Friday, September 25, 2009

Surah 075 Al Qiyamah : The Resurrection


၀၇၅။ စူရာ ကိယာမသ်း ကိယာမသ် ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၄၀ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၇၅း ၁ ငါအရှင်မြတ်သည် ကိယာမသ် ပြန်ရှင်ထမည့်နေ့ကို သက်သေထူ ကျိန်ဆိုတော်မူ၏။

၀၇၅း ၂ ထို့အပြင် ငါအရှင်မြတ်သည် မိမိကိုယ်ကို အပြစ်တင်တတ်သောစိတ်ကို သက်သေထူတော်မူ၏။

၀၇၅း ၃ လူသားသည် သူ၏အရိုးများကို ငါအရှင်မြတ်သည် ပြန်လည်စုပေါင်းမည်မဟုတ်ဟု ထင်မှတ်နေပါသလား။

၀၇၅း ၄ အဘယ်ကြောင့်မဟုတ်ရမည်နည်း။ ငါအရှင်မြတ်သည် လူသား၏ခြေဆစ်လက်ဆစ်များကိုပင် မူလအတိုင်း ပြန်လည်ဖန်ဆင်းနိုင်စွမ်းရှိသည့်အရှင်ဖြစ်သည်။

၀၇၅း ၅ စင်စစ် လူသားသည် မိမိရှေ့ဝယ်ဖြစ်မည့် ကိယာမသ် နေ့ကို မဟုတ်မှန်ဟု ငြင်းပယ်လို၏။

၀၇၅း ၆ လူသားသည် ကိယာမသ် နေ့သည် မည်သည့်အချိန်ဖြစ်လတံ့ဟု မေးလေ၏။

၀၇၅း ၇ စင်စစ် ထိုအချိန်တွင် မျက်စိများသည် မိန်းမောတွေဝေ ထိုင်းမှိုင်းသွားပေမည်။

၀၇၅း ၈ လသည် အလင်းရောက်ကင်းမဲ့သွားပေမည်။

၀၇၅း ၉ ထို့အပြင် နေနှင့် လတို့သည် ပေါင်းစပ်ခြင်းကို ခံရပေမည်။

၀၇၅း ၁၀ ထို့အပြင် လူသားသည် မိမိတို့ မည်သည့်နေရာသို့ ပြေးရမည်နည်းဟု ပြောလိမ့်မည်။

၀၇၅း ၁၁ အလျှင်းမဟုတ် ခိုလှုံစရာဟူ၍ အလျှင်းရှိလိမ့်မည်မဟုတ်ပါ။

၀၇၅း ၁၂ ထိုနေ့တွင် နေထိုင်ရာ ဋ္ဌာနဟူသည် အသင့်၏ အရှင်ထံတော်တွင်သာ ရှိလိမ့်မည်။

၀၇၅း ၁၃ ထိုနေ့တွင် လူသားသည် မိမိတင်ကြို ပို့ထားသည့်အရာများ (ကောင်းမှုများ) နှင့် နောက်ချန်ရစ်ခဲ့သည်များကို ပြောပြခြင်းခံရမည်။

၀၇၅း ၁၄ စင်စစ် လူသားသည် မိမိကိုယ်ကို ကောင်းစွာ (အကောင်းအဆိုးကို) မြင်သူ ဖြစ်မည်။

၀၇၅း ၁၅ စင်စစ် လူသားသည် မိမိ၏အကြောင်းပြချက်များကို မည်မျှပင် တင်ပြအံ့ငြားလည်း။

၀၇၅း ၁၆ အသင်သည် မိမိလျှာကို အလျှင်အမြတ်ရယူရန် (၀ဟီကိုရယူရန်) အလို့ငှာ အလှုပ်လေနှင့်။

၀၇၅း ၁၇ စင်စစ် ယင်း (ကုရ်အာန်) ကို စုပေါင်းခြင်းသည်၎င်း၊ ဖတ်စေခြင်းသည်၎င်း ငါအရှင်၏အလုပ်တာဝန် သာဖြစ်သည်။

၀၇၅း ၁၈ သို့ဖြစ်ပေရာ အကြင်အခါ ငါအရှင်မြတ်သည် ယင်း (ကုရ်အာန်) ကို ဖတ်ကြားသောအခါ အသင်သည် လိုက်၍ဖတ်ပါ၊ နားထောင်ပါ။

၀၇၅း ၁၉ ထို့အပြင် ယင်းကုရ်အာန်ကို ရှင်းပြခြင်းသည်မှာလည်း ငါအရှင်မြတ်၏ တာဝန်သာဖြစ်သည်။

၀၇၅း ၂၀ မှတ်ထားကြလော့ အသင်တို့သည် လောကီဘ၀ကို နှစ်သက်ကြကုန်၏။

၀၇၅း ၂၁ ၄င်းအပြင် အသင်တို့သည် နောင်အာခိရသ် တမလွန်ဘ၀ကို စွန့်လွှတ်ကြကုန်၏။

၀၇၅း ၂၂ ထိုနေ့တွင် များစွာသော မျက်နှာတို့မှာ ရွှင်လန်းလျှက်ရှိကြမည်။

၀၇၅း ၂၃ မိမိတို့၏ ဖန်ဆင်းရှင်အား ဖူးမြော်လျက်ရှိကြပေမည်။

၀၇၅း ၂၄ သို့သော် များစွာသော မျက်နှာတို့မှာမူ ညိုးနွမ်းလျက်ရှိကြပေမည်။

၀၇၅း ၂၅ ၄င်းတို့သည် ခါးရိုးကျိုးစေမည့် အပြစ်ဒဏ်ခံရမည်ကို ကောင်းစွာသိကြ၏။

၀၇၅း ၂၆ မှတ်ထားကြလော့၊ အကြင်အခါဝယ် အသက်ဇီဝိန်သည် ညှပ်ရိုးများသို့ ရောက်ရှိသွားပေမည်။

၀၇၅း ၂၇ ၄င်းအပြင် ထိုလူနာ၏ အနားတွင် မန်းမှုတ်မည့်သူ ရှိပါသလားဟု ဟစ်အော်လိမ့်မည်။

၀၇၅း ၂၈ ဤအချိန်ကား လောကီဘ၀ကို စွန့်ခွာရမည့် အချိန်ဖြစ်သည်ကို ထိုသူ သိနေလိမ့်မည်။

၀၇၅း ၂၉ ထို့အပြင် ခြေသလုံးသည် ခြေသလုံးနှင့် (ဒုက္ခသည်ဒုက္ခနှင့်) ထပ်ဆင့်သွားမည်။

၀၇၅း ၃၀ ထိုနေ့တွင် အသင်၏မွေးမြူဖန်ဆင်းရှင်ထံသို့ ပြန်သွားရပေမည်။

၀၇၅း ၃၁ စင်စစ် လူသားသည် ဟုတ်မှန်ကြောင်းလည်း မထောက်ခံခဲ့သလို ဆွလာသ်လည်း ၀တ်ပြုခဲ့သည် မဟုတ်ပေ။

၀၇၅း ၃၂ သို့သော် ထိုသူသည် ငြင်းပယ်ခြင်းကို၎င်း၊ မျက်နှာလွဲခြင်းကို၎င်း ပြုခဲ့သည်။

၀၇၅း ၃၃ ထို့နောက် ထိုသူသည် မောကြွားလျှက် မိမိအိမ်သူအိမ်သားများထံ သွားခဲ့၏။

၀၇၅း ၃၄ အသင်အပေါ်ဝယ် ပျက်စီးခြင်းအပေါ် ပျက်စီးခြင်းသာ ရှိပေမည်။

၀၇၅း ၃၅ ထို့နောက် အသင်အပေါ်ဝယ် ပျက်စီးခြင်းအပေါ် ပျက်စီးခြင်းသာ ရှိပေမည်။

၀၇၅း ၃၆ လူသားသည် မိမိအတွက် ဤအတိုင်း စွန့်လွှတ်ခြင်းကို ခံရမည်ဟု ထင်မှတ်နေပါသလား။

၀၇၅း ၃၇ ၄င်းမှာ သွန်းလောင်းခြင်းခံရသည့် သုတ်ရည်တစ်စက် မဟုတ်ပါလား။

၀၇၅း ၃၈ ထို့နောက် ယင်းသုတ်ရည် သွေးခဲဖြစ်ခဲ့၏။ တဖန် ထိုအရှင်မြတ်သည် ၄င်းအား ဖန်ဆင်းခဲ့၏။ ထို့နောက် အရှင်မြတ်သည် နေသားကျအောင် ပြုပြင်ခဲ့၏။

၀၇၅း ၃၉ ထို့နောက် အရှင်မြတ်သည် ယင်း (သွေးခဲ) ကို ယောက်ျား မိန်းမဟူ၍ နှစ်မျိုးနှစ်စား ပြုလုပ်ခဲ့၏။

၀၇၅း ၄၀ ထိုကဲ့သို့သော် အရှင်မြတ်သည် လူသားတို့ကို ပြန်လည်ရှင်သန်ထစေနိုင်သော အရှင်မြတ်ပင် မဟုတ်ပါသလော။

No comments: