၀၆၇။ စူရာ အလ် မုလ်က်း စိုးမိုးခြင်း ကဏ္ဍ
(မက္ကာမြို့တော်ကျ- ၃၀ အာယသ်တော်)
မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် အစပြုပါ၏။

၀၆၇း ၁။ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်ဝယ် အုပ်ချုပ်မှုရှိသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်နိုင်စွမ်းသော အရှင်ဖြစ်သည်။

၀၆၇း ၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ် သည်ကို စမ်းသပ်ရန်အလို့ငှာ သေခြင်းကို၎င်း ရှင်သန်ခြင်းကို ဖန်ဆင်းခဲ့သည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

၀၆၇း ၃။ အရှင်မြတ်သည် မိုးကောင်းကင် ခုနှစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းခဲ့၏။ (ရဟ်မာန်) ဂရုဏာတော်ရှင် ၏ ဖန်ဆင်းမှုဝယ် မဆီလျော်မှုဟူ၍ လုံးဝတွေ့မည်မဟုတ်ပါ။ အသင်သည် မျက်စိကို ပြန်မော့ကြည့်လော့၊ တစ်စုံတစ်ရာ အက်ကွဲမှုကို တွေ့မြင်ပါသလား။

၀၆၇း ၄။ ထို့နောက် အသင်သည် မျက်စိကို ပြန်၍ အကြိမ်ကြိမ် မော့ကြည့်လော့၊ အသင့်ထံ မျက်စိသာ အရှက် ရ၍ ညောင်းလျက် ပြန်လာမည်ဖြစ်သည်။

၀၆၇း ၅။ ထို့အပြင် ဧကန်အမှန် ငါအရှင်မြတ်သည် အနီးဆုံး မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်စွာ ဆင်ယင်ထားသည့်အပြင် ၄င်းတို့ကို ရှိုင်သွာန်တို့အား ပစ်ခတ်ရန် လက်နက်အဖြစ် ပြုလုပ်တော်မူခဲ့၏။ ၄င်းတို့ အဖို့ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့၏။

၀၆၇း ၆။ အသင်၏မွေးမြူဖန်ဆင်းရှင်ကို မယုံကြည်သောသူတို့အတွက် ဂျဟန္နမ်ငရဲ၏အပြစ်ဒဏ် ရှိချေမည်။ စင်စစ် ယင်းဂျဟန္နမ်ငရဲသည် အလွန်ဆိုးရွားလှသော စခန်းဖြစ်သည်။

၀၆၇း ၇။ ၄င်းတို့ကို ယင်းငရဲသို့ ပစ်ချခြင်းခံရသောအခါ ယင်းငရဲ၏ ဟိန်းသံကို ကြားကြရမည်။ ယင်းငရဲသည် ဆူပွက်လျက်ရှိမည်။

၀၆၇း ၈။ ယင်းငရဲသည် အမျက်ဒေါသကြောင့် ပေါက်ကွဲလုမတတ်ရှိမည်။ ယင်းငရဲသို့ အုပ်စုတစ်စုချင်းကို ပစ်ချတိုင်း ယင်းငရဲစောင့် ကောင်းကင်တမန်တို့က ၄င်းတို့အား အသင်တို့ထံ နိုးဆော်သူ တစ်ယောက်မျှ မလာခဲ့သလော ဟုမေးမြန်းကြပေမည်။

၀၆၇း ၉။ ထိုအခါ သူတို့က အဘယ်ကြောင့် မလာရမှာနည်း။ နိုးဆော်သူသည် ကျွန်ုပ်တို့ထံ စင်စစ် လာခဲ့သည်။ ကျွန်ုပ်တို့သည် ငြင်းပယ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကိုမျှ ချပေးခြင်းမရှိသည့်အပြင် အသင်တို့သည်သာ ကြီးမားသော လမ်းလွဲမူတွင် ရှိနေသည်ဟု ပြောဆိုခဲ့ကြောင်း ဖြေကြားပေမည်။

၀၆၇း ၁၀။ ထို့အပြင် သူတို့က မိမိတို့သည် နားထောင်ခဲ့ကြပါလျှင် (သို့) နားလည်ခဲ့ကြပါလျှင် ငရဲသားများ ဖြစ်မည်မဟုတ်ဟု ပြောဆိုကြပေမည်။

၀၆၇း ၁၁။ မည်သို့ပင်ဖြစ်စေ သူတို့သည် မိမိတို့၏ ပြစ်မှုကို ၀န်ခံကြပေမည်။ သို့တိုင်အောင် ငရဲသားတို့အဖို့ ဂရုဏာတော်သည် ကင်းဝေးနေမည်ဖြစ်သည်။

၀၆၇း ၁၂။ စင်စစ် မိမိဖန်ဆင်ရှင်ကို မမြင်ရဘဲ ကြောက်ရွံ့သောသူတို့အတွက် အပြစ်မှ ချမ်းသာမှုသည်၎င်း၊ ကြီးမားသော အကျိုးကျေးဇူးသည်၎င်း ရှိ၏။

၀၆၇း ၁၃။ ထို့အပြင် အသင်တို့သည် စကားကို လျှို့ဝှက်ကာပြောသည်ဖြစ်စေ၊ ကျယ်လောင်စွာ ပြေသည် ဖြစ်စေ၊ စင်စစ် ထိုအရှင်မြတ်သည် စိတ်အတွင်းရှိသည်တို့ကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်သည်။

၀၆၇း ၁၄။ ဖန်ဆင်းရှင်ဖြစ်သည့်အလျှောက် သိတော်မူသောအရှင်ပင် ဖြစ်သည်မဟုတ်ပါလား၊ စင်စစ် အရှင်မြတ်သည် သိမ်မွေ့သည့်အရာများကို သိတော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့သိသောအရှင် ဖြစ်သည်။

၀၆၇း ၁၅။ ထိုအရှင်မြတ်သည်ပင် အသင်တို့အတွက် ပထ၀ီမြေကို လက်အောက်ခံအဖြစ် ပြုလုပ်ပေးခဲ့သည်။ သို့ဖြစ်၍ အသင်တို့သည် ၄င်းမြေရှိ လမ်းများဝယ် လျှောက်လှမ်းကြကုန်၊ အရှင်မြတ်ပေးအပ်သည့် ရိက္ခာကို စားသောက်ကြကုန်၊ စင်စစ် အသင်တို့သည် ထိုအရှင်မြတ်ထံသို့ပင် ပြန်လည်ရောက်ရှိကြမည်ဖြစ်သည်။

၀၆၇း ၁၆။ မိုးကောင်းကင်ရှိ အသင်တို့၏ အရှင်မြတ်သည် အသင်တို့အား မြေမျိုစေမည်မဟုတ်ဟု စိုးရိမ်မှု ကင်းနေကြပါသလား၊ ထိုသို့ မြေမျိုသည့်အခါ မြေပြင်သည် တုန်လှုပ်နေမည်ဖြစ်သည်။

၀၆၇း ၁၇။ မိုးကောင်းကင်ရှိ အသင်တို့၏ အရှင်မြတ်သည် အသင်တို့အပေါ် ကျောက်စရစ်မိုး ရွာသွန်းမည် မဟုတ်ဟု စိုးရိမ်မှုကင်းနေပါသလား၊ သို့ဖြစ်လျှင် ငါအရှင်၏ နိုးဆော်မှု မည်သို့ဖြစ်သည်ကို သိရှိပေလိမ့်မည်။

၀၆၇း ၁၈။ စင်စစ် ၄င်းတို့အရှင် သိခဲ့ကြသော သူတို့သည်လည်း ငြင်းပယ်ခဲ့သူများဖြစ်ကြကုန်ြ၏။ သို့ဖြစ်၍ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိမည်နည်း။

၀၆၇း ၁၉။ ၄င်းတို့သည် မိမိတို့ထက်ဝယ် ငှက်များ တောင်ပံများကို ဖြန့်ကားခြင်း ရုပ်သိမ်းခြင်းကို ရှုမြင်ခဲ့သည် မဟုတ်ပါလား။ ယင်းငှက်တို့ကို ရဟ်မာန်း ခေါ် ဂရုဏာတော်အရှင်မှတစ်ပါး မည်သူမျှ ထိန်းသိမ်းထားသည် မဟုတ်ပါ။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသော အရှင်ဖြစ်သည်။

၀၆၇း ၂၀။ ရဟ်မာန်း ခေါ် ဂရုဏာတော်ရှင်မှတစ်ပါး အသင်တို့ကို မည်သူသည် စစ်မက်ဗိုလ်ပါအဖြစ် ကူညီသူ ရှိမည်နည်း။ စင်စစ် ကာဖိရ်တို့သည် ဖြားယောင်မှု၌ပင် ရှိနေပေသည်။

၀၆၇း ၂၁။ စင်စစ် ထိုအရှင်မြတ်သည် မိမိထံမှ ရိက္ခာကို ပိတ်ပင်ခဲလျှင် အသင်တို့အား မည်သူရိက္ခာ ပေးမည် နည်း။ စင်စစ် ထိုသူတို့သည် ဆိုသွမ်းမှုနှင့် စက်ဆုပ်ရွံ့ရှာမှုဝယ် စွဲမြဲစွာ ရှိကြကုန်၏။

၀၆၇း ၂၂။ မိမိမျက်နှာပေါ်ဝယ် မှောက်လျက်သွားသူသည် မှန်ကန်သူဖြစ်ပါသလား (သို့) ဖြောင့်သောလမ်းဝယ် မတ်မတ်သွားသူသည် ဖြောင့်မှန်သူဖြစ်ပါသလား။

၀၆၇း ၂၃။ အိုတမန်တော် အသင်ပြောပါ၊ အရှင်မြတ်သည်ပင် အသင်တို့ကို ဖန်ဆင်းသူဖြစ်သည်။ ထိုအရှင် သည်ပင် အသင်တို့ကိုနားများ မျက်စိအားနှင့် စိတ်နှလုံးများကို ပြုလုပ်ပေးသနားခဲ့၏။ သို့သော် အသင်တို့အတွင်းဝယ် လူနည်းစုကသာ ကျေးဇူးသိတတ်ကြ၏။

၀၆၇း ၂၄။ အိုတမန်တော် အသင်ပြောပါ၊ အရှင်မြတ်သည်ပင် အသင်တို့အား မြေပြင်ဝယ် ပြန့်ပွားစေသူဖြစ်ပြီး၊ အသင်တို့သည် ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်စုရုံးကြရပေမည်။

၀၆၇း ၂၅။ ထို့အပြင် အကယ်၍ အသင်တို့ မှန်ကန်သူဖြစ်လျှင် ပြောမည်မှာ- ဤချိန်းဆိုချက်သည် မည်သည့်အခါ ဖြစ်မည်နည်း။

၀၆၇း ၂၆။ အိုတမန်တော် အသင်ပြောပါ၊ချိန်းဆိုချက်နှင့် စပ်လျဉ်း၍ အလ္လာဟ်ထံတော်၌သာ အသိ ရှိ၏။ ငါသည် ထင်ရှားသော သတိပေးနိုးဆော်သူဖြစ်သည်။

၀၆၇း ၂၇။ စင်စစ် ၄င်းတို့သည် ယင်းကိယာမတ်နေ့ကို တွေ့မြင်လျှင် မျက်နှာများ ပျက်သွားမည်ဖြစ်သည်။ ထို့အပြင် ဤသည်ပင် အသင်တို့ တောင်းဆိုသည့်အရာဖြစ်သည်ဟု ပြောဆိုခြင်းခံရမည်ဖြစ်သည်။

၀၆၇း ၂၈။ အိုတမန်တော် အသင်ပြောပါ၊ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့အား၎င်း ငါနှင့်အတူ ရှိနေသူတို့အား၎င်း၊ ဖျက်စီးပစ်လျှင်၎င်း၊ သနားတော်မူလျှင်၎င်း၊ ကာဖိရ်တို့အား နာကျင်ဖွယ်ပြစ်ဒဏ်မှ မည်သူ ကာကွယ်စောင့်ရှောက်အံ့နည်းဆိုသည် ငါ့အားပြောပြကြလော့။

၀၆၇း ၂၉။ အိုတမန်တော် အသင်ပြောပါ၊ ငါတို့သည် ရဟ်မားန် ဂရုဏာတော်ရှင်ကိုသာလျှင် အီမာန်ယူလာပြီး ထိုအရှင်ပေါ်ဝယ် ယုံကြည်ကိုးစားကြကုန်၏။ အမှန် မည်သူသည် လမ်းမှန်ပေါ်ရှိသည်ကို အသင်တို့ မကြာမီ သိရှိပေလိမ့်မည်။

၀၆၇း ၃၀။ အိုတမန်တော် အသင်ပြောပါ၊ အကယ်၍ အသင်တို့ရေသည် မြေပြင်ဝယ် တိမ်မြုပ်သွာလျှင် မည်သူ သည် အသင်တို့ထံ ကြည်လင်သောရေကို ယူလာမည်နည်း။
No comments:
Post a Comment