Monday, August 22, 2011

Kuthbah for Edd -ul-Fitir


အီဒွလ် ဖိသိရ် အတွက် ခွသ်ဘဟ်



الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

الحمد لله نحمده ونستعينه ونستغفره، ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا، من يهده الله فلا مضل له، ومن يضلل فلا هادي له، وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمداً عبده ورسوله.

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာတည်း။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ထံ တော်မှသာ အကူအညီတောင်းခံပါသည်။ ခိုလှုံခွင့်နှင့် ခွင့်လွှတ်မှုကိုလည်းတောင်းခံပါသည်။ ထိုအပြင် ကျွန်ုပ်တို့ စိတ်အတွင်းရှိ မကောင်းမှုကို အားပေးသည့်လှုံဆော်မှုနှင့် ပြင်ပမှ ပြစ်မှုကျူးလွန်အောင်ပြုလုပ်သည့် လှုံဆော်မှု များမှ ကာကွယ်မှုရရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါသည်။ ထို့အပြင် တမန်တော်မြတ်(ဆွ)နှင့် မိသားစုဝင်များ အဆွဟာဗ်တော်များ အားလုံးအပေါ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော် ဘရကသ်တော်များ ကျရောက် စေသားဟုလည်း ဆုမွန်ကောင်းတောင်း ခံအပ်ပါသည်။ အာမီးန်

ယနေ့ဟာ အလွန် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့ အိဒ်နေ့အခါသမယ ဘဖြပါတယ်၊ အိဒ်ရဲ့ အဓိပ္ပါယ်ကတော့ ပျော်ရွှင် ခြင်း ဆိုတဲ့အဓိပ္ပါယ်ဘဲဖြစ်ပါတယ်၊ မွတ်စ်လင်မ်တိုင်းဟာ ရမ်ဇာန် တစ်လလုံး ရိုဇာ စောင့်ထိန်းရလို့ ပင်ပန်းနွမ်းနယ်နေ ခိုက် အလ္လာဟ်ထံတော်မှ အိဒ်နေ့ကို လက်ဆောင်အဖြစ်ပေးအပ်ခြင်းဘဲဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) ဟာ အိဒ် နေ့မှာ သက်ဗီးရ် ကို အကြိမ်များစွာ ရွတ်ဆိုလေ့ရှိပါသဖြင့် ကျွန်ုပ်တို့သည်လည်း မကြာခဏ သက်ဗီးရ်ကို ရွတ်ဆိုသင့် ပါတယ်။ အလ္လာဟု အက်ဘရ် အလ္လာဟု အက်ဘရ် လာအိလာဟ အိလ္လလ္လာဟု ၀လ္လာဟု ၀အက်ဘရ် အလ္လာဟု အက်ဘရ် ၀လေလ္လာဟိလ်ဟမ်ဒ်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူပါသည်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

قال رسول الله صلي الله عليه وسلم فاذا كان يوم عيدهم يعني يوم فطرهم باهي بهم ملئكته فقال يا ملئكتي ما جزاء اجيروفي عمله قالوا ربنا جزاءه ان يوفي اجره قال ملئكتي عبيدي واماتي قضوا فريضتي عليهم ثم خرجوا يعجون الي الدعاء وعزتي وجلالي وكرمي وعلوي وارتفاعي مكاني لاجيبنهم فيقول ارجعوا قد غفرت لكم وبدلت سياتكم حسنات قال فيرجعون مغفورا لهم

အိဒ်နေ့အခါသမယရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်သည် မိမိ မလာအိကာကောင်းကင် တမန်များ ရှေ့ဝယ် မိမိ၏ အဖန်ဆင်းခံ မွတ်စ်လင်မ် ရိုဇာစောင့်ထိန်းများအရေးနှင့်ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိပါသည်။ ၄င်းနောက် မိန့်တော်မူသည်မှာ အို ငါ၏ မလာအိကာအပေါင်းတို့ ငါ၏ တာဝန်ကျေပွန်သော ကျေးကျွန်နှင့် ပတ်သက်ပြီး ငါအရှင်သည် မည်သို့သော် ဆုလဒ် ပေးအပ်သင့် သနည်း။ အိုအရှင်မြတ် သူတို့အား သူတို့ ရသင့်ရထိုက်သည်များကို အပြည့်အ၀ပေးသင့် ပါသည် အရှင်….။ ပြောလေရာ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ငါအရှင်သည် ထိုသူတို့ တောင်းဆိုသော ဒိုအာများကို ကဗူလ် လက်ခံမည်ဖြစ်သည်။ ၄င်းနောက် မိမိ ကျေးကျွန်များအား မိန့်တော်မူသည်မှာ အသင်တို့သည် အီးဒ်ဆွလာသ် ဖတ်ပြီးနောက် မိမိတို့ဠာနေသို့ပြန်ကြလော့၊ ငါအရှင်သည် အသင်တို့အား နေ့မသ်များ ဖြင့် ချီးမြင့်လေမည်။ ၄င်းနောက် အသင်တို့၏ အပြစ်များကို ကောင်းမှုများဖြင့် ပြောင်းလဲပစ်တော်မူမည်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

وقال رسول الله صلي الله عليه وسلم من صام رمضان ثم اتبعه ستا من شوال كان كصيام الدهر

ထို့နောက် တမန်တော်မြတ် (ဆွ) က ဆက်လက်မိန့်တော်မူသည်မှာ မည်သူမဆို ရမ်ဇာန်လမြတ်ပြီးနောက် ရှဝါလ် လ၏ အစ ၆ ရက် ဥပုသ် ဆက်လက်တည်ဆောက်ပါက ထိုသူသည် တနှစ်တာပတ်လုံး ရိုဇာဥပုသ် စောင့်ထိန်းသည့် အလားပင်ဖြစ်သည်။

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

မြင့်မြတ်တဲ့ လမြတ်ရမ်ဇာန်ဟာ မကြာခင် ကျွန်ုပ်တို့ကို စွန့်လွှတ်ကာ သွားတော့မယ်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ် ထံတော်မှာ ကျွန်တော်တို့အနေဖြင့် ဒိုအာတောင်းခံသင့်သည်မှာ ရမ်ဇာန်လမြတ်ည် ကျွန်ုပ်တို့အတွက် အမှတ်တရ ဖြစ် စရာကလေးများ ထားခဲ့ရုံမက သင့်မြတ်တဲ့ အကျိုးသက်ရောက်မှုကိုလည်း ထားရစ်ခဲ့ကြောင်း သိရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရမ်ဇာန်သည် ကျွန်ုပ်တို့၏ သက်ဝါနှင့် မွန်မြတ်မြင့်မြတ်သောစိတ်ဓါတ်ကို ပိုမို ခိုင်မာလာစေရမှာ ဖြစ်ပါ တယ်။ သက်ဝါ ဆိုတာဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ဘ၀ မိသားစုဘ၀ တစ်ခုတည်းကိုသာ ကောင်းမွန်တိုးတက်စေသည် မဟုတ်ဘဲ ကျွန်ုပ်တို့လူ့ဘောင်ဘ၀တစ်ခုလုံးကိုပါ အလင်းရောက် သက်ရောက်အကျိုးပြုစေတယ် ဆိုတာဘဲဖြစ်ပါ တယ်။ ဒါဟာ ရမ်ဇာန်လမြတ်ရဲ့ သတင်စကားနဲ့ အတွင်းသဘောထားဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အိဒ်နေ့ရဲ့ လှပတဲ့ မနက် အခါသမယမှာ လူတိုင်းဟာ သက်ဝါ နှင့် အိဟ်စါးန် လို့ခေါ်တဲ့ သစ္စာတရားနှင့် မြင့်မြတ်ခြင်းတရားကို လက်ဝယ် ထားဖို့ ကြိုးပမ်းကြပါစို့။ ဒီလို ကြိုးပမ်းနိုင်မှု့ဟာ လမြတ်ရမ်ဇာန် ကျွန်ုပ်တို့ကို စွန့်ခွါသွားချိန်မှာ အောင်မြင်ခြင်းရဲ့ လက္ခဏာ အဖြစ် ကျန်ရှိခဲ့ခြင်းဘဲဖြစ်ပါလိမ့်မယ်။ အဲ့ဒီ အောင်မြင်မှုဟာ ကျွန်ုပ်တို့အနေဖြင့် အခုန ပြောတဲ့ သစ္စာတရား နှင့် မွန်မြတ်ခြင်းတရားကို မိမိတို့ တစ်ဦးခြင်း၊ မိသားစုဘ၀နှင့် အမျိုးသားထုတစ်ရပ်လုံးအတွင်း လက်တွေ့အသုံးချကာ အကျိုးပွားခြင်းဆိုတဲ့ အကျိုးတရားကို တွေ့မြင်ရခြင်းဘဲ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ် စူရာအလ်အင်မ်ရားန် အာယသ်တော် ၁၀၂ မှာ မိန့်တော်မူတာက

အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မွတ်စ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။ (၀၀၃း၁၀၂)

အခုအချိန်မှာတော့ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ကိုယ်ကို ဆန်းစစ်ရမဲ့အချိန်ရောက်ရှိလို့လာပါပြီ။ ရမ်ဇာန်လမြတ်ဟာ ကျွန်ုပ်တို့ နှလုံးသားအတွင်းမှာ ဘယ်လိုအကျိုးဖြစ်ထွန်းစေတဲ့ သင်္ခန်းစာများကို ထည့်သွင်းပေးနိုင်ခဲ့သလဲဆိုတာကို ပြန်ကြည့်ကြပါစို့။ ၄င်းနောက် အဲ့ဒီအကျိုးတရားဖြင့် ကျွန်ုပ်တို့နဲ့ လူ့ဘောင်ဘ၀ကို ဘယ်လိုရှေ့ဆက်ပြီး အကျိုးဖြစ် ထွန်းအောင် လုပ်နိုင်မလဲဆိုတာကိုကြိုးပမ်းကြပါစို့။ အခုတင်ပြနေတဲ့ ခွတ်ဘဟ်ဟာ ၄င်းအကျိုးတရားတွေကို လက်တွေ့အသုံးချကာ မိမိတို့ဘ၀နဲ့ မိမိတို့ပတ်ဝန်းကျင်ကို မွန်မြတ်မြင့်မြတ်တဲ့ ပတ်ဝန်းကျင်အဖြစ် တစ်ဦးနှင့်တစ်ဦး အတူလက်တွဲပြီး အကျိုးရှိရှိ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် တွန်းအားတစ်ရပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မိမိတို့အနေဖြင့် လမြတ်ရမ်ဇာန်ရဲ့ အဓိကကျတဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ အဲ့ဒီလမြတ်မှာ ကျရောက်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အနှစ်တရားကို ကြည့်လိုက်ရင်၊ မွန်မြတ်မြင့်မြတ်တဲ့ လူ့ဘောင်ဘ၀ကို တည်ဆောက်ဖို့ အတွက် အဓိကအခြေခံကျတဲ့ အချက်သုံးချက်ကို တွေ့မြင်နိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေဟာ မွတ်စ်လင်မ်တို့ရဲ့ ပတ်ဝန်းကျင်ကိုတင့်တယ်စေတာမကဘဲ အခြားဘာသာဝင်အစုံပါတဲ့ လူ့ဘောင်ဘ၀တစ်ခုလုံးကို သင့်မြတ်ကောင်းမွန် စေမှာလည်းဖြစ်ပါတယ်။ အဲ့ဒီ အခြေခံ အချက်ကြီး သုံးချက်ဟာ အီမာန်နှင့် သက်ဝါ တနည်းအားဖြင့် ယုံကြည်မှုနှင့် သစ္စာတရားဖြစ်ပြီး ဒုတိယအချက်အနေနဲ့ကတော့ ဗဟုသုရှာဖွေစည်းပူးခြင်းနဲ့ တတိယအချက်ကတော့ ရဟ်မသ် များနဲ့ပြည့်ဝ နေတဲ့ ဟိဒါယသ် တရားဖြင့် မေတ္တရား ပွါးများခြင်း တို့ဘဲဖြစ်ပါတယ်။ အဲ့ဒီအချက်တွေဟာ လူ့ဘောင်ဘ၀ တစ်ခုလုံးကို ပေးအပ်ပေးဆက်ရမဲ့ သဘောတရားတွေဘဲဖြစ်ပါတယ်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

ပထမဦးဆုံးအချက်ဖြစ်တဲ့ အီမာန်နှင့် သက်ဝါ တရားကို ကြည့်ကြပါစို့၊ အဲ့ဒီ အကြောင်းနှစ်ရပ်ဟာ လောကီ လောကုတ္တရာ နှစ်ခုလုံးရဲ့ အောင်မြင်မှုအတွက် အခြေခံ အဆောက်အဦးဘဲဖြစ်ပါတယ်။ ဥပမာ၊ တမန်တော်မြတ် (ဆွ) ရဲ့ ဘ၀ကို ကြည့်ရင်၊ မက္ကာမြို့ တော်မှာ ၁၃ နှင့်တာ ကြံခိုင်တဲ့ အီမာန်ဖြင့် သစ္စာတရားကို အခြေခံကာ အခက်အခဲများစွာကို ကြံကြံခံရင်ဆိုင်ကြီး မိမိရဲ့ ခိုင်မာပြီး မြင့်မြတ်တဲ့ ဘ၀ကို တည်ဆောက်ခဲ့ပါတယ်။ ၄င်းနောက် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်လာရှိတာက မဒီနာမြို့တော်ကို ဟိဂျရသ် လုပ်စေပါတယ်။ ခိုင်မာတဲ့ စိတ်ဓါတ် ပြည့်ဝနေတဲ့ မုဟာဂျီရီးန်များနဲ့အတူ အန်စွာရ်များပါဝင်တဲ့ မွန်မြတ်တဲ့ လူ့ဘောင် အသိုင်းအ၀န်းတစ်ခုကို ရုပ်လုံး ပေါ်အောင် တည်ဆောင်နိုင်ခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်က အဲ့ဒီ အသိုင်းအ၀န်းကို ခိုင်းရ်ရွန်အွမ္မဟ် ဆိုပြီး ဖေါ်ပြခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ အဲ့ဒီ အွမ္မသ်ဟာ အကောင်းဆုံးဖြစ်ခဲ့ခြင်းဟာ အဲ့ဒီအွမ္မသ်မှာ ပါဝင်သူအားလုံးဟာ အီမာန်နှင့် သက္က၀ါတရားကို အဓိက ဦးထိပ်ပန်ကာ ဘ၀ တစ်ခုလုံးအတွက် စံပြ မဏ္ဍိုင်သဖွယ် အသုံးပြုခဲ့တဲ့အတွက် ကြောင့်ဘဲဖြစ်ပါတယ်။

အဲ့ဒီ အဆ်ဟွာဘ် တော်တွေဟာ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ အလ္လာဟ်အရှင်မြတ် အပေါ် ယုံကြည်မှုနှင့် သစ္စာတရားကို အစဉ်အခြေခံတယ်သဘောကို ဥပမာအနေဖြင့် ကြည့်လျှင် ဟိဂ်ျရသ် ခရီးစဉ်မှာ မဒီနာမြို့တော်အ၀င် ကူဗာအရပ်မှာ ဗလီဝတ်ကျောင်းတော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီဗလီဟာ အသိုင်းအ၀န်းအသစ်တစ်ခုကို ကိုယ်စားပြုနေတာထင်ရှားပါတယ်။ အမှန်စင်စစ် အဲ့ဒီဗလီဟာ အလ္လာဟ်အရှင်မြတ် အပေါ် ယုံကြည်အားကိုးတဲ့စိတ်၊ မေတ္တာစေတနာကို ကိုယ်စားပြုတဲ့ အစ္စလာမ်သာသနာတော်ရဲ့ သဘောထားနဲ့ လူသားမျိုးနွယ်စုအတွက် မြင့်မြတ်တဲ့ ကောင်းချီးတရားတို့ကို အခြေခံနေတဲ့ ၀တ်ကျောင်းတော်လို့ ဆိုလိုချင်တာဘဲ ဖြစ်ပါတယ်။ အစ္စလာမ်သာသနာရဲ့ လမ်းညွှန်မှုတရားအပေါင်းတို့ဟာ အဲ့ဒီဗလီ ၀တ်ကျောင်းတော်ရဲ့ အတွင်းမှာ ပဲ့တင်ထပ်နေသလို ကမ္ဘာမြေရဲ့ ရှေ့နောက်တခွင်ကိုလည်း ရောင်ပြန်ဟပ်နေမဲ့ အကြောင်းတရားတွေနဲ့ပြည့်နက် နေတယ်လို့ဆိုလိုချင်တာလဲ ပါပါတယ်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ပင် အဲ့ဒီဗလီဟာ မှန်ကန်တဲ့ သစ္စာနဲ့ ယုံကြည်မှုအပေါ် အခြေခံကာ တည်ဆောက်ထားတဲ့ ဗလီဖြစ်ကြောင်း မိန့်တာကတော့ …….

၀၀၉း ၁၀၈။ မုချဧကန် အကြင် ““မတ်စ်ဂျစ်ဒ်”” ဗလီဝတ်ကျောင်းတော်သည် ပထမနေ့မှစ၍ (အလ္လာဟ်အသျှင်မြတ်အား) ကြောက်ရွံ့ရိုသေခန့်ညားခြင်းအပေါ်၌ (မူတည်၍) အုတ်မြစ် ချခဲ့ပြီးဖြစ်၏။ အသင်သည် ထိုဗလီဝတ်ကျောင်းတော်၌ သာလျှင် ပိုမို၍ရပ်ထိုက်၏။ ထိုဗလီဝတ်ကျောင်းတော်တွင် အလွန်သန့်ရှင်း စင်ကြယ်ကြ ရန် နှစ်သက်သောသူတို့သည်ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် အလွန်သန့်ရှင်း စင်ကြယ် ကြကုန်သော သူတို့အား နှစ်မြို့တော်မူချေသတည်း။

စင်စစ် ကူဗာ ဗလီဝတ်ကျောင်းတော်သည် စစ်မှန်သော ယုံကြည်မှုနှင့် သစ္စာတရားကို အခြေခံကာ တည် ဆောက်ထားသည့် မွတ်စ်လင်မ် ကမ္ဘာ၏ အခြေခံအုပ်မြစ် ဗလီဝတ်ကျောင်းတော်ပင်ဖြစ်သည်။ ထို့ကြောင့် ကူဗာဗလီသည် ၀တ်ကျောင်းတော်တစ်ခုသာဖြစ်သည်ဟုမိန့်ထားသော်လည်း စင်စစ် ၄င်းဗလီသည် ကမ္ဘာပေါ်ရှိ မည်သည့် ၀တ်ကျောင်းတော်ကိုမဆို ကိုယ်စားပြုသည့် ၀တ်ကျောင်းတော်ဖြစ်သည်ဟုဆိုရပေမည်။ တနည်းအားဖြင့် ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မဆို ဗလီဝတ်ကျောင်းတော်တစ်ခုကို တည်ဆောက်ပြီ ဆိုလျှင် ၄င်းဗလီဝတ်ကျေုာင်းကို သက္က၀ါဟူသော သစ္စာတရားကို အခြေခံကာ မှန်ကန်ဖြောင့်မတ်သောစိတ် စိတ်မွန်မြတ်သော စိတ် အလ္လာဟ်အရှင်မြတ်ကို ရည်စူးကာ တည်ဆောက်ရမည်ဖြစ်သည်။ အမိန့်တော် လာရှိသည်မှာ ..........

၀၀၉း ၁၀၉။ သို့ဖြစ်ပေရာ အကြင်သူသည် မိမိအဆောက်အအုံ(၀တ်ကျောင်းတာ်)ကို (အလ္လာဟ်အသျှင် မြတ်အား) ကြောက်ရွံ့ခန့်ညားခြင်းအပေါ်၌လည်းကောင်း၊ (ထိုအသျှင်မြတ်၏) ကျေနပ်မှုအပေါ်၌လည်း ကောင်း အုတ်မြစ်ချခဲ့၏၊ ထိုသူသည် ပို၍ကောင်းလေသလော။ သို့တည်းမဟုတ် အကြင်သူသည် ပို၍ကောင်းလေ သလော။ ထိုသူသည် မိမိအဆောက်အအုံကို ပြိုကျအံ့ဆဲဆဲဖြစ်သော ချောက်ကမ်းပါးပေါ်၌ အုတ်မြစ်ချခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုအဆောက်အအုံသည် ထိုသူနှင့်တကွ “ဂျဟန္နမ်” ငရဲဘုံ၏ မီးထဲသို့ ပြိုကျသွားခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အသျှင်မြတ်သည် မတရားကျင့်မှု ပြုလုပ်သော သူတို့အား တရားလမ်းမှန်သို့ ပို့တော် မူသည်မဟုတ်ပေ။

ကျွန်ုပ်တို့၏ တာဝန်သည် အလ္လာဟ်အရှင်မြတ်၏ ဗလီဝတ်ကျောင်းတော်ကို သက္က၀ါတရား သစ္စာတရားဖြင့် စိတ်စေတနာ ပြည့်ဝစွာဖြင့် တည်ဆောက်ရန်သာ မဟုတ်ဘဲ သက္က၀ါ မေတ္တာနှင့် သစ္စာတရားကို အလ္လာဟ် အရှင်မြတ်၏ မြေကမာပေါ်တွင် ရှိနေသည့် လူအသိုင်းအ၀န်း တွင်ပါ တည်ဆောက်နိုင်ရန် ကြိုးပမ်းသင့်ပါသည်။ ထိုသို့ မြေကမ္ဘာတွင် သစ္စာတရား သက္က၀ါ ကို တည်ဆောက်ရန် အတွက် အလ္လာဟ်အရှင်မြတ်သည် အောက်ပါအတိုင်း လမ်းညွှန်ထားသည်ကို လည်း တွေ့နိုင်ပါတယ်။

အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့ အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းတော်မူခဲ့ပါသည်။ ထိုသို့ သီလဥပုသ် တည်ဆောက်ခြင်းဖြင့် အသင်တို့သည် မွတ်သကီ သစ္စာတရားစောင့်ထိန်းသူများ ဖြစ်ကုန်တန်၏။ (၂း၁၈၃)

မြေကမ္ဘာတွင် သစ္စာတရားကို တည်ဆောက်ရန်အတွက် အီမာန်ဟူသော ယုံကြည်မှုတည်ဆောက်ပြီးနောက် သက္က၀ါဟူသော သစ္စာတရားကို လက်ဝယ်ကိုင်ကာ အလုပ်ဟူသမျှကို အကောင်းဆုံး အထိရောက်ဆုံး အများအကျိုးဖြစ်ထွန်းအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မိမိကိုယ်ကို ထိန်းချုပ်ရန် အရေးကြီးတဲ့အချက်အဖြစ် ရိုဇာဥပုသ်တည်ဆောက်ခြင်းဖြင့် ဥပမာပေးသွားတာကို တွေ့ရပါတယ်။ ဥပုသ်တည်ဆောက်ခြင်းဖြင့် လူတို့သည် သစ္စာဝါဒီဖြစ်နိုင်ပါတယ်။ ဥပုသ် စောင့်ထိန်းခြင်းတွင် သစ္စာတရားကို အခြေခံတဲ့ မှန်ကန်သောအလုပ်ကို လုပ်ခြင်းနှင့် မမှန်ကန်သော အလုပ်ကို ရှောင်ကြဉ်ခြင်းဟာ ထင်ထင်ရှားရှား ပါဝင်နေပါတယ်။ ဒါဟာ လူတစ်ဦးကို သစ္စာရှိစေသလို ပတ်ဝန်းကျင် ကိုလည်း သစ္စာတရားဖြင့် ဆက်ဆံရန် သတိပေးသလိုဖြစ်တဲ့အတွက် အဲ့ဒီပတ်ဝန်းကျင်ဟာ သစ္စာရှိတဲ့ ပတ်ဝန်းကျင် ဖြစ်လာပြီး သာယာ ပျော်ရွှင်စရာ အောင်မြင်တဲ့ လူ့ဘောင်ဘ၀ကလေးဖြစ်လာနိုင်စရာ ရှိလာပါတယ်။

ဒါကြောင့် ရမဇာန်လ ဥပုသ်ကို နှစ်စဉ် တစ်လ စောင့်စေခြင်းဖြင့် ၄င်းအသိကို အစဉ်ရှိဖို့ သတိပေးခြင်းလည်း ဖြစ်ပါ တယ်။ တနည်းအားဖြင့် မိမိတို့သည် မိမိတို့၏ ဘ၀အတွက်၎င်း မိမိတို့အားလုံးပါသော လူ့ဘောင်ဘ၀ အတွက်၎င်း မည်မျှအထိ မေတ္တာတရားနှင့် သစ္စတရားကို မိမိတို့ တည်ဆောက်ခဲ့သနည်းဆိုသည်ကို ဆန်းစစ်ရန် သတိပေးခြင်းလည်းဖြစ်ပါတယ်။

ဒုတိယ အချက်အနေဖြင့် အသိပညာ ဗဟုသုတ ရှာဖွေဆည်းပူးခြင်းလို့ တင်ပြခဲ့ပါတယ်။ ကောင်းပါပြီ။ ပြီးတော့မယ် ရမဇာန် လမြတ်ကို ကြည့်လိုက်ရင် အဲ့ဒီလမြတ်မှာ ကြီးကျယ်တဲ့ အဖြစ်အပျက်ကို ပြောပါဆိုရင် ကျွန်တော်တို့အနေနဲ့ အဲ့ဒီလမြတ်မှာ ကျမ်းမြတ်ကုရ်အာန် ကျရောက်ခြင်းဟာ အရေးကြီးဆုံး အဖြစ်အပျက်လို့ ပြောမှသေချာပါတယ်။ ဟုတ်ပါတယ်။ အရှင်မြတ် မိန့်တော်မူပါတယ်။

ရမဇာန် လပင်တွင်ပင် အလ္လာဟ်အရှင်မြတ် အထံတော်မှ ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသားခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်း ကောင်း၊ တရား လမ်းမှန်ရစေသော၊ အမှားအမှန်ကို ခွဲခြားသိစေသော၊ ထင်ရှားလှသည့် သက်သေခံလက္ခဏာ များအဖြစ်လည်းကောင်း (ကျရောက်လာသောကျမ်းတော်မြတ်ပင်တည်း။) ၂း၁၈၅

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။


အထက်ပါအာယသ်တော်မှ မိမိတို့ သဘောပေါက်ရမှာကတော့ ရမ်ဇာန်လဟာ အလွန်မြင့်မြတ်တယ်၊ အဲ့ဒီလမှာ ကျမ်းမြတ်ကုရ်အာန်ကျရောက်ခဲ့တယ်၊ လူသားတို့အတွက် ဟိဒါယသ် လမ်းညွှန်အဖြစ်ချပေးခဲ့တယ်၊ လမ်းညွှန်ဆိုတဲ့ အထဲမှာ ကောင်းရာလမ်းညွှန်၊ မကောင်းတားမြစ်၊ အကောင်းအဆိုးကို ခွဲခြင်းခြင်း၊ မကောင်းတာကို ပစ်ပယ်ခြင်းနှင့် ကောင်းတာကို ကိုယ်တိုင်ကျင့်သုံးခြင်းနှင့် အခြားသူများကိုလည်း သင်ကြားပြသပေးခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် နဲ့ပတ်သက်ပြီး အရှင်မြတ်က (အလ်ဘယ်ယိနာသ်) အကျယ်ရှင်းလင်းတင်ပြခြင်းဆိုပြီး မိန့်ပါတယ်။ သဘောကတော့ ကျမ်းမြတ်ကုရ်အာန်ဟာ အသိပညာ ဗဟုသုတတွေ များစွာပါဝင်တဲ့ လမ်းညွှန် ဘဲဖြစ်ပါတယ်။ နောက်ပြီး အထက်မှာ တင်ပြခဲ့တဲ့ အချက် ၁ ရဲ့ အီမာန်နှင့် သက္က၀ါ ဆိုတဲ့ အပိုင်းမှာ ဘယ်လိုအခြေခံတွေအပေါ် အီမာန်နှင့် သက္က၀ါကို ထားရမလဲဆိုတာတွေကိုလည်း ရှင်းပြထားပါတယ်။ ဥပမာ အလ္လာဟ်ကိုသာ အီမာန်ယူဖို့ နောက်မည်သူကိုမျှ ကိုးကွယ်ရာအရှင်အဖြစ် မထားဖို့ဘဲဖြစ်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့ အခြားတစ်ချက်ကတော့ သစ္စာတရား သက္က၀ါ ထားသင့်တယ်ဆိုတာက အလ္လာဟ်အရှင်မြတ်မှ စကာ အရာရာကို (ဥပမာ၊ မိမိကိုယ်ကို၊ အခြားသူများကို၊ သတ္တ၀ါများကို၊ သစ်ပင်များ သက်မဲ့များ၊ ပစ္စည်းပစ္စယ များကို၊ ပတ်ဝန်းကျင်ကို သူ့အဆင့်နှင့်သူ တန်ဖိုးထားလေးစားခြင်း၊ မဖေါက်ပြန်ခြင်း၊ မတရားမလုပ်ခြင်း၊ ထိုသို့တန်ဖိုးထားခြင်းကို အသက်ထက်ပို၍မြတ်နိုးခြင်းဘဲဖြစ်ပါတယ်။ )

သစ္စာတရားသက္က၀ါကို အစ္စလာမ် မဏ္ဍိုင်ငါးပါး (၁၊အီမာန်ယုံကြည်ကြောင်း သက်သေခံခြင်း တနည်း ရှဟာဒသ်၊ ၂၊ ဆွလာသ်တည်ဆောက်ခြင်း၊ ၃၊ ဇကာသ်ပေးခြင်း၊ ၄၊ ရမ်ဇာန်ဥပုသ်တည်ဆောက်ခြင်း၊ ၅၊ ဟာဂ်ျပြုခြင်း)နှင့် အီမာန် မဏ္ဍိုင် ၇ ပါး (၁၊ အလ္လာဟ်အပေါ်ယုံကြည်ခြင်း၊ ၂၊ ကောင်းကင်မလာအိကာတို့ကို ယုံကြည်ခြင်း၊ ၃။ ကောင်းကင်ကျ ကျမ်းများကိုယုံကြည်ခြင်း၊ ၄၊ ရစူလ်တမန်တော်တို့ကို ယုံကြည်ခြင်း၊ ၅၊ ကိယာမသ်နေ့ကို ယုံကြည်ခြင်း၊ ၆၊ ကံကောင်းခြင်း ဆိုးခြင်းကိုယုံကြည်ခြင်း၊ ၇၊ သေပြီးတဖန်ပြန်ထရမည်ကို ယုံကြည်ခြင်း) စသည်တို့အပေါ် အခြေခံကာ ထားသင့်ကြောင်းကို တင်ပြထားပါတယ်။ တနည်းအားဖြင့် အစ္စလာမ် လူ့ဘောင်တစ်ခုကို တည်ဆောက်ဖို့အတွက် ကျမ်းမြတ် ကုရ်အာန်က ပြထားတဲ့ လမ်းညွှန် ဗဟုသုတ တွေကို သစ္စာတရား သက္က၀ါကို အခြေခံတည်ဆောက်မှသာ အောင်မြင်နိုင်မယ်ဆိုတာ ဘဲဖြစ်ပါတယ်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

နောက်တစ်ခုကတော့ အိလိမ်လို့ခေါ်တဲ့ ပညာဗဟုသုတ ဆည်းပူးခြင်းနဲ့ ပတ်သက်ပါတယ်။ ပထမဦးဆုံး အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်မှာ အီမာန်ယုံကြည်သူတွေကို အိက်ရအ် အလ္လာဟ်နံမတော်ကို အစပြုက ဖတ်ဖို့ ပြောပါတယ်၊ ဖတ်တယ်ဆိုတာက လေ့လာဖို့၊ လေ့လာဖို့ဆိုတာက အလ္လာဟ်အရှင်မြတ်ရဲ့ လက္ခဏာတော်တွေကို ရှာဖွေဖို့၊ စကြာဝဠာ ကြီး ဘယ်လိုတည်ဆောက်တယ်၊ ဘာတွေရှိတယ်၊ ဘယ်လိုဖြစ်လာတယ်၊ နောက်ပြီး လူသား တွေကို ဘယ်လို ဘာကြောင့် ဖန်ဆင်း ခဲ့သလဲဆိုတာကို လည်း နားလည်အောင် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါမှသာ မိမိတို့ဟာ အလ္လာဟ်အရှင်မြတ်ဘယ်သူဖြစ်တယ် နောက်ပြီး မိမိတို့ရဲ့ ဖန်ဆင်းရှင်ဆိုတာကို သေသေချာချာ သိလာလိမ့်မယ်၊ ဒီလိုသိလာခြင်းဖြင့် မိမိတို့အနေနဲ့ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်လာဖို့ဘဲဖြစ်ပါတယ်။ အောက်ပါ ကျမ်း မြတ်ကုရ်အာန် အာယသ်တော်များ ကို လေ့လာကြည့်နိုင်ပါတယ်။

ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် လူသားတို့အတွက် အလ္လာဟ်ထံတော်မှ လမ်းညွှန် အကြောင်းကြားချက် ဖြစ်သလို သတိပေးနှိုးဆော်ခြင်းလည်းဖြစ်သည်။ သို့ဖြစ်၍ ၄င်းတို့သည် ထိုအရှင်မြတ် တစ်ပါးတည်းကိုသာ ကိုးကွယ်ရာအရှင် လက်ခံသတ်မှန်စေရန်၎င်း၊ အထူးသဖြင့် အသိတရားရှိကြ သောသူတို့ သတိရနားလည်း သဘောပေါက်စေရန်လည်းကောင်း ဖြစ်ပေသည်။ (၁၄း ၅၂)

ဤနေရာတွင် အများတကာတို့အား အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ရန်အရှင်အဖြစ်သတ်မှတ်စေလိုတော် မူပြီး တတ်သိပညာရှင်တို့အတွက်မူကာ အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ရန်အရှင်အဖြစ် သတ်မှတ်ရုံမက ကျမ်းမြတ်ကုရ်အာန်ကို အထူးလေ့လာကာ အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များကို လေ့လာစေ၇န်နှင့် ၄င်းတို့ကို အခြားသူများအား နားလည်သဘောပေါက်စေကာ မြေကမ္ဘာကို သာယာလှပသော နေရာအဖြစ် ငြိမ်းချမ်းသော ဋ္ဌာနေအဖြစ် တည်ဆောက်ပေးရန်လည်း သဘောတော်ရှိနေပါတယ်။ ဆက်လက်ပြီး လေ့လာ ကြည့်လျှင် ...........

မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့အား မိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌ လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်) မှန်ကန်ကြောင်း သိသာထင်ရှား၍ လာပေမည်။ (အို-နဗီတမန်တော်၊) အသင့်အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူသော အသိသက်သေပင် ဖြစ်တော်မူ၏။ (၄၁း ၅၃)

ထိုအရှင်မြတ်သည် အသင်တို့အား မကြာမြင့်မီပင် မိမိ၏ သက်သေလက္ခဏာတော်များကို ပြသတော်မူပေမည်။ ထိုအခါ အသင်တို့သည် ယင်းသက်သေ လက္ခဏာတော်များကို သိရှိကြပေမည်။ စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြကုန်သော အကျင့် အမူတို့ကို မသိတော်မူသောအရှင် မဟုတ်ပေတကား။ (၂၇း ၉၃)

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်မည်မျှ ကျေးဇူးပြုခဲ့သည်ကို လူသားတို့နားလည်သင့်ပါတယ်။ ကျမ်းမြတ် ကုန်အာန်ကို ဖတ်ရုံဖတ်ကာ မလေ့လာလျှင် ၄င်းကျေးဇူးတရားတို့ကို သိမှာမဟုတ်ပါ။ သာမန်လူတို့အနေဖြင့် ဖတ်ရုံဖတ်ကြသော်လည်း ပညာတတ်သူ စာပေအရေးအဖတ်တတ်သူတို့ အနေဖြင့် ကျမ်းမြတ်ကုရ်အာန်၏ အနက်အဓိပ္ပါယ်များကို လေ့လာထိုက်ကြောင်း အောက်ပါအာယသ်တော်များကို လေ့လာကြည့်လျှင် ပိုမို သိသာနိုင်ပါတယ်။ ယနေ့ မြန်မာစာပေတွင် ဘာသာပြန် ကျမ်းမြတ်ကုရ်အာန်သည် အလွယ်တကူပင် ရရှိနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး လေ့လာကြည့်ကြဦးစို့။

ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင်အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊ အမျိုးမျိုးသော)အပင် (များ)သည်ပေါက်ရောက်လေသည်။ အသင်တို့သည် ထိုအပင်များ၌ပင် (တိရစ္ဆာန်များကို) ထိန်းကျောင်း ကြပေသည်။ (၀၁၆း ၁၀)

ထိုအရှင်မြတ်သည် အသင်တို့၏အကျိုးငှာ ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ သံလွင်ပင်များကိုလည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်(ပင်)များကိုလည်းကောင်း၊ သီးနှံမျိုးစုံတို့ကို လည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌ စဉ်းစားဆင်ခြင် ချင့်ချိန် သုံးသပ်သူတို့ အဖို့ အမှန်ပင်သက်သေလက္ခဏာသည် ရှိချေသတည်း။ ၀၁၆း ၁၁။

၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ အကျိုးငှာ ညဥ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ အမိန့်ကို လိုက်နာစေတော်မူခဲ့၏။ထိုမှတပါး ကြယ်နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်နှင့် လိုက်နာစေခြင်းကို ခံခဲ့ကြရပြီ ဖြစ်၏။ ဧကန်မလွဲ ဤသည်၌ နားလည်ကြကုန်သောသူတို့အဖို့ သက်သေသာဓကများသည် ရှိကြပေသည်။ (၀၁၆း ၁၂)

ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ပထ၀ီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း (အမိန့်ကိုလိုက်နာစေတော်မူခဲ့ လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည် တို့မှာ တစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။ မုချဧကန် ဤသည်၌ တရားကျကြသူတို့ အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။ (၀၁၆း ၁၃)

စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာ ကို အသင်တို့အတွက်ဖန်တီးခဲ့သည်၊ ထိုပင်လယ်သမုဒ္ဒရာမှ လတ်ဆတ်သော အသားကို စားသုံးကြအံ့သော ငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှမိမိတို့ဆင်ယင်ကြကုန်သော လက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင် အသင်သည် သင်္ဘောများကို ထိုပင်လယ် သမုဒ္ဒရာ၌ ရေကိုခွဲ၍ သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရ လေသည်။ ထိုမှတပါး အသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ) ကိုရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်) (၀၁၆း ၁၄)

ထိုမှတပါး ထိုအရှင်မြတ်သည် ပထ၀ီမြေ၌၊ ထိုပထ၀ီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်း မပြုရန်၊(ကျောက်ဆူးများကို) တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့ သောငှာ မြစ်ချောင်းများကို လည်းကောင်း ပြုလုပ်တော်မူခဲ့လေသည်။ (၀၁၆း ၁၅)

၎င်းပြင် အမှတ်သညာ မှတ်တိုင်များကိုလည်း (ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း (လူတို့သည်) လမ်းများကိုရှာတွေ့ကြကုန်၏။ (၀၁၆း ၁၆)

သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြ လေသလော) (၀၁၆း ၁၇)

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

အလ္လာဟ်အရှင်မြတ်သည် စဉ်းစားဆင်ခြင်တတ်သော သူတို့ကို အခြားလူအများ သတိလက်လွတ်ဖြစ် နေကြ သော၊ ဂရုမပြုမိကြသော အကြောင်းအရာများနှင့် ပတ်သက်ပြီး စဉ်းစားတွေးတောရန် ဖိတ်ခေါ်လေသည်။

ဧကန်စင်စစ် အာကာသကောင်းကင်ဘုံများနှင့်ကမ္ဘာမြေကို ဖန်ဆင်းတော်မူရာ၌လည်းကောင်း၊ နေ့နှင့်ညဥ့်တို့၏ ပြောင်းလဲမှု၌လည်းကောင်း အသိတရားရှိသူ ဥါဏ်ပညာရှိသူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော် များကို မြင်နိုင်လေသည်။ အကြင် နိသမ္မဥာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား မတ်တတ်ရပ်လျက် လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း (အခါခပ်သိမ်း) အောက်မေ့တသ သတိရကြ၏။ ၎င်းပြင် ထိုသူတို့သည်အာကာသ ကောင်းကင် ဘုံများနှင့် ကမ္ဘာမြေကိုဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ စဉ်းစားဆင်ခြင်ကာ ဤသို့ လျှောက်ထားကြ၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှ ဖယ်ရှားတော်မူပါ။ (၀၀၃း ၁၉၀-၁၉၁)

မွတ်စ်လင်မ်တို့သည် ကျမ်းမြတ်ကုရ်အာန်ကို မိမိအိမ်တွင် အကောင်းဆုံးအမြင့်ဆုံးနေရာတွင် အလှဆုံး အိတ်တွင် ထည့်ကာ သိမ်းထားလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုချည်းနေလို့မဖြစ်တော့ပါဘူး၊ မသိတဲ့အချိန်တုံးကတော့ ထားလိုက်ပါတော့၊ အခုသိလာပြီဆိုတော့ တာဝန်ရှိလာပါပြီ၊ အလ္လာဟ်အရှင်မြတ်က မိမိတို့ကို အလ္လာဟ်ရဲ့ လက္ခဏာ တော်များ မိုး နေ လ စကြာဝဠာ တော တောင် ရေ မြေ တွေကို လေ့လာစေချင်တယ်၊ သဘောကတော့ အလ္လာဟ် အရှင်မြတ်ကို နားလည်သဘောပေါက် ကျေးဇူးတော်တင်ဖို့ဘဲဖြစ်ပါတယ်။

တကယ်တော့ တမန်တော်မြတ် (ဆွ) ခေတ်နဲ့ သမ္မတကြီးများ မွတ်စ်လင်မ် အင်ပါယာကြီးများ ကောင်းစားတဲ့ အချိန် အခါတွေမှာ မွတ်စ်လင်မ်တွေဟာ အီမာန် ရင့်ကျက်ပြီး သစ္စာတရား သက္က၀ါပြည့်ဝကာ အလွန်ကို ထင်ရှားကျော်ကြားခဲ့တယ်။ ချမ်းသာကြွယ်ဝခဲ့ကြတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာတွေ၊ ပညာရေးကဏ္ဍတွေမှာ အလွန်ကို အောင်မြင်ခဲ့ကြတယ်။ ဒါဟာ သိပ်တော့ မထူးစန်းပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က ကျမ်းမြတ်ကုရ်အာန်ကို ကောင်းကောင်းလေ့လာတယ်။ နားလည်အောင် လုပ်တယ်၊ သုသေသနတွေလုပ်တယ်၊ ပညာရှာဖွေဆည်းပူးတယ်၊ ပြီးတော့် လက်တွေ့အသုံးချတယ်။ ဒီတော့ အလွန်ကို အောင်မြင်ခဲ့တာ လက်တွေ့ဖြစ်တယ်မဟုတ်ပါလား။ ဒါတွေဟာ ကျမ်းမြတ်ကုရ်အာန်က ပေးတဲ့ အသိပညာတွေဘဲ ဖြစ်ပါတယ်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

သိသူဖေါ်စား မသိသူကျော်သွား ဆိုသလို သိသူတွေဟာ အစဉ် တစ်ပန်းသာ ဆိုသလို အမြဲ လောကကြီးကို ဦးဆောင် ကာ ထိပ်တန်းကနေနိုင်တာပါဘဲလေ။ ထိပ်တန်းရောက်နေသူတွေကလည်း အစဉ် တိုးတက်ထက်မြက်နေအောင် ကြိုးပမ်းနေသင့်တယ်။ ငါအထက်ရောက်နေပြီဆိုပြီး အေးအေးမနေသင့်ဘူး။ နောက်မှာ ကိုယ့်ရန်သူဟာ အစဉ် ကိုယ့်ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာ စဉ်းစားနေတယ်ဆိုတာကို မမေ့သင့်ပါဘူး။ ထိုနည်းအတိုင်း မိမိရဲ့ အီမာန်နှင့် သက္က၀ါကို မပျောက်မပျက်အောင် အစဉ် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေသင့်ပါတယ်။ အစ္စလာမ် အင်ပါယာ ကြီးတွေ ပျက်သုန်းသွားရတဲ့ အချက်တွေအနက် ပထမအချက်အေနေနဲ့ကတော့ အီမာန်နှင့် သက္က၀ါပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ရတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ကျမ်းမြတ်ကုရ်အာန်က ညွန်ပြနေတဲ့ ဗဟုသုတရှာဖွေခြင်းကို ရပ်ဆိုင်းလိုက်သည့် အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ ယခင် မွတ်စ်လင်မ်ကြီးတွေ သိပ္ပံနှင့်နည်းပညာဖြင့် စကြာဝဠာကိုသိရှိအောင် ကြိုးပမ်းခြင်း၊ သိပ္ပံနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် သုသေသနလုပ်ငန်းများ၊ စက်မှုပညာရပ်များ၊ ဆေးပညာရပ်များ၊ အခြားသိပ္ပံ ပညာရပ်များ လေ့လာခြင်းကိစ္စ များကို ၁၂ ရာစုအထိ ထိပ်တန်းကနေ လုပ်ဆောင်နေရာမှ နောက်ပိုင်း မွတ်စ်လင်မ် တို့က ၄င်းလုပ်ငန်းများကို လောကဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်းစရာမလို၊ လောကုတ္တရာဖွံ့ဖြိုးတိုးတက်မှု အတွက်သာ ကြိုးပမ်းရမည့်ဟူသည့် အိုင်ဒီယာကြောင့် ပညာကြိုးပမ်းမှုကို ပစ်ပယ်ရပ်ဆိုင်းလိုက်သည့် အတွက်ကြောင့်ဖြစ်ပါသည်။

ရှေးယခင်မွတ်စ်လင်ကြီးတွေကတော့ အလ္လာဟ်အမိန့်တော်ခံယူသွားကြပါပြီး။ မျက်မောက် မွတ်စ်လင်မ် များကတော့ ယနေ့ အနောက်တိုင်း ယဉ်ကျေးမှုရဲ့အောက်မှာ ပြားပြားမှောက်အောင် ခံနေကြရပါပြီး၊ မည်သည့် မွတ်စ်လင်မ်နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်နေသော၊ မဖွံ့ဖြိုးမတိုးတက်သေးသည့် နိုင်ငံများပါ အမေရိကန်နှင့် ဥရောပရဲ့ လောင်းရိပ်အောက်ကနေ လွတ်တယ်ဆိုတာ မရှိပါဘူး။ သူတို့ဟာ တနည်းနည်းနဲ့ အဲ့ဒီနိုင်ငံတွေရဲ့ လွမ်းမိုးမှု ခံနေတာကို တွေ့ရမယ်။ အကြောင်းကတော့ အဲ့ဒီ အနောက်တိုင်းနိုင်ငံတွေဟာ သိပ္ပံ နည်းပညာမှာ မိမိတို့မွတ်စ်လင်မ်နိုင်ငံတွေ ထက် အများကြီးသာလွန်နေတာတဲ့အတွက်ကြောင်းဘဲဖြစ်ပါတယ်။ သူတို့ဟာ မွတ်စ်လင်မ် နိုင်ငံတွေကို အရင်တုံးက လို လာရောက်ကိုလိုနီလုပ်စရာမလိုတော့ပါဘူး၊ သူတို့နိုင်ငံကနေနေပြီးဘဲ ကျွန်တော်တို့ မွတ်စ်လင်မ်နိုင်ငံတွေကို သတင်းမီဒီယာ စီးပွားရေး ကုန်ထုတ်လုပ်ငန်းများနှင့် ကိုလိုနီလုပ်နေ တယ်။ မိမိတို့မှာ တက္ကနိုလိုဂျီမရှိတဲ့အတွက် သူတို့ကို အစစအရာရာ အားကိုးရတယ်လေ။ ဒါကြောင့် သူတို့ဟာ နောက်ဆုံး မိမိတို့ရဲ့ ယဉ်ကျေးမှုကိုပါ လွမ်းမိုးလာ သလို နောက်ဆုံး ဘာသာရေးကိုပါ အဆုံးသတ်အောက် ကြိုးပမ်းကြတယ်။ အဲ့ဒါကလည်း နည်းပညာတွေရလာတော့ သူတို့အတွက် လွယ်လွယ်လေးနဲ့ လုပ်လို့ရလာတယ်လေ။ တီဗွီ တွေ အင်တာနက်တွေကနေ သူတို့ရဲ့ အရက်သောက၊် မိန်းမလိုက်စား၊ မတရားမှု ရက်စက်မှု၊ စာရိတ္တပျက်ပြားဖွယ် ရုပ်ရှင်၊ ဖက်ရှင်၊ သတင်းတွေကို နေ့တိုင်း အချိန်တိုင်း လွင့်နေတော့ ဒီနေ့ သတင်းများအရ မွတ်စ်လင်မ်နိုင်ငံအများရဲ့ ၆၀ ရာခိုင်နှုံးသော လူငယ်တွေဟာ အနောက်တိုင်း ယဉ်ကျေးမှုရဲ့ လွမ်းမိုးမှုကို လက်ခံကျင့်သုံးလာ ကြတာကို တွေ့ရပါတယ်။ နိုင်ငံအတော်များများမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံများရဲ့ စီးပွားရေး ကုမ္ပဏီများရဲ့ အင်ဗက်စ်မန့် ရင်းနှီးမြုပ်နှံမှု မပါဘဲနှင့် အဲ့ဒီနိုင်ငံရဲ့ စီးပွားရေးဟာ မဖြစ်နိုင်သလောက်ဖြစ်နေတယ်။ ပါကစ္စတန်နိုင်ငံဆို ရင် အမေရိကန် မပါရင် ဘာမှမဖြစ်နိုင်တဲ့အနေအထားကို ရောက်နေတာကို လက်တွေ့မြင်နိုင်ပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်နေတာလဲ။

အမှန်တော့် သူတို့ဟာ သိပ္ပံနှင့်နည်းပညာမှာ ရှေ့တန်းကိုရောက်သွားပြီဖြစ်တဲ့အတွက်အကြောင့်ဘဲဖြစ်ပါတယ်။
အရင်တုံးက မွတ်စ်လင်တွေ နည်းပညာရှာဖွေမှုကို ရပ်ဆိုင်းလိုက်တဲ့အခါမှာ အနောက်တိုင်းသားတွေက ၄င်းနည်း ပညာများကို ဆက်လက် ရှာဖွေဆည်းပူးကြရင်း တဖြေးဖြေး သိပ္ပံနှင့် နည်းပညာတွင် သူတို့ဟာ ကျွမ်းကျင်သည်ထက် ကျွမ်းကျင် လာပါတယ်။ ၄င်းသိပ္ပံနှင့် နည်းပညာကို အသုံးချပြီး မွတ်စ်လင်မ်တွေထက် အစစ အရာရာမှာ သာလွန်လာပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ရေးလုပ်ငန်း တွေမှာ အတော့်ကို ထက်မြက်လာတာကိုတွေ့ရတယ်။ မွတ်စ်လင်မ် စစ်တပ်တွေက ဒါး ဒုတ်တွေ သုံးနေတဲ့ အချိန်မှာ ရန်သူတွေဟာ သေနပ်တွေ လက်ပစ်ဗုံးတွေ၊ အမြောက်တွေ၊ လေယဉ်တွေ၊ စစ်သင်္ဘောတွေ အသုံးပြုလာတာကို တွေ့ရမယ်။ ဒီလိုနဲ့ဘဲ မွတ်စ်လင်မ် အင်ပါယာတွေဟာ ရန်သူ လက်ဝယ်ရောက်ပြီး သခင်ဘ၀ကနေ ကျွန်ဘ၀ကို ရောက်သွားရတာကို ယနေ့ခေတ်မွတ်စ်လင်မ်တိုင်း လေ့လာနိုင်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်လာတာလဲ။ ပညာ ဗဟုသုတ ရှာဖွေမှုကို အကြောင်းအမျိုးမျိုးတွေပြပြီး ဆက်လက်မလေ့လာတော့လို့ဘဲဖြစ်တယ်မဟုတ်ပါလား။

အချို့မွတ်စ်လင်မ်တွေက အလ္လာဟ်အရှင်မြတ်က အရာရာဟာ စီမံသတ်မှတ်ပြီးဖြစ်ကြောင်း၊ မွတ်စ်လင်မ်တွေ အတွက် အောင်မြင်မှု ဆုံးရှုံးမှုဟာ သတ်မှတ်ပြီးဖြစ်တယ်။ အောင်တဲ့အချိန်တုံးက အောင်ပြီးပြီ ရှုံးတဲ့အချိန်မှာ ရှုံးမှာဘဲဆိုပြီး ကံအပေါ်မှာဘဲ ယုံပြီး ဆူးချုံနင်းနေတာကိုလည်း တွေ့နိုင်ပါတယ်။ နောက်တစ်ခုက အာခရသ် အတွက် များများကြိုး စား ဒူနီယာအတွက် ကြိုးစားရန်မလိုဆိုတဲ့ အိုင်ဒီယာဟာလည်း လွမ်းမိုးနေတာကို တွေ့ရမယ်။ နောက်တစ်ခုကို အများအားဖြင့် မွတ်စ်လင်မ်တွေဟာ ဘာသာရေးပညာသင်ကြားခြင်း၊ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို လေ့လာဆည်းပူးခြင်းကိုသာ ပညာသင်ကြားခြင်းဟု သတ်မှတ်ပြောဆိုကြတယ်။ ခေတ်ပညာသင်လျှင် ဂျဟမ်နမ် သွားမှာဘဲဟု ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

ကံဆိုတဲ့နေရာမှာ သဘေက လူတစ်ဦးအဖိနု့ ငါရဲ့ကံမှာ ငါ့အတွက် ဆွလာသ်ဖတ်စရာရှိလျှင် ငါဖတ်မှာဘဲဆိုပြီး နေလျှင် မိမိစိတ်က ခန္ဓာကို တွန်းအားပေးကာ ဆွလာသ်ဖတ်ခြင်အောင် တွန်းပေးမဲ့ စိတ်မျိုး တနည်းအားဖြင့် ကြိုးပမ်းခြင်းဆိုတဲ့ အိဂ်ျသိဟာဒ် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ တနည်းအားဖြင့် ကိုယ်တိုင် ကြိုးပမ်းခြင်း မဖြစ်လာတော့ပါဘူး၊ ဒီတော့ သူက ဆွလာသ်မဖတ်ဖြစ်တော့ပါဘူး။ အမှန်တော့ ဆွလာသ်အချိန်မှာ သူနားလည်ရမှာက ငါသည်သာ ထပြီး ၀ူဇူလုပ်ရမယ်၊ ကိုယ်တိုင်ဗလီသွားရမယ် ဆိုတဲ့ ကြိုးပမ်းမှုကို လုပ်ရမယ် လေ။ အီမာန်ဆိုတာ နှလုံးသားက ယုံသလို နုတ်ကဖတ်သလို ကိုယ်ကလည်း လက်တွေ့လှုပ်ရှားကာ အမလ် လုပ်ရမယ်ဆိုတာ မွတ်စ်လင်မ်တိုင်းတဲ့ အခြေခံ နားလည်ရမဲ့ အချက်တွေဖြစ်တယ်မဟုတ်ပါလား။

အပြစ်ဂိုနာမှာ နစ်မွန်းနေသူတွေ အတော်များများကို မေးကြည့်လျှင် သူတို့က ငါတို့ ဘ၀မှာ ဒါဖြစ်ဖို့ရှိလာလို့ ဖြစ်နေတာဘဲ ဆိုပြီး ပြုပြင်ဖို့ မကြိုးစားတော့ဘဲ ကံကိုအပြစ်ပုံချကာ ဆက်လက်မိုက်မဲနေကြ တာကို တွေ့ရပါတယ်။ အလ္လာဟ်အရှင်မြတ်မိန့်ဆိုတာက အသင်ကိုယ်တိုင် မကြိုးပမ်းလျှင် ငါသည် အသင့်အခြေ အနေကို ပြောင်းလဲပေးမည်မဟုတ်ဟု ဆိုထားသလို၊ အသင်တို့ ငါ၏သာသနာအတွက် ကြိုးပမ်းလျှင် အသင်တို့ကို အောင်မြင်မှုလမ်းများစွာ ပြသပေးမည်ဟုဆိုသလို၊ အသင်တို့ ငါ၏ သာသနာအတွက် ကြိုးပမ်းလျှင် ငါအရှင်သည် အသင်တို့ကို ကူညီမည်ဖြစ်သလို အသင်တို့၏ အခြေအနေကို ခိုင်မာသည်ထက်ခိုင်မာအောင် လုပ်ပေးမည်ဟု ဆိုသလို၊ တကယ်တော့ မိမိတို့၏ ကံဟူသည် မိမိတို့၏ အလုပ်ပင်ဖြစ်ကြောင်း နားလည်သဘောပေါက်ရမည်ဖြစ် သည်။ တနည်းအားဖြင့် မိမိတို့လူကြီးများ ဆိုလေ့ရှိသလို ကံဆိုသည်မှာ အလုပ် အလုပ်ဆိုသည်မှာ ကံဟူသည့် စကားသည် ယနေ့ လက်မခံလျှင် မဖြစ်နိုင်တော့ဟု ဆိုရမှာဖြစ်ပါတယ်။


الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

နောက်တစ်ခုက လူနှင့် ဂျင်ကို အလ္လာဟ်အရှင်မြတ်သည် အိဗါဒသ် အတွက်ဘဲ ဖန်ဆင်းထားသည့်အတွက် အခြား အလုပ်လုပ်စရာ မလိုဟုဆိုသူက ဆိုတတ်ကြသည်။ ဒီနေရာမှာ အိဗါဒသ်ဆိုသည်မှာ နှစ်ပိုင်းဖြစ်တယ်လို့ သိရတယ်။ တစ်ပိုင်းက အလ္လာဟ်တာဝန်များ (ဟူကူကွလ္လာဟ်- အိဗါဒဟ် ခါစ်စဟ်-အထူးတာဝန်) နှင့် လူတို့၏တာဝန်များ (ဟူကူကွလ် အိဗါဒ်- အိဗါဒဟ် အါမ်မဟ်-အထွေထွေတာဝန်) များဖြစ်ပါတယ်။ အိဗါဒဟ် ခါစ်စဟ် ဟာ အစ္စလာမ့် မဏ္ဍိုင်ကြီးငါးခုနှင့် ပတ်သက်ပြီး အိဗါဒဟ် အါမ်မဟ် ကတော့ လူအခြင်းခြင်း တိရိစ္ဆာန်များ၊ တောတောင်သစ်ပင် နှင့် ပတ်ဝန်းကျင်အတွက် လုပ်ပေးရမဲ့ တာဝန်များဖြစ်ပါတယ်။ တနည်းအားဖြင့် လူ့ဘောင်ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်များဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ရဲ့ ပတ်ဝန်းကျင် ဒီလောကအတွက် အကျိုးရှိတဲ့ အလုပ်များကို ဆိုလိုတာဘဲဖြစ်ပါတယ်။ ဒီတော့ အလ္လာဟ်တာဝန်များကတော့ လူတို့ဟာတာဝန်ကျေပွန်တာများသလို လူ့နှင့် လူ့ပတ် ၀န်းကျင်အတွက် တာဝန်ကျတော့ မကျေပွန်တာများပါတယ်။ ဒီနေ့ လူ့လောက တာဝန်ကျေပွန်ဖို့အတွက် လူတို့မှာ သိပ္ပံနှင့် နည်းပညာရပ်များလိုအပ်တယ်ဆိုတာကို ဘယ်သူမှ ဒီနေ့ မငြင်းနိုင်ပါဘူး။ ဒီတော့ ခေတ်မီနည်းစနစ်တွေကို လေ့လာဖို့အတွက် ခေတ်ပညာများ သင်ကြားခြင်းဆိုတာ အစ္စလာမ့်သာသနာရဲ့ အမိန့်တော်များနှင့် မဆန့်ကျင်ဘူးဆိုတာကိုတော့ နားလည်စေချင် ပါတယ်။ တနည်းအားဖြင့် မွတ်စ်လင်တစ်ဦးဟာ ကျမ်းမြတ်ကုရ်အာန်နှင့် အစ္စလာမ်စာပေများကို လေ့လာခြင်းဟာ အလွန်ကောင်းသလို အခြားခေတ်မီ ပညာရပ်များကို သင်ကြားခြင်းဟာလည်း ဂျဟမ်နမ် ငရဲသွားမဲ့ပညာရပ်များကို သင်ခြင်းဆိုတဲ့ အယူအဆဟာ မှားယွင်းနေကြောင်း ပြောပြခြင်တာဘဲဖြစ်ပါတယ်။

တစ်ခုရှိတာက မည့်သည့်ပညာရပ်များကို သင်သည်ဖြစ်စေ၊ အဲ့ဒီပညာကို အလွဲသုံးစားပြုခြင်း၊ မဟုတ်သည့် နေရာမှာ သုံးခြင်း၊ မကောင်းသည့် လုပ်ငန်းများဖြင့် ယှက်နွယ်ခြင်း မဖြစ်စေရန်အတွက်တော့ အထူးသတိ ပြုရမှာဖြစ်ပါတယ်၊ ဥပမာ ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်များကို တလွဲသုံးခြင်း၊ သိပ္ပံနှင့်နည်းပညာကို တလွဲနေရာတွင် သုံးခြင်း၊ အင်တာနက် အတွင်းမှ မကောင်းမှုများကို လက်ခံကျင့်သုံးခြင်းတို့ဘဲဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို နားလည် သဘောပေါက်အောင်တော့ ရှင်းပြရမယ်။ မိမိတို့မွတ်စ်လင်များရဲ့ အခြားပြဿတစ်ခုကတော့ သားသမီးတွေ ပျက်စီးမှာ စိုးလို့ ခေတ်ပညာ မသင်ပေးဘူးလို့လဲဆိုတတ်ပါတယ်။ အဲ့ဒါဟာ မိမိတို့ရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ သားသမီးများ ပျက်စီးတာဟာ ခေတ်ပညာနဲ့ မဆိုင်ပါဘူး၊ ပတ်ဝန်းကျင်နဲ့သာဆိုင်တာပါ။ သိပ္ပံပညာနဲ့ ကွန်ပျူတာကို အစ္စလာမ့် သက္ကသိုလ်တွေမှာ သင်ပေးနေကြပါပြီး မွတ်စ်လင်မ်တွေအတွင်းမှာ ဒီနေ့ သိပ္ပံပညာရှင်အချို့ရှိလာပါပြီ၊ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ အဲ့ဒီလိုတွေ စိုးရိမ်လွန်ပြီး မသင်ပေး မလုပ်ပေးနဲ့ နေနေတော့ ဒီနေ့မွတ်စ်လင်မ်တွေဟာ နေရာတိုင်းမှာ နောက်ကျနေပါပြီ၊ နောက်ကျလေ အနောက်တိုင်းသားတွေအတွက် အခွင့်အရေးများများရလေဖြစ်ပါ တယ်။ ဒီတော့ မွတ်စ်တွေဟာ အရှုံးတွေနဲ့ အစဉ်ရင်ဆိုင်ရလေလေဘဲဖြစ်ပါတယ်။

မွတ်စ်လင်မ်တွေရဲ့ ဆုံးရှုံးမှုဟာ တိုင်းနိုင်ငံတွေဆုံးရှုံးတွင် မကပါဘူး၊ ရန်သူတွေဟာ သိပ္ပံနှင့် နည်းပညာ အားကိုးနဲ့ မီဒီယာကို လွှမ်းမိုးမှုရတဲ့အတွက် သူတို့ရဲ့ ယဉ်ကျေးမှု ၀ါဒ မှိုင်းတိုက်ခြင်းဖြင့် မြောက်များစွာသော မွတ်စ်လင်မ်တွေဟာ ဒီနေ့ အစ္စလာမ်ဘာသာကနေ ထွက်ပြေးနေတာကို တွေ့ရပါမယ်။ ဆင်းရဲတဲ့အခါ လူတွေဟာ ဘာသာရေးကို ဂရုမစိုက်ကြတော့ဘူး၊ အသက်ရှင်ရေးအတွက် ဘာမဆိုလုပ်ရင်းကနေ များစွာသော သူတွေဟာ ကာဖိရ်တွေဖြစ်ကုန် တာကိုလည်းတွေ့ရပါတယ်။ ကာဖိရ်တွေဟာ မိမိအကျိုးတစ်ခုတည်းအတွက် သာ ကြည့်ပြီး ဟရာမ် ဟလာလ် ခွဲခြားပြီး မလုပ်ကြတဲ့အတွက် ကမ္ဘာမြေရဲ့ သယံဇာတတွေ သစ်တောတွေ တိရိစ္ဆာန်တွေ တဖြေးဖြေး ပျက်သုန်းလာရင်း ကမ္ဘာ့ ရာသီဥတုဖေါက်ပြန်မှုတွေဖြစ်လာတယ်။

ဒီနေ့ ကမ္ဘာပေါ်မှာ ကြုံနေရတဲ့ မြေငလျှင်များ၊ မြေပြိုခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ အပူလွန်ကဲခြင်း၊ မိုးများခြင်း၊ မိုခေါင်ခြင်းနှင့် စီးပွားပျက်ကပ်ဆိုက်ခြင်း၊ မတရားမင်းမဲ့စရိုက်များ လွှမ်းမိုးခြင်း စသည်တို့ဟာ အခုဏပြော ခဲ့တဲ့ မတရားမှု၊ ပညာမဲ့မှုနှင့် သစ္စာတရားသက္က၀ါ ကင်းမဲ့မှုတွေရဲ့ ရလဒ်တွေဖြစ်တယ်ဆိုတာကို မငြင်းနိုင်ကြပါဘူး။ လူတွေပိုပြီး တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ဒုက္ခရောက်လာတာကို တွေ့ရပါတယ်။ အထူးခံစားရတာကတော့ မွတ်စ်လင်နိုင်ငံတွေဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါတွေဟာ ၁၂၊ ၁၃ ရာစု က မွတ်စ်လင်မ် တွေရဲ့ ပညာရှာဖွေမှုတွေ နည်းပညာနှင့် သိပ္ပံပညာရပ်များကို ကာဖိရ်လက်တွင်း ရောက်အောင် မိမိတို့က သတိမပြုမိမှုကြောင့် အခု ၂၁ ရာစုမှာ မွတ်စ်လင်မ်တွေဟာ ကာဖိရ်တွေရဲ့ ကျွန်အဖြစ်ကနေ နောက်ဆုံး အီမာန်ဆှုံးရှုံးရတဲ့ အဆင့်အထိရောက်နေရတာကို သတိပြုသင့်ပါပြီ၊ ကာဖိရ်တွေဟာ ဒီနေ့ ကမ္ဘာ့အချမ်း သာဆုံးနိုင်ငံအဆင့်တွေရောက်နေပြီး အစဉ် ချမ်းသာနေအောင် မွတ်စ်လင်မ်တွေ ခေါင်းမထောင်နိုင်အောင် နည်းမျိုးစုံ နဲ့ ဆက်လက်ကြိုးပမ်းနေတာကိုသတိပြုရမယ်။
ဆင်းရဲမွဲ တေမှုဟာ မွတ်စ်လင်မ်တွေကို ကုဖုရ် အဖြစ်သို့ရောက်အောင် လုပ်ပေးနိုင်တာကို မိမိတို့သိလောက်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် ဒီနေ့ မွတ်စ်လင်မ် နိုင်ငံအချို့ဟာ ပြန်ပြီး သိပ္ပံနဲ့နည်းပညာကို ပြန်လေ့လာနေပြီး အနောက်နိုင်ငံ တွေကို ယှဉ်ပြိုင်နိုင်ဖို့ ပြန်ကြိုးပမ်းလာတာကိုလည်းတွေ့နိုင်ပါတယ်။ ဥပမာ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ မလေးရှားနိုင်ငံတို့ရဲ့ လုပ်ရပ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ သဘောကတော့ ပညာဗဟုသတဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကို မမေ့ဖို့ အလွန်အရေးကြီးပါတယ်။ ဒါတွေဟာ တတ်သိနားလည်တဲ့ မွတ်စ်လင်မ်တွေရဲ့ တာဝန်ဘဲဖြစ်တယ်ဆိုတာ ကို သတိရစေချင်ပါတယ်။ စင်စစ် အဲ့ဒီ ဗဟုသုတတွေ ပညာတွေဟာ စေတနာကောင်းကောင်း၊ သစ္စာတရားကောင်း ကောင်းနဲ့ လေ့လာရင် ဧကံမုချ တွေ့မှာဖြစ်သလို အကျိုးလဲဖြစ်ထွန်းမှာ သေချာပါတယ်၊ ဒါကြောင့် ရမ်ဇာန်လဟာ ကျွန်တော်တို့ကို ကျမ်းမြတ်ကုရ်အာန်ကို သတိရဖို့ချည်း မဟုတ်ပါဘူး၊ ဖတ်ဖို့လေ့လာဖို့၊ ပညာဆည်းပူးဖို့၊ အကျိုးပွား များဖို့နဲ့ ကောင်းမွန်တဲ့ မြေကမ္ဘာကို တည်ဆောက်ဖို့ဖြစ်တဲ့အကြောင်း တင်ပြနေတယ်ဆိုတာကို ကောင်းကောင်းနား လည်ထားဖို့ လိုအပ်ပါတယ်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

လေးစားချစ်ခင်ရပါတဲ့ မွတ်စ်လင်မ် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျား ……………။

နောက်ဆုံးအချက်အနေနဲ့ တင်ပြခြင်တာကတော့ အီဒ်နေ့အခါသယမဆိုတာ ရှည်လျှားလှသော ရမ်ဇာန်လ ဥပုသ် သီလဆောက်ခြင်းနောက်ဝယ် ပျော်ရွှင်စရာ နေ့တနေ့အဖြစ် အလ္လာဟ်အရှင်မြတ်က မိမိတို့ မွတ်စ်လင်မ်များ အတွက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နေမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်၌က ပြောဆိုဒါကတော့ ငါကိုယ်တိုင် ဥပုသ်စောင့်ထိန်းခဲ့သည့် မွတ်စ်လင်မ်များကို ဆုချီးမြှင့်မှာ ဖြစ်တယ်။ သူတို့ရဲ့ ဆုလဒ်ကတော့ ဂျန္နသ်ဘဲဖြစ်ပါတယ်လို့ မိန့်တော်မူထားပါတယ်။

နောက်ပြီး တမန်တော်မြတ် (ဆွ) ကလည်း အဲ့ဒီနေ့ကြရင်၊ နံနက်စောစောထကြ၊ ရေမိုးချိုးကြ၊ အ၀တ်အစား ကောင်းကောင်းလှလှ ၀တ်ဆင်ကြ၊ အမွှေးနံ့သာ လိမ်းကြံကြ၊ ဗလီဝတ်ကျောင်းတော်သို့ စော်စော်သွားကြ၊ သွားလျှင် လမ်းတစ်လမ်းမှ သွားပြီး အိမ်အပြန် နောက်တစ်လမ်းမှ ပြန်ကြ၊ အီဒ်ဆွလာသ်အရင် ဖိသ်ရဟ်ပေးကြ၊ အိဒ်ဆွလာသ် ကို အိဒ်ကဟ်မှာ သွားဖတ်နိုင်ရင်ဖတ်ကြ၊ သို့မဟုတ်က ဂျာမိဗလီကြီးမှာ သွားဖတ်ကြ၊ ဆွလာသ် ဖတ်ပြီးလျှင် ခွသ်ဘဟ်ကို နားထောင်ကြ (ခွသ်ဘဟ်နားထောင်ခြင်းသည် ၀ါဂျိဗ် ဖြစ်သည်)၊ ၄င်းနောက် မိတ်ဆွေများနှင့် လက်ဆွဲနုတ်ဆက်ကြ၊ ဖက်လှဲတကင်းနုတ်ဆက်ကြ၊ လက်ဆောင် ပေးအပ်ကြ၊ စားကောင်း သောက်ကောင်းများဖြင့် အိမ်သို့လာရောက်သူများကို ကြိုဆိုနုတ်ဆက် ကြွေးမွေးကြ၊ လူကြီးသူမများထံသို့ လည်း သွားရောက်နုတ်ဆက်ကြ၊ အထူးသဖြင့် တွေ့ဆုံသူအပေါင်းကို ကောင်းမွန်သည့် စကားဖြင့် စိတ်ပျော် စရာ၊ ပညာရစရာ၊ သံဝေဂတရားရစရာများ အဖြစ် ပြောဆိုဆွေးနွေးဆုံးမကြ၊ တနည်းအားဖြင့် အိဒ်နေ့ကို အကောင်းဆုံးပျော်ရွှင်စရာနေ့ကလေးဖြစ်အောင် လုပ်ကြဟု မိန့်မှာခဲ့ပါသည်။ ဒါကတော့ အိဒ်နေ့ကို တင်စားပြီး တင်ပြခဲ့တာဘဲဖြစ်ပါတယ်။ တကယ်တော့် မွတ်စ်လင်မ်များအတွက် နေ့တိုင်းဟာ အိဒ်နေ့တွေဘဲဖြစ်နေသင့် ပါတယ်။ အခုတမန်တော်မြတ် တင်ပြလိုက်တဲ့ အိဒ်နေ့ဆိုင်ရာ လမ်းညွှန်ချက်ကတော့ နေ့တိုင်း လူတို့လုပ် နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ မြေကမ္ဘာဟာ အလွန်ကို ပျော်ရွှင်စရာကောင်းတဲ့ နေရာဖြစ်လာနိုင်လိမ့်မယ်လို ကျွန်တော်တို့ ကောင်းကောင်းကြီး ယုံကြည်ထိုက်ပါတယ်။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

နောက်ဆုံးနိဂုံးစကား ပြောချင်တာကတော့ အီမာန်နှင့် သက္က၀ါတရားကို မမေ့မလျှော့ ခိုင်ခိုင်မာမာထားပြီး အလ္လာဟ် အရှင်မြတ်ရဲ့ ရဟ်မသ်ဖြစ်တဲ့ ဂရုဏတော် မေတ္တာတရားများကို မိမိကိုယ်တိုင်လည်း ထားတတ်ဖို့နဲ့ အခြားသူများထံ ဝေငှ ပေးခြင်းဘဲဖြစ်ပါတယ်။ မိမိထံမှရှိတဲ့ ငွေကြေး ပညာဥါဏ်နှင့် အင်အားစွမ်းအား စသည်တို့ကို မိမိကိုယ်တိုင် အတွက်လည်း အကောင်းဆုံးဖြစ်အောင် အသုံးချသင့်သလို၊ အခြားသူများ အထူးသဖြင့် မိမိရဲ့ ညီအကို မောင်နှမများ၊ ဆွေမျိုးသားခြင်းများ၊ အနီးအဝေးမှ မိတ်ဆွေများ၊ ပတ်ဝန်းကျင်နေထိုင်သူများ၊ လမ်းခရီးဒုက္ခရောက်သူများ၊ တောင်းရမ်းသူများ၊ ဆင်းရဲချို့တဲ့သူများ၊ မိဘမဲ့ ယသီးမ်ကလေးများ၊ အဖိုးအဖွားအိုများ၊ လိုအပ်ချက်ရှိသူများကို တတ်အားသရွေ့ ကာယ၊ ဥါဏ၊ ၀ိရိယ စွမ်းအားများဖြင့် တတ်အားသရွေ့ ကူညီစောင့်ရှောက်သွား သင့်ပါကြောင်း တင်ပြချင်ပါတယ်။

ပြောပြသမျှ အကြောင်းတရားအားလုံးဟာ မိမိတို့ အစ္စလာမ် လူ့ဘောင်ရဲ့ ဘ၀အလှကို တန်စာဆင်ပေးမဲ့ အခြေခံတွေဖြစ် သလို၊ အဲ့ဒီ လုပ်ငန်းစဉ်များအားလုံးကို မွတ်စ်လင်မ် မဟုတ်သူများကိုလည်း ရောင်ပြန်ဟပ်စေအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒါတွေဟာ အစ္စလာမ် ရဲ့ အလှတရားတွေဖြစ်ပါတယ်၊ မြင်သူ ကြားသူ လူတိုင်းဟာ သူတို့နှလုံးသားတွေ ကို အဲ့ဒီ အစ္စလာမ် တရားတွေဟာ ခံစားစေပါလားဆိုပြီး စိတ်ကြည်နူးမှုတွေကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ဒီမှာ သူတို့ဟာ အစ္စလာမ်ဆိုတာ မွတ်စ်လ်မ် တွေအတွက်ဘဲမဟုတ်ဘဲ ကမ္ဘာပေါ်ရှိသူ လူသားတိုင်းအတွက်ဖြစ်ပါလားဆိုပြီး ထင်ယောင်လာစေလိမ့်မယ်။ အစ္စလာမ်ဟာ အလ္လာဟ်အရှင်မြတ်နှစ်သက်တဲ့ ဘာသာ လူသားထုတစ်ရပ်လုံးအတွက် လမ်းညွှန်ဆိုတာ သူတို့သိလာစေလိမ့်မယ်။

လူသားအားလုံးအတွက် ဒီနေ့ အိဒ်နေ့ဟာ ပျော်ရွှင်ဝမ်းသာဖွယ်နေ့တစ်နေ့ဖြစ်စေသလို လူသားအားလုံးအတွက် ဟိဒါယသ်ရဖွယ် အမှတ်တရ နေ့ကလေးဖြစ်အောင် ကြိုးပမ်းကြပါလို့ စေတနာ မေတ္တာ သဒ္ဒါ တရား ရှေ့ဝယ်ထား ပြေကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။

الله اكبر الله اكبر لا اله الا الله والله اكبر الله اكبر و لله الحمد

بَارَكَ الله لِي وَلَكُمْ فِي الْقُرْآنِ الْعَظِيمِ ، وَنَفَعَنِي وَإِيَّاكُمْ بِمَا فِيهِ مِنَ الآيَاتِ وَالِّذكْرِ الْحَكِيمِ ، وَتَقَبَّلَ مِنِّي وَمِنْكُمْ تِلاوَتَهُ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ ، أَقُولُ قَوْلِي هذَا وَأَسْتَغْفِرُ الله الْعَظِيمَ لِي وَلَكُمْ، وَلِسَائِرِ الْمُسْلِمِينَ وَالْمُسْلِمَاتِ ، وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ ، فَاسْتَغْفِرُوهُ فَيَا فَوْزَ الْمُسْتَغْفِرِينَ وَيَا نَجَاةَ التَّائِبِينَ


1 comment:

Anonymous said...

အစ္စလမ်မို့အလိုင်းကွန်း...

အင်မတန် ကောင်းမွန်တဲ့ ဆိုဒ်လေးပါ။ ဗဟုသုတတွေ အများကြီးရသွားပါတယ်။ အကြံလေး တစ်ခု ပေးချင်ပါတယ်။ နှောက်ယှက်တဲ့လူတွေ လာပြီး ကွန်မန့် ရေးပြီး ဆဲဆိုခြင်း မပြုနိုင်အောင် comment moderation လေး ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ထည့်ထားပါ။