၀၇၁။ စူရာ နူးဟ်း တမန်တော်နူးဟ် ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၂၈ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၇၁း ၁။ ဧကန်အမှန် ငါအရှင်မြတ်သည် တမန်တော်နူးဟ်အား ၄င်း၏ အမျိုးသားများထံ စေလွှတ်တော်မူခဲ့၏။ အသင်သည် မိမိအမျိုးသားတို့အား နာကျင်ဖွယ်ကောင်းသော ပြစ်ဒဏ် မကျရောက်မီ သတိပေးပါလေ။
၀၇၁း ၂။ နူးဟ်ကပြောကြားခဲ့သည်မှာ အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်မလွဲ အသင်တို့အား ထင်ရှားစွာ သတိပေး နိုးဆော်သူဖြစ်သည်။
၀၇၁း ၃။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုကွယ်ကြကုန်၊ ကြောက်ရွံ့ကြကုန်၊ အမိန့်ကို နာခံကြကုန်။
၀၇၁း ၄။ ထိုအရှင်မြတ်သည် အသင်တို့ အပြစ်များကို ခွင့်လွှတ်မည့်အပြင် သတ်မှတ်သည်အချိန်တိုင်အောင် ရွေ့ဆိုင်းခွင့်လည်း ပေးအပ်တော်မူမည်။ စင်စစ် အရှင်မြတ်၏ အပြစ်ဒါဏ်ချိန်ရောက်လာလျှင်မူ ရွေ့ဆိုင်းခွင့် ရမည် မဟုတ်ပေ။ အကယ်၍ အသင်တို့သည် ၄င်းကို သိရှိလျှင် အလွန်ကောင်းလေစွ။
၀၇၁း ၅။ တမန်တော်နူးဟ်က လျှောက်ထားသည်မှာ အို ကျွန်တော်မျိုး၏ အရှင်မြတ် မိမိသည် မိမိအမျိုးသားတို့ အား နေ့ညဥ့် မပြတ်ဖိတ်ခေါ်ခဲ့ပါသည်။
၀၇၁း ၆။ သို့သော် မိမိတို့ဖိတ်ခေါ်မှုသည် ၄င်းတို့၏ တိမ်းရှောင်မှုကို တိုးပွာစေပါသည်။
၀၇၁း ၇။ အရှင်၏ခွင့်လွှတ်မှုကို ရရန်အလို့ငှာ ၄င်းတို့အား မည်သည့်အချိန်တွင်မဆို ဖိတ်ခေါ်လျှင် သူတို့သည် မိမိတို့ လက်ချောင်းများကို မိမိတို့၏နားများအတွင်း ထည့်သွင်းထားကြပါ၏။ မိမိတို့၏ အ၀တ်များကို ဖုံးအုပ် ထားကြ၏။ ထို့အပြင် (မိမိတို့၏ သွေဖီခြင်းအပေါ်) ဇွဲဖြင့်နေကြပြီး လွန်စွာမာနထောင်လွှားကြကုန်၏။
၀၇၁း ၈။ ထို့နောက် ကျွန်တော်မျိုးသည် ၄င်းတို့ အား အသံကျယ်စွာဖြင့်ဖိတ်ခေါ်ခဲ့၏။
၀၇၁း ၉။ ထို့နောက် ကျွန်ုပ်သည် ၄င်းတို့အား ပွင့်ပွင့်လင်းလင်းတစ်မျိုး ဖိတ်ခေါ်ခဲ့၏။ ၄င်းအပြင် တိတ်တဆိတ်လည်း ဖိတ်ခေါ်ခဲ့၏။
၀၇၁း ၁၀။ ထိုသို့ဖိတ်ခေါ်ရာတွင် ၄င်းတို့အား အသင်တို့သည် မိမိတို့ဖန်ဆင်းရှင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြကုန်လော့။ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူနိုင်သော အရှင်မြတ်ဖြစ်သည်။
၀၇၁း ၁၁။ ထိုအရှင်မြတ်သည် အသင်တို့အပေါ် မြောက်မြားစွာသော မိုးကို စေလွှတ်တော်မူမည်။
၀၇၁း ၁၂။ ၄င်းအပြင် ထိုအရှင်သည် အသင်တို့အား ဥစ္စာပစ္စည်းများကို၎င်း သားသမီးများကို၎င်း ချီးမြှင့်တော်မူမည်။ ထို့အပြင် အသင်တို့အတွက် ဥယျာဉ်များကိုဖန်ဆင်းပေးမည့်အပြင် ချောင်းများကိုလည်း စီးတွေစေမည်။
၀၇၁း ၁၃။ အသင်တို့၌ မည်သည့်အကြောင်းရှိ၍ အလ္လာဟ်အရှင်မြတ်၏ ထူးကဲမြင့်မြတ်မှုကို မယုံကြည် ကြသနည်း။
၀၇၁း ၁၄။ စင်စစ် ထိုအရှင်မြတ်သည် အသင်တို့အား (ရုပ်ဆင်း) အမျိုးမျိုးနှင့် (နည်းအမျိုးမျိုး) ဖြင့် ဖန်ဆင်းခဲ့၏။
၀၇၁း ၁၅။ အလ္လာဟ်အရှင်မြတ်သည် မိုးခုနှစ်ထပ်ကို အဆင့်အဆင့်အထပ်ထပ် ဖန်ဆင်းခဲ့သည်ကို အသင်တို့ လေ့လာတွေ့မြင်ခဲ့သည်မဟုတ်လော။
၀၇၁း ၁၆။ ၄င်းအပြင် အရှင်မြတ်သည် ယင်းမိုးကောင်းကင်တွင် လကို လင်းရောက်ခြည်အဖြစ်၎င်း၊ နေကို မီးရူးတိုင်အဖြစ်၎င်း ပြုလုပ်တော်မူခဲ့၏။
၀၇၁း ၁၇။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို မြေဖြင့် အထူးဖန်ဆင်းခဲ့၏။
၀၇၁း ၁၈။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို ယင်းမြေအတွင်းသို့ပင် ပြန်ရောက်စေတော်မူမည်။ ထို့နောက်တစ်ဖန် ပြန်၍ ထွက်စေတော်မူမည်။
၀၇၁း ၁၉။ ထို့အပြင် အလ္လာဟ်အရှင်သည် အသင်တို့အကျိုးငှာ မြေပထ၀ီကို အခင်းပြုလုပ်ခဲ့၏။
၀၇၁း ၂၀။ သို့မှသာ အသင်တို့သည် ၄င်းပထ၀ီမြေ၏ လမ်းကျယ်များဝယ် သွားလာနိုင်မည်ဖြစ်သည်။
၀၇၁း ၂၁။ တမန်တော် နူးဟ် လျှောက်သည်မှာ ကျွန်ုပ်၏အမျိုးသားတို့သည် မိမိအား ဆန့်ကျင်၍ သူတို့အတွက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ပေးနိုင်စွမ်းမရှိသော ဆုံးရှုံးမှုကိုသာပေးနိုင်စွမ်းရှိသော သူတို့နောက်သို့ လိုက်သွား ကြကုန်၏။
၀၇၁း ၂၂။ ထို့အပြင် သူတို့သည် အလွန်ကြီးကျယ်သော အကြံကို ကြံစည်ခဲ့ကြကုန်၏။
၀၇၁း ၂၃။ ထို့နောက်သူတို့က မိမိလက်အောက်ငယ်သားတို့ကို ပြောကြသည်မှာ အသင်တို့သည် အသင်တို့၏ ကိုးကွယ်ရာမျာကို မစွန့်ပစ်ကြနှင့်၊ အသင်တို့သည် ၀ဒ်၊ ဆုဝအ်၊ ယဂူဆ်၊ယအူက်နှင့် နတ်စ်ရ် ဆင်းတုများကို စွန့်ပယ်ခြင်းမပြုကြကုန်နှင့်။
၀၇၁း ၂၄။ စင်စစ် ၄င်းတို့သည် များစွာသောသူတို့ကို လမ်းမှားသို့ပို့ခဲ့သည်။ အရှင်မြတ်သည် မတရားသောသူ တို့ကို လမ်းလွဲခြင်းဟူသည် အခြေအနေကို ပိုမိုဖြစ်စေတော်မူ၏။
၀၇၁း ၂၅။ ၄င်းတို့သည် မိမိတို့၏ ပြစ်မှုကြောင့်သာ နစ်မြှုပ်ခြင်းကို ခံခဲ့ရ၏။ တဖန် ၄င်းတို့သည် ငရဲမီးအတွင်းသို့ ၀င်ရောက်စေခြင်းခံရမည်ဖြစ်၏။ သို့ဖြစ်ရာ ၄င်းတို့သည် အလ္လာဟ်အရှင်မြတ်ကဲ့သို့ ကူညီဆောင်မမည့်သူ တစ်ဦးကိုမျှ မြင်တွေ့ရမည်မဟုတ်ပေ။
၀၇၁း ၂၆။ တမန်တော်နူဟ် လျှောက်သည်မှာ အိုကျွန်တော်မျိုး၏ အရှင်မြတ် ဤပထ၀ီမြေ၀ယ် ကာဖိရ်အဖြစ်နှင့် နေထိုင်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထားတော်မမူပါနှင့်။
၀၇၁း ၂၇။ အကယ်၍ အရှင်မြတ်သည် ၄င်းတို့အားချန်ထားတော်မူပါလျှင် ၄င်းတို့သည် အရှင်မြတ်၏ ကျေးကျွန်များကို လမ်းလွဲစေမည့်အပြင် သူတို့သည် ကျေးဇူးကန်းသော စာရိတ္တဖေါက်ပြန်သော သူတို့ကိုသာ မွေးဖွားမည်ဖြစ်သည်။
၀၇၁း ၂၈။ အိုကျွန်တော်မျိုး၏အရှင် ကျွန်ုပ်အား၎င်း ကျွန်ုပ်၏ မိဘနှစ်ပါးအား၎င်း၊ ကျွန်ုပ်၏ အိမ်သို့ဝင်ရောက်လာသည့် မုအ်မင်န်များအား၎င်း၊ မုအ်မင်န် အမျိုးသားများအား၎င်း၊ အမျိုးသမီးများအား၎င်း ခွင့်လွှတ်ချမ်းသာခွင့်ပြုပါ။ အရှင်မြတ်သည် မတရားသူတို့အတွက်ပျက်စီးမှုကိုသာ တိုးပွားစေတော်မူပါအရှင်။
No comments:
Post a Comment