့၏ စာရိတ္တချစားခြင်းကြောင့်ဖြစ်ကြောင်းကို သိသင့်ပါသည်။

ကျမ်းမြတ်ကုရ်အာန် တွင်အလ္လာဟ်အရှင်မြတ် မိန့်သည်မှာ- ထိုမှတပါး ငါအရှင်မြတ်သည် မြို့ရွာ များကို ထိုမြို့ရွာများ၌ နေထိုင်ကြသောသူများကို၊ (လွန်စွာ) မတရားသောသူများ၊ မဖြစ်ကြသမျှ ကာလပတ်လုံး ဖျက်ဆီး တော်မူသောအရှင် မဟုတ်ပေ။ (၂၈း၅၉ )

သို့ရာတွင် ယင်းရွာ(သူရွာသားတို့)မူကား အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ် ခဲ့(ကြ)လေသည်။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ် သည် ထိုရွာ(သူရွာသားတို့)အား ထိုသူတို့၏ အကျင့်အမူတို့ ကြောင့် ဆာလောင်မှုကိုလည်းကောင်း၊ ကြောက်ရွံ့ ထိတ်လန့်မှုကိုလည်းကောင်း၊ မြည်းစမ်းစေတော် မူခဲ့ပေသတည်း။ ၁၆း၁၁၂

၀၈၈း ၁၁။ အကြင်သူတို့သည် တိုင်းပြည်တွင် စိုးသွမ်းခဲ့ကြသည်။ ၀၈၈း ၁၂။ ထို့နောက် ၄င်းတို့သည် ထိုတိုင်းပြည်တွင် ပျက်စီးရာများကို လုပ်ဆောင်ခဲ့ကြသည်။ ၀၈၈း ၁၃။ ထို့ကြောင့် အသင်၏ အရှင်သည် ၄င်းတို့အပေါ် ပြစ်ဒါဏ်ကို သွန်းချတော်မူခဲ့၏။

စာရိတ္တချစားမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းကို ယနေ့တိုင် များစွားသော မွတ်စ်လင်မ်တို့သည် လက်မခံနိုင်ကြ၊ ၀န်မခံကြဘဲ၊ အလ္လာဟ်ထံတော်မှ ခွင့်လွှတ်မှုကို တောင်းခံလျှင် ကြေအေးပြီဟု ထင်နေကြကာ အပြစ်လုပ်လိုက် ခွင့်လွှတ်မှုတောင်းခံလိုက်နှင့် နေကြသည်ကိုလည်းတွေ့ရသည်။ လတ်တလော အလ္လာဟ်အရှင်မြတ်ထံတော်မှ အပြစ်ယူသေးခြင်း မရှိသေးသည်ကို အခွင့်ကောင်း ယူကာ ဆက်လက်ဆိုးသွမ်း မိုက်တွင်းနက်လျှက်ရှိနေပြီး၊ မိမိကိုယ်တိုင် ပျက်စီးမှုလမ်းကြောင်းတွင် ရှောက်နေသည်ကာမက ကျန်ရှိသည့် အွမ္မသ်ကို ထိုလမ်းကြောင်း အတွင်းသို့ ဖိတ်ခေါ်နေလေသည်။ ပညာစွမ်းအား ဥါဏ်စွမ်းအား နည်းပါးသော အွမ္မသ် အ၀ါမ် တို့သည် အလွန်ပင် သနားစရာ ကောင်းလှပေသည်။ မိမိကိုယ်၌က လေ့လာ စီစစ် ဝေဖန်နိုင်သည့် စွမ်းအားမရှိသည့် အတွက် တတ်ယောက်ကား တို့၏ သွေဆောင်မှုနောက်လိုက်ရင်း ဆုံးရှုံးများစွာကို ကြုံတွေခံစားနေကြပါသည်။ များလွန်းလှပြီဖြစ်သော အတွေ့အကြုံများသည် မိမိတို့အတွက် နောက်တစ်ကြိမ် အမှား မဖြစ်ရအောင် စဉ်းစားသင့်ပါသည်။

ယခင် မိမိတို့၏ ဘိုးဘေးဘီဘင်များ တည်ထောင်ခဲ့သည့် အစ္စလာမ် အင်ပါယာများ နိုင်ငံတော်ကြီးများသည် မိမိတို့တစ်ဦးချင်း၏ ဘာသာရေးပညာ ခေတ်ပညာများ တတ်ကြွမ်းမှုအပေါ် မူတည်နေ သည်ကိုတော့ မိဘများ ငြင်းပယ်နိုင်တော့်မည်မဟုတ်သလို မည်သူတစ်ဦးတစ်ယောက်၏ သွေဖည် စွဲဆောင်မှုနောက်ကို မှားယောင် ပါသွားစရာ အကြောင်းရှိတော့မည် မဟုတ်တော့ပါ။ အနောက်တိုင်းသားတွေက ခေတ်သိပ္ပံနှင့် နည်းပညာ တွေကို အလ္လာဟ်နှင့် ရစူလ် တမန်တော် အပေါ် ယုံကြည်မှု မထားဘဲ လုပ်ကိုင်ဆောင်ရွက်နေတာကို သိနေလျှင် မိမိတို့မွတစ်လင်မ် များအနေဖြင့် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ် (ဆွ) အပေါ်အီမာန်ယုံကြည်မှု အပြည့်ဖြင့် ခေတ်သိပ္ပံနှင့် နည်းပညာရပ်များကို ကောင်းစွာ သင်ကြားတတ်မြောက်နိုင်ပြီဆိုလျှင် မိမိတို့ မွတ်စ်လင်မ်တို့သည် မိမိတို့၏ အတိတ်မှ ပုံရိပ်များကို ပြန်လည် ပုံဖေါ်နိုင်ရန် အလွန်ပင်လွယ်ကူ မည်ဖြစ်ကြောင်း သို့ဖြင့် ပညာသင်ကြားခြင်းဟူသည့် သဘောတရားကို မှန်ကန်စွာ ရှု့မြင်နိုင်မည်ဟု ရိုးသားစွာ ထင်မြင်မိ ပါသည်။

No comments: