Wednesday, October 7, 2009

Surah 066 At Tahreem : Forbidden


၀၆၆။ စူရာ တဲဟ်ရီးမ်း တားမြစ်ခြင်း ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၁၂ အာယသ်တော်)


မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၆း ၁။ အိုနဗိတမန်တော် အသင်သည် အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသည့် အရာကို မိမိ၏ကြင်ရာတော်များ၏ နှစ်သက်မှုကို လိုသဖြင့် တားမြစ်ရပါသနည်း။ သို့သော်လည် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ဂရုဏာတော် ထားသောမူသောအရှင်ဖြစ်သည်။

၀၆၆း ၂။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ အသင်တို့၏ ကြိမ်ဆိုချက်များကို ဖြေနိုင်ရန် နည်းလမ်းသတ်မှတ်ထားခဲ့၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိသော မူသောအရှင်၊ အလွန်နက်နဲသော ဆင်ခြင်ထုံးတရားနှင့် ပြည့်စုံသောမူသောအရှင်ဖြစ်သည်။

၀၆၆း ၃။ တစ်ခါ နဗီတမန်တော်သည် မိမိ၏ ဇနီးတော်တစ်ပါးအား စကားတစ်ခွန်းကို လျှို့ဝှက်စွာ ပြောခဲ့သည်။ ထိုဇနီးတော်သည် အခြား (ဇနီးတော်တစ်ပါးအား) ယင်းစကားကို ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ၄င်းစကားကို တမန်တော်အား အသိပေးခဲ့ရာ တမန်တော်သည် အချို့ကို သိပြီး အချို့ကို လစ်လျှူရှု့ခဲ့၏။ တဖန် တမန်တော်သည် ၄င်းစကားကို ဇနီးတော်အား ပြန်ပြောခဲ့ရာ ၄င်းဇနီးတော်က ဤသတင်းကို အသင့်အား မည်သူက ပြောသနည်းဟု မေးရာ တမန်တော်က မိမိအား အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသော၊ ကြားတော်မူသော အရှင်မြတ်က အသိပေးခဲ့ သည်ဟု ပြန်ပြောကြားခဲ့လေသည်။

၀၆၆း ၄။ အကြင် ဇနီးတော် နှစ်ပါးတို့သည် အလ္လာဟ်အရှင်မြတ်ကို တောင်းပန်ခဲ့လျှင် ကောင်း၏။ အကြောင်းမှာ သူတို့နှစ်ဦး စိတ်နှလုံးမှ တမန်တော်မြတ် မနှစ်မြို့သည်ဘက်သို့ ယိမ်းလျှက်ရှိခဲ့၏။

၆၆း ။ ၅ အကယ်၍ တမန်တော်မြတ်သည် အသင်တို့အားကွာရှင်းခဲ့လျှင် ထိုတမန်တော်၏ ဖန်ဆင်း ရှင်သည် အသင်တို့အစား အသင်တို့ထက် ထွတ်မြတ်သော မွတ်စ်လင်မ် မိန်းမများ၊ မု့မင်န် မိန်းမများ၊ အမိန့်နာခံသောမိန်းမများ၊ ၀န်ချတောင်းပန်သောမိန်းမများ၊ သီလ ဆောက်တည်သော မိန်းမများ၊ အအိုများနှင့် အပျိုများကို ပေးအပ်တော်မူပေမည်။

၀၆၆း ၆။ အိုမု့မင်န် အပေါင်းတို့ အသင်တို့သည် မိမိတို့ကိုယ်ကို၎င်း၊ မိမိတို့ အိမ်သားများကို၎င်း၊ ငရဲမီးဘေးမှ လွတ်ကင်းကြအောင် ကြိုးပမ်းကြပါ။ ငရဲမီး၏ လောင်စာများသည် လူများနှင့် ကျောက်တုံးများဖြစ်သည်။ ယင်းငရဲမီး၌ ညှာတာမှုကင်းမဲ့သော၊ စိတ်ခက်ထန်သော၊ လွန်စွာ ကြံ့ခိုင်သော ကောင်းကင်တမန်များ စောင့်ကြပ်လျှက်ရှိ၏။ ၄င်းတို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ရှိသမျှကို မဖီဆန်ဘဲ အမိန့်ပေးသမျှကို ဆောင်ရွက်လေ့ရှိကြ၏။

၀၆၆း ၇။ အို ကာဖိရ်တို့ အသင်တို့သည် မည်သည့်အကြောင်းပြချက်ကိုမျှ မပြကြလေနှင့်။ အသင်တို့ သည် မိမိတို့ ပြုလုပ်ခဲ့သမျှနှင့် စပ်လျှဉ်း၍သာ အပြစ်ပေးခြင်းခံနေကြရခြင်းဖြစ်သည်။


၀၆၆း ၈။ အိုအီမာန် ယုံကြည်သူအပေါင်းတို့ အသင်တို့သည် စစ်မှန်သော ၀န်ချတောင်းပန်ခြင်းမျိုးဖြင့် သာ တောင်းပန်ကြပါ။ သို့ဖြင့် အသင်တို့၏ ဖန်ဆင်းရှင်သည် အသင်တို့၏ အပြစ်များကို ပပျောက်စေ မည့်အပြင် ချောင်းများ တသွင်သွင်စီးလျှက်ရှိသော ဥယျဉ်များအတွင်းသို့ ၀င်ရောက်စေမည်ဖြစ်သည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား၎င်း၊ ထိုတမန်တော်ကို အီမာန်ယူလာသူ များအား၎င်း အကျိုးယုတ်အောင် ဖြစ်စေမည်မဟုတ်ပါ။ ၄င်းတို့၏ အလင်းရောင်မှာ ၄င်းတို့၏ ရှေ့မှ၎င်း၊ လက်ယာဘက်ဝယ်၎င်း၊ ပြေးလျက်ရှိပေမည်။ ၄င်းတို့လျှောက်ထားမည်မှာ- အိုကျွန်တော် မျိုးတို့၏ ဖန်ဆင်းရှင် ကျွန်ုပ်တို့အလင်းရောင်ကို အဆုံးတိုင်အောင်ထားပေးပါ၊ ကျွန်ုပ်တို့အား ခွင့်လွှတ် တော်မူပါ၊ ဧကန်စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်နိုင်စွမ်းသော အရှင်ပင်ဖြစ်ပါသည်။

၀၆၆း ၉။ အို တမန်တော် အသင်သည် ကာဖိရ်တို့အား၎င်း၊ မုနာဖိက်တို့အား၎င်း၊ သက်စွန့်ကြိုးပမ်း တိုက်ခိုင်ပါလေ၊ ၄င်းတို့အား တင်းကျပ်ပါ၊ ၄င်းတို့၏ ခိုလှုံရာသည် ဂျဟန္နမ် ငရဲသာဖြစ်သည်။ စင်စစ် ယင်းငရဲမှာ လွန်စွာ ဆိုးရွားလှသော စခန်းဖြစ်သည်။


၀၆၆း ၁၀။ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်တို့၏ အကျိုးငှာ တမန်တော် နူဟ်နှင့် လူးသ်၏ ဇနီး ကြင်ယာတော်နှစ်ဦးအား ဥပမာအဖြစ် ခှိုင်းနှိုင်း မိန့်ကြားတော်မူ၏။ ထိုဇနီးသည် နှစ်ဦးသည် ငါအရှင်မြတ်၏ သူတော်စင်ကျွန်နှစ်ပါး၏ လက်အောက်တွင်ရှိခဲ့ကြ၏။ သူတို့နှစ်ဦးသည် ထို ကျွန်နှစ်ပါး ကို သစ္စာ မထားကြသဖြင့် ထိုကျွန်နှစ်ပါးသည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်လျှင် ထိုဇနိး နှစ်ပါးကို စိုးစဉ်းမျှ အကျိုးမပြုနိုင်ခဲ့ပါ။ ထို့အပြင် အသင်တို့နှစ်ဦးသည်လည်း အခြားသူများနည်းတူ ငရဲသို့ ၀င်ကြလော့ဟု မိန့်ခြင်းကို ခံခဲ့ကြရသည်။

၀၆၆း ၁၁။ ထိုနည်းတူစွာ မု့မင်န်များအဖို့ အကျိုးရှိအောင် ဖိရ်အောင်န်၏ ဇနီးကို ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားခဲ့သည်။ တစ်ခါ ဖိရ်အောင်န်၏ ဇနီးသည် ဤသို့လျှောက်ထားခဲ့၏။ အိုကျွန်မ၏ မွေးမြူ ဖန်ဆင်းရှင်- အရှင်မြတ်သည် ကျွန်မအတွက် ဂျန္နသ်အတွင်း နေစရာအိမ်တစ်လုံး ဆောက်ပေးတော် မူပါ။ ထို့အပြင် ဖိရ်အောင်န်နှင့် သူ၏လုပ်ရပ်များမှ၎င်း၊ မတရားသော အမျိုးများမှ၎င်း လွတ်မြောက်စေ တော်မူပါ။

၀၆၆း ၁၂။ ထိုနည်းတူစွာ အိမ်ရားန်၏ သမီး မရ်ယမ်အား ခိုင်းနှိုင်းတင်ပြခဲ့၏။ ထိုမရ်ယမ်သည် မိမိသိက္ခာကို စောင့်ထိန်းခဲ့ရာ၊ ငါအရှင်မြတ်သည် ၄င်းအတွင်းဝယ် မိမိ၏ ၀ိညါဉ်ကို မုတ်သွင်းခဲ့၏။ ထို့အပြင် မရ်ယမ်သည် မိမိဖန်ဆင်းရှင်၏ မိန့်ကြားချက်များကို၎င်း၊ ကျမ်းဂမ်များကို၎င်း ယုံကြည် ထောက်ခံခဲ့သည့်အပြင် အမိန့်တော်ကို နာခံသူများတွင် ပါဝင်ခဲ့လေသည်။


No comments: