၀၇၄။ စူရာ မုဒဆ်ဆိရ်း စောင်ခြုံသူ ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၅၆ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။
၀၇၄း ၁။ အို စောင်ခြုံထားသူ။
၀၇၄း ၂။ အသင်ထပြီး (ကာဖိရ်တို့အား) နိုးဆော်ပါလေ။
၀၇၄း ၃။ ၄င်းအပြင် အသင်သည် အသင်၏ မွေးမြူဖန်ဆင်းရှင်၏ ကြီးကျယ်မြင့်မြတ်မှုကို ချီးကျူးပါလေ။
၀၇၄း ၄။ ၄င်းအပြင် အသင်သည် မိမိအ၀တ်များကို သန့်ရှင်းစွာ ထားပါလေ။
၀၇၄း ၅။ ထို့အပြင် အသင်သည် ရုပ်ထုများမှ ကင်းလွတ်စွာနေပါ။
၀၇၄း ၆။ ထို့အပြင် အသင်သည် ပိုမိုရလိုသဖြင့် ပေးကမ်းခြင်းကို မပြုပါနှင့်။
၀၇၄း ၇။ ထို့အပြင် အသင်သည် အသင့်ဖန်ဆင်းရှင်၏ ကျေနပ်မှုကို ရည်စူး၍ သည်းခံတရားထားပါလေ။
၀၇၄း ၈။ အကြင်အချိန်တွင် တံပိုးခရာ မှုတ်သောအခါ။
၀၇၄း ၉။ ယင်းနေ့သည် အလွန်ပြင်းထန်ခက်ခဲသောနေ့ ဖြစ်လိမ့်မည်။
၀၇၄း ၁၀။ ကာဖိရ်တို့အဖို့ လွယ်ကူခြင်းမရှိသော။
၀၇၄း ၁၁။ အသင်သည် ငါအရှင်မြတ်နှင့် အကြင်သူအား လွှတ်ထားပါလေ။ ငါအရှင်မြတ်သည် ၄င်းအား တစ်ဦးတည်း ဖန်ဆင်းခဲ့၏။
၀၇၄း ၁၂။ ထို့အပြင် ငါအရှင်မြတ်သည် ၄င်းအား များစွာသော ဥစ္စာပစ္စည်းကို၎င်း။
၀၇၄း ၁၃။ အစဉ်အသင့်ရှိနေသော သားယောက်ျားများကို၎င်း ပေးသနားတော်မူခဲ့၏။
၀၇၄း ၁၄။ ထို့အပြင် ငါအရှင်မြတ်သည် ၄င်းအား (စည်းစိမ်အမျိုးမျိုးကို) အသင့်ဖြစ်စေကာ အဆင်ပြေစေခဲ့၏။
၀၇၄း ၁၅။ ထိုအပြင် သူသည် ငါအရှင်မြတ်အား ပိုမိုပေးရန် လောဘရမ္မက် ထားရှိ၏။
၀၇၄း ၁၆။ ထိုသို့မည်သည့်အခါမျှ ဖြစ်မည်မဟုတ်ပေ။ စင်စစ် သူသည် ငါအရှင်မြတ်၏ လက္ခဏာတော်များကို ဆန့်ကျင်သူဖြစ်၏။
၀၇၄း ၁၇။ မကြာမီ ငါအရှင်သည် ၄င်းအား (ငရဲအတွင်းရှိ) တောင်ပေါ်သို့ အတင်းတက်စေမည်။
၀၇၄း ၁၈။ စင်စစ် ၄င်းသည် စဉ်းစား၍ ကြံစည်ခဲ့သူဖြစ်သည်။
၀၇၄း ၁၉။ သို့ဖြစ်၍ ၄င်းသည် ပျက်စီးစေသား၊ ၄င်းသည် မည်သို့ ထိုအကြံကို ကြံစည်ခဲ့သနည်း။
၀၇၄း ၂၀။ ထိုသူသည် တဖန် ပျက်စီးစေသား၊ ၄င်းသည် မည်သို့ ထိုအကြံကို ကြံစည်ခဲ့သနည်း။
၀၇၄း ၂၁။ ထို့နောက်သူသည် (မိမိအမျိုးသားများ၏ မျက်နှာကို) ကြည့်ခဲ့၏။
၀၇၄း ၂၂။ ၄င်းသည် မျက်နှာကို ရှုံ့ခဲ့၏။ တစ်ဖန် ထပ်မံ၍ ရှုံ့ခဲ့၏။
၀၇၄း ၂၃။ ထို့နောက် သူသည် ကျောခိုင်းခဲ့၏။ မာန်မာနထောင်လွှားခဲ့၏။
၀၇၄း ၂၄။ ထို့နောက် ၄င်းက ဤ (ကုရ်အာန်) သည် ရှေးကတည်းက အဆင့်ဆင့် ရောက်ရှိသော စုန်းအတတ်၊ ဂါထာမန္တရားမှတစ်ပါး အခြားမဟုတ်ဟူ၍၄င်း၊
၀၇၄း ၂၅။ ဤသည် လူသား၏ပြောဆိုချက်မှတစ်ပါး အခြားမဟုတ်ဟူ၍ ပြောဆိုခဲ့သည်။
၀၇၄း ၂၆။ မကြာမြင့်မီ ငါအရှင်သည် ၄င်းအား ကစရ်ငရဲသို့ ၀င်ရောက်စေတော်မူမည်။
၀၇၄း ၂၇။ စင်စစ် (အိုနဗီတမန်တော်) စကရ် ငရဲသည် အဘယ်နည်း အသင်သိပါသလား။
၀၇၄း ၂၈။ ယင်းကစရ် ငရဲသည် (မည်သည့် ကာဖိရ်ကိုမျှ လောင်ကျွမ်းခြင်းမရှိဘဲ) ကျွင်းကျန်စေမည်မဟုတ် သလို (မည်သည့်ကာဖိရ်ကိုမျှ သိမ်းသွင်းခြင်းမရှိဘဲ) စွန့်လွှတ်မည်လည်းမဟုတ်ပါ။
၀၇၄း ၂၉။ ယင်း ကစရ်ငရဲသည် လူသား၏အရေကို ကျွမ်းလောင်အံ့သော အရာဖြစ်၏။
၀၇၄း ၃၀ယင်းကစရ် ငရဲ၌ မလာအိကာ ၁၉ ပါးတို့ စောင့်ကြပ် နေကြအံ့။
၀၇၄း ၃၁။ စင်စစ် ငါအရှင်မြတ်သည် မလာအိကာဟ် များကိုသာ ငရဲစောင့်များအဖြစ် ခန့်အပ်ထားခဲ့၏။ ထို့အပြင် ငါအရှင်မြတ်သည် ထိုအစောင့်အကြပ်တို့၏ အရည်အတွက်ကို ကာဖိရ်တို့အတွက် စမ်းသပ်ဖို့အလို့ငှား ပြုလုပ်ထားတော်မူ၏။ နောက်ဆုံး ကျမ်းဂမ်ပေးသနားခြင်းခံရသူတို့သည် ပိုမို ယုံကြည်လာကြမည့်အပြင် မုမင်န် တို့သည် ပို၍ ယုံကြည်လာကြပေမည်။ ထို့အပြင် ကျမ်းရသူတို့သည်၎င်း မုမင်န်တို့သည်၎င်း သံသယဖြစ်ကြမည် မဟုတ်ပါ။ ထို့အပြင် စိတ်နှလုံးဝေဒနာရှိနေသူတို့သည်၎င်း ကာဖိရ်တို့သည်၎င်း ( ကောင်းကင်တမန်တို့၏ အရည်အတွက်ကို ဖေါ်ပြခြင်းဖြင့်) အရှင်မြတ်သည် မည်သည့်အရာကို ရည်စူးပါသနည်းဟု ပြောဆိုလာမည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ လမ်းမှာတွင်ရှိလိုသူတို့အား လမ်းမှားတွင်ရှိစေပြီး လမ်းမှန်တွင်ရှိလိုသူတို့အား လမ်းမှန်ကို ညွှန်ပြပေသည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် စစ်တပ်အရေအတွက်ကို မည်သူမျှ သိမည် မဟုတ်ပေ။ စင်စစ် ကစရ်ငရဲသက်ဆိုင်သည် အာယသ်တော်များသည် လူသားတို့အတွက် ဆုံးမသြ၀ါဒ သာလျှင် ဖြစ်ခြေသတည်း။
၀၇၄း ၃၂။ မှတ်ယူကြကုန်။ (ငါအရှင်မြတ်သည်) လကိုသက်သေထူတော်မူ၏။
၀၇၄း ၃၃။ ၄င်းအပြင် (ငါအရှင်မြတ်သည်) ညဥ့်ကို သက်သေထူတော်မူ၏။ အကြင်အခါ ညဥ့်သည် ဆုတ်ခွါလေသည်။
၀၇၄း ၃၄။ ထို့အပြင် (ငါအရှင်မြတ်သည်) နံနက်အချိန် ကို သက်သေထူတော်မူသည်။ အကြင်အခါဝယ် နံနက်အချိန်သည် လင်းလက်၍လာလေသည်။
၀၇၄း ၃၅။ ဧကန်မလွ ယင်း စကရ် သည် ကြောက်မက်ဖွယ်ကောင်းသော(ငရဲအထပ်များ) အနက် တစ်ခုဖြစ်၏။
၀၇၄း ၃၆။ ယင်းကစရ်သည် လူသားများ အလွန်ပင် နိုးဆော်လျှက်ရှိ၏။
၀၇၄း ၃၇။ အသင်တို့အနက် ရှေ့တိုးလိုသူ နောက်ဆုတ်လိုသူတို့အား သတိပေးလျှက်ရှိ၏။
၀၇၄း ၃၈။ လူတိုင်းသည် မိမိတို့ ရှာဖွေဆည်းပူးသမျှနှင့် စပ်လျှဉ်း၍ ချုပ်နှောင်းထားပြီးဖြစ်သည်။
၀၇၄း ၃၉။ သို့သော် လက်ယာဘက်သားတို့မှာမူကား။
၀၇၄း ၄၀။ ဥယျာဉ်များဝယ်ရှိကြပေမည်။ ၄င်းတို့သည် မေးမြန်းလျှက်ရှိကြမည်။
၀၇၄း ၄၁။ အပြစ်ရှိသူတို့နှင့် ပတ်သက်၍။
၀၇၄း ၄၂။ မည်သည့်အရာသည် အသင်တို့အား စကရ်ငရဲသို့ ဆောင်ကျဉ်းခဲ့သနည်း။
၀၇၄း ၄၃။ ၄င်းတို့က ဤသို့ပြောကြမည်။ မိမိတို့သည် ဆွလာသ် ၀တ်ပြုသူတို့တွင်လည်း ပါဝင်သည်မဟုတ်ပေ။
၀၇၄း ၄၄။ ၄င်းအပြင် မိမိတို့သည် သူဆင်းရဲတို့အား ကျွေးမွေးလေ့ရှိခဲ့ကြသည်လည်း မဟုတ်ပေ။
၀၇၄း ၄၅။ ထို့အပြင် မိမိတို့သည် အချည်းနှီး ပြုလုပ်သူတို့နှင့်အတူ အဓိပါယ်မဲ့အလုပ်များကိုသာ လုပ်နေခဲ့ကြသည်။
၀၇၄း ၄၆။ ထို့အပြင် မိမိတို့သည် အစားပေးမည့်နေ့ကိုလည်း ငြင်းပယ်ခဲ့ကြသည်။
၀၇၄း ၄၇။ အဆုံးဝယ် သေခြင်းတရားသည် မိမိတို့ထံ ဆိုက်ရောက်လာခဲ့လေပြီ။
၀၇၄း ၄၈။ သို့ဖြစ်၍ အသနားခံပေးမည့်သူတို့၏ အသနားခံမှုသည် ၄င်းတို့အတွက် အကျိုးပေးမည် မဟုတ်ပေ။
၀၇၄း ၄၉။ ၄င်းတို့သည် မည်သည့်အကြောင်းကြောင့် ဆုံးမသြ၀ါဒမှ မျက်နှာလွှဲခဲ့ကြသနည်း။
၀၇၄း ၅၀။ ၄င်းတို့မှာ အကြင် ထွက်ပြေးနေသော မြည်းသတ္တ၀ါများကဲ့သို့ ဖြစ်ကြ၏။
၀၇၄း ၅၁။ မြည်းသတ္တ၀ါတို့သည် ကျားသတ္တ၀ါတို့ရန်မှ ထွက်ပြေးလျှက်ရှိကြကုန်၏။
၀၇၄း ၅၂။ စင်စစ် လူတိုင်းသည် ဖွင့်ထားသောကျမ်းကို ချီးမြှင့်ပေးသနားခြင်းကို ခံလိုကြ၏။
၀၇၄း ၅၃။ သို့သော် ယင်းတို့သည် အလျှဉ်း ထိုသို့ပေးခံရမည်မဟုတ်ပေ။ စင်စစ် ၄င်းတို့သည် တမလွန်ကို စိုးရိမ် ကြောက်ရွံ့ကြသည်မဟုတ်ပေ။
၀၇၄း ၅၄။ မှတ်ယူကြကုန် စင်စစ် ကျမ်းမြတ်ကုရ်အာန်သည် ဆုံးမသြ၀ါဒပင်ဖြစ်၏။
၀၇၄း ၅၅။ သို့ဖြစ်၍ မည်သူမဆို အလိုရှိမူ ယင်းဆုံးမသြ၀ါဒကို ကျက်မှတ်တရားရယူရမည်။
၀၇၄း ၅၆။ စင်စစ် ၄င်းတို့သည် အလ္လာဟ်အရှင်အလိုရှိမှသာလျှင် လေ့ကျင့်ကျက်မှတ်နိုင်မည်။ ထိုအရှင်မြတ်သည်သာလျှင် ကြောက်ရွံ့ထိုက်သူ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တော်မူသည့်အရှင် ဖြစ်တော်မူသတည်း။
No comments:
Post a Comment